Thursday, May 2, 2024

စစ်ပွဲကြားက တရုတ်၏ နယ်စပ်ကုန်သွယ်ရေး အိပ်မက် အလုပ်ဖြစ်နိုင်လား

Must read

“စစ်ပွဲ ယာယီ ရပ်စဲရေး” လက်မှတ်ထိုးခဲ့ပြီ ဖြစ်သည်။ သို့သော် မြေပြင်တွင်မူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ရာ စစ်ပွဲ ယာယီ ရပ်တန့်ပြီး နယ်စပ်ကုန်သွယ်ရေး ပြန်စလိုသည့် တရုတ်၏ အိပ်မက် လက်တွေ့ကျ မကျမှာ မေးခွန်းထုတ်ဖွယ် ဖြစ်လာသည်။

၁၀၅မိုင် နယ်စပ်ကုန်သွယ်ရေး

သျှမ်းမြောက် စစ်ပွဲများ အရှိန်ပြင်းထန်နေပြီး အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်- ရမခ တည်ရှိရာ လားရှိုးမြို့ မဟာဗျူဟာမြောက် ဝိုင်းပတ်ခံထားရစဉ် ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်တွင် ပြုလုပ်သည့် တတိယ အကြိမ် ကူမင်း ဆွေး‌နွေးပွဲ၌ စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ ယာယီ စစ်ရပ်စဲရန် သဘောတူခဲ့ပြီ ဖြစ်သည်။

သို့သော် စစ်ရပ်စဲရေး သဘောတူခဲ့သည့် နေ့နှင့် နောက်တနေ့ဖြစ်သည့် ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်း အထိ လားရှိုးမြို့အနီး တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ပြီး စစ်ကောင်စီတပ်က အစဉ်အလာမပျက် လက်နက်ကြီးနှင့် ပစ်ခတ်ကာ လေကြောင်းက ဗုံးကြဲနေသည်ဟု TNLA တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယနေ့ မနက်ပိုင်းတွင်လည်း ကျောက်မဲမြို့၊ ငြိမ်းချမ်းရေးကုန်းကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ၀င်ရောက်တိုက်ခိုက်ခဲ့သဖြင့် ဆုတ်ခွာပေးခဲ့ရသည်ဟု TNLA က ယနေ့ ထပ်မံ ထုတ်ပြန်သည်။

သို့ဖြစ်ရာ အပစ်အခတ် ရပ်စဲရေး၏ ကနဦးတွင်ပင် သဘောတူညီချက် ကျိုးပေါက်နေသည်ဟု ဆိုရမည်။

စစ်ရပ်စဲရေးနှင့် တရုတ်နိုင်ငံ

သျှမ်းမြောက် စစ်ပွဲ ရက်ပေါင်း ၇၀ ကျော်အတွင်း ၃ ကြိမ် ပြုလုပ်ခဲ့သည့် ကူမင်း ဆွေး‌‌နွေးပွဲများတွင် အထင်အရှား မြင်ရသည့် တရုတ်၏ လိုအင်မှာ မန္တလေး-မူဆယ် လမ်းမကြီး ပြန်ဖွင့်နိုင်ရေးနှင့် နယ်စပ် ကုန်သွယ်ရေး အမြန်ဆုံး ပြန်စနိုင်ရန် ဖြစ်သည်။

ကုန်သွယ်ရေးလမ်း

တစ်နှစ် ဒေါ်လာ ဘီလီယံ ဆယ်ချီ ကုန်သွယ်ရေး လမ်းကြောင်း အမြန် ပြန်ဖွင့်ရန် ယူနန်ပြည်နယ် ကုန်သည်ကြီးများ အသင်းက ယူနန်ပြည်နယ် အစိုးရကို ဖိအားပေးနေသည်ဟု သတင်းရင်းမြစ်က ဆိုသည်။

သို့သော် ကုန်သွယ်ရေး လမ်းကြောင်း ပြန်ဖွင့်ရန်မှာ စစ်ပွဲနှင့်တကွ နယ်မြေထိမ်းချုပ်မှုများနှင့် တိုက်ရိုက် သက်ဆိုင်နေသည်ဖြစ်ရာ ရှုပ်ထွေးလှသည်ဟု ဆိုရမည်။

ထို့အတူ သျှမ်းမြောက် တခုလုံး ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်မည်ကို တရုတ် အနေဖြင့် မလိုလားဟု သတင်းရင်းမြစ်က ဆိုသည်။ တရုတ် အနေဖြင့် သျှမ်းမြောက်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်များ၏ အင်အားနှင့် နယ်မြေ ထိမ်းချုပ်မှုကို ထိန်းညှိပြီး နှစ်ဖက်စလုံးကို လိုသလို ဖိအားပေးရန် ရည်ရွယ်ပုံရသည်။

သတင်းရင်းမြစ်၏ အဆိုအရ စစ်ရပ်စဲရေး သ‌ဘောမတူပါက ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ် အားလုံး အလုံးစုံ ပိတ်ပစ်မည်ဖြစ်ပြီး သွယ်၀ိုက် ပံ့ပိုးမှုအားလုံး ရပ်ဆိုင်းကာ စစ်ကောင်စီကို အလုံးစုံ ထောက်ခံမည် ဆိုသည်အထိ ဖိအားပေးခဲ့သည် ဖြစ်ရာ ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ရေး တရုတ်၏ ဆန္ဒသည် မြင်သာလှသည်။

မန္တလေး-မူဆယ်လမ်း ပြန်ဖွင့်နိုင်မလား

စစ်မြေပြင် အနေအထားအရ ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်နေ့တွင် ကွတ်ခိုင်နှင့် သိန္နီကို ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်ထားပြီး နမ့်ဖက်ကာကို KIA က တိုက်ခိုက်နေသည်ဖြစ်ရာ မူဆယ်မြို့သည် အထီးကျန်ပြီး အချိန်မရွေး တိုက်ခိုက်ခံရမည့် အနေအထား ဖြစ်သည်။

ဆိုလိုသည်မှာ မန္တလေး-မူဆယ် လမ်းမကြီး၏ ကွတ်ခိုင်-မူဆယ် လမ်းပိုင်းကို တော်လှန်ရေးတပ်များက ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ထားပြီး စစ်ကောင်စီ အနေဖြင့်မူ ပြင်ဦးလွင်-လားရှိုး လမ်းမကြီးကိုပင် ထိန်းချုပ်နိုင်သည့် အခြေအနေ ရှိမနေပေ။

သို့ဖြစ်ရာ ကုန်သွယ်ရေးလမ်း ပြန်ဖွင့်နိုင်ရေး မလွဲမရှာင်သာ အပေးအယူ လုပ်ရမည်ဆိုပါက ညီနောင်မဟာမိတ်တပ်များ အနေဖြင့် ကျောက်မဲ၊ သီပေါ၊ နောင်ချို တဝိုက်ရှိ တပ်များ နောက်ဆုတ်ရမည်ဖြစ်ပြီး စစ်ကောင်စီ အနေဖြင့် လားရှိုးနှင့် ကွတ်ခိုင်ကြား ၂ ဖက် စစ်ဆေးရေးဂိတ် ဖွင့်ခွင့်ပြုရမည် ဖြစ်သည်။

သို့ဆိုလျှင် နှစ်ဆင့်ခံ ကုန်သွယ်ရေး အခင်းအကျင်းသစ် တရပ် ပေါ်ပေါက်လာမည် ဖြစ်သည်။ သို့သော် မူဆယ်ကို မည်သူ ထိန်းချုပ်မည် ဆိုသည့် ပြဿနာကား ကျန်ရှိနေဆဲ ဖြစ်သည်။

ကူမင်း ဆွေး‌‌‌‌နွေးပွဲများကို ဆန်းစစ်ခြင်း

သျှမ်းမြောက် စစ်ပွဲနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် မဟာမိတ်ညီနောင် သုံးဖွဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကူမင်းမြို့တွင် ပထမ အကြိမ် ဆွေး‌နွေးရာ ယာယီ စစ်ရပ်စဲခဲ့သော်လည်း လောက်ကိုင်ဒေသကို စစ်ကောင်စီတပ် လေကြောင်းမှ စစ်ကူပေးပို့မှုနှင့် ဗုံးကြဲမှုများကြောင့် တစ်ပတ်ခန့် အကြာ ဒီဇင်ဘာ ၁၈ ရက်မှ စတင်ကာ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည်။

သို့သော် စစ်ရပ်စဲထားသည့် ရက်ပိုင်းအတွင်း ကိုးကန့်တပ် အနေဖြင့် လောက်ကိုင်မြို့ အတွင်း စိမ့်၀င်ခဲ့သည်သာ ဖြစ်သည်။

ဒုတိယ အကြိမ် ကူမင်း ဆွေး‌နွေးပွဲကို ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၂၄ ရက်အထိ ‌၃ ရက်ကြာ ပြုလုပ်ခဲ့ရာ စစ်ကောင်စီ ကိုယ်စားလှယ်က တော်လှန်ရေးတပ်များ တိုက်ခိုက် သိမ်းပိုက်ထားသည့် နယ်များကို ပစ်ခတ် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်မှ အပ ရလဒ် တစုံတရာ မထွက်ခဲ့ပေ။

သို့သော် ဇန်နဝါရီလ ၅ ရက်နေ့တွင်မူ လောက်ကိုင် ဒစက ဗိုလ်မှူးချုပ် ၆ ဦး ဦးဆောင်သည့် အစုလိုက် အပြုံလိုက် လက်နက်ချခဲ့ပြီး ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်တွင် ကွတ်ခိုင်ဗျူဟာ လက်နက်ချမှုနှင့် အတူ စစ်ရေးအရ အရေးပါသည့် သိန္နီနှင့် ကွတ်ခိုင်မြို့ကို ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက် နိုင်ခဲ့သည်။

ထူးခြားသည်မှာ လောက်ကိုင် လက်နက်ချပွဲသည် တရုတ်၏ ကြား၀င်စေ့စပ်မှုဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်ပြီး ဧကပေါင်းရာချီ ကျယ်၀န်းသည့် ဒစကတပ် အတွင်း စစ်သည်နှင့် မိသားစု၀င် ၄၀၀၀ ကျော် ချေမှုန်းခံရမည့် အခြေအနေတွင် လက်နက်ချပါက ဘေးမသီ ရန်မခ ပြန်ပို့မည် ဆိုသည့် အချက်ကို တရုတ်က အာမခံပေးခဲ့သည်ဟု တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်က အတည်ပြုသည်။

လက်ရှိ မူဆယ်မြို့ အနေထားသည် လောက်ကိုင်မြို့ ကဲ့သို့ ပိတ်ဆို့ ခံထားရသည့် အခြေအနေ ဖြစ်သည်။ ထို့အတူ မူဆယ်တွင် စစ်ဖြစ်ပွားရန် တရုတ်က ဆန္ဒမရှိဟု သတင်းရင်းမြစ်က ဆိုသည်။

သို့ဖြစ်ရာ ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်ဖွင့်နိုင်ရေး တရုတ်၏ ညှိနှိုင်းမှုဖြင့် မူဆယ်နှင့် နမ့်ဖက်ကာ စစ်ကောင်စီတပ် လက်နက်ချမှုများ ပေါ်ပေါက်လာမည်လား ဆိုသည်မှာ စိတ်၀င်စားဖွယ် ဖြစ်သည်။

ယင်းအခြေအနေ ဖြစ်လာပါက “ဝ”ဒေသမှသည် ကိုးကန့်ဒေသ အထိ နယ်စပ်တလျှောက် နယ်မြေ တဆက်တစပ်ထဲ ဖြစ်သွားမည့် ညီနောင်မဟာမိတ်တပ်များ အတွက် များစွာ အကျိုးရှိစေမည် ဖြစ်သည်။

ထို့အတူ အပစ်အခတ် ရပ်စဲရေးသည် ရေရှည် ခိုင်မြဲမည် ဆိုပါက သိမ်းပိုက်ထားသည့် နယ်မြေများသည် ညီနောင်မဟာမိတ်တပ်များ၏ နယ်မြေအဖြစ် စစ်ကောင်စီက သွယ်ဝိုက် အသိအမှတ်ပြုလိုက်ပြီဟု ဆိုရမည်သာ။

သို့သော် မာန်မာနကြီးလှသော စစ်ဗိုလ်ချုပ်များသည် ယင်းအခြေအနေကို လက်ခံမည် မဟုတ်ပါဘဲ အင်အားစုစည်းပြီးနောက် စစ်ပြန်တိုက်မည်သာ ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေး ရေရှည်အလုပ်ဖြစ်မလား

ကူမင်း ဆွေး‌နွေးပွဲ သဘောတူညီချက်သည် ဇန်နဝါရီလ ၁၁ ရက် ည ၉ နာရီတွင် အသက်၀င်သော်လည်း ဇန်နဝါရီ ၁၂ နှင့် ယနေ့ ဇန်နဝါရီ ၁၃ တွင် စစ်ကောင်စီတပ်သည် အပစ်ရပ် သဘောတူညီချက်ကို ချိုးဖောက်ကာ ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။

ထို့အပြင် အပစ်အခတ် ရပ်စဲရေးသည် သျှမ်းမြောက်ဒေသတွင် ညီနောင် မဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့နှင့် စစ်ကောင်စီတပ် အပစ်အခတ် ရပ်စဲခြင်းသာ ဖြစ်သည်။

လက်ရှိ နမ့်ဖက်ကာကို တိုက်ခိုက်နေသည့် KIA နှင့် အကျုံးမ၀င် သကဲ့သို့ PDF ၊ BPLA ၊ KNDF စသည့် တပ်ဖွဲ့များ အကျုံးမ၀င်ပေ။ ထို့အပြင် ပြင်ဦးလွင်နှင့် မိုးကုတ်ကဲ့သို့ မန္တလေးတိုင်း အတွင်း သွတ်သွင်းခံရသည့် နယ်မြေများ အကျုံးမ၀င်ပေ။ သို့ဖြစ်ရာ ရေရှည် အာမခံချက် မရှိသည့် အပစ်အခတ် ရပ်စဲရေးသာ ဖြစ်လာဖွယ်ရှိသည်။

စစ်ကောင်စီ ဘာဆက်လုပ်မလဲ

ရှက်ဖွယ်လိလိ ဖြစ်သည့် လောက်ကိုင် လက်နက်ချမှုကြီးနှင့် အတူ လားရှိုးမြို့ ဝိုင်းရံ ခံထားရသည် ဖြစ်ရာ စစ်ဗိုလ်ချုပ်များ အနေဖြင့် ရွေးချယ်စရာ များများစားစား ရှိမည် မဟုတ်ပေ။ အပစ်အခတ် ရပ်စဲရေး လုပ်နိုင်ခဲ့သည်ပင်လျှင် ၄င်းတို့အတွက် ဆုလဒ် အဖြစ် ယူဆနိုင်သည်။

သို့ဆိုလျှင် ကုန်သွယ်ရေး လမ်းကြောင်း ပြန်ဖွင့်နိုင်ရေး တရုတ်၏ စီမံခန့်ခွဲမှုကို လက်သင့်ခံခြင်းဖြင့် ကျေးဇူးဆပ်ရမည်သာ ဖြစ်သည်။

သို့သော် ကောက်ကျစ်လှသည့် စစ်ခေါင်းဆောင်သည် စစ်ရပ်စဲရေး သဘောတူညီမှုရသည့် ဇန်နဝါရီလ ၁၁ ရက် ညပိုင်းကစပြီး လားရှိုးရှိ လက်နက်ချ စစ်သားများကို ပြန်ပို့ကာ တိုက်ခိုက်ရေးတပ် အသစ်များ အစားထိုးမှု လေကြောင်းအသုံးပြု လုပ်ဆောင်နေပြီဟု တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။

စစ်မျက်နှာတစ်ခုလုံးတွင် အထွေထွေ ကျဆုံးနေစဉ် စစ်ရပ်စဲရသည်ဖြစ်ရာ စစ်ကောင်စီတပ် အနားရသကဲ့သို့ ဖြစ်ပြီး တပ်များပြန်လည်စုဖွဲ့ တန်ပြန်ထိုးစစ်ဆင်ရန် ကြိုးစားမည်မှာ အမှန်ပင် ဖြစ်သည်။

သို့ဖြစ်ရာ လပိုင်းမျှ စစ်ရပ်စဲပြီးနောက် ပြန်လည် ဖြစ်ပွားမည့် စစ်ပွဲသည် ပိုမိုပြင်းထန်မည့် အခြေအနေကို တွန်းပို့နေသည်ဟု ဆိုရမည်။

‌ပြည်မ တော်လှန်ရေးကို ရိုက်ခတ်မလား

“၁၀၂၇ စစ်ဆင်ရေး” စတင်စဉ် ကတည်းက နိုင်ငံတဝှမ်း ဟန်ချက်ညီ တော်လှန်ရန် ညီနောင်မဟာမိတ် ခေါင်းဆောင်များ မကြာခဏ ဆော်သြခဲ့သည်ကို တွေ့ရမည်။ ၄င်းတို့ အနေဖြင့် တရုတ်၏ ကြား၀င်မှုကို ကြိုတင် တွက်ဆ၍ ယင်းသို့ ဆော်သြခဲ့ခြင်း ဖြစ်သည်။

သို့သော် ကရင်နီပြည်နယ်၊ ရခိုင်နှင့် KIA ထိန်းချုပ်ဒေသများတွင်သာ အကြီးစား စစ်ဆင်ရေးများ ပေါ်ပေါက်လာပြီး NUG ၏ PDF အားကောင်းရာ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွင်မူ ထိရောက်သည့် တိုက်ပွဲများ ဖော်ဆောင်နိုင်ခြင်း မရှိသည်သာမက PDF အချင်းချင်း ဖြစ်ပွားသည့် ပြဿနာများဖြင့်သာ လုံးချာလည်နေသည်ဟု ဆိုရမည်။

စစ်ကောင်စီ အနေဖြင့်မူ ထောင်နှင့်ချီသည့် သျှမ်းမြောက် လက်နက်ချ စစ်သားများ၏ စိတ်ဓာတ်ရေးရာ ပြဿနာ ကုစားနိုင်ရေး အားပျော့နေသည့် အလယ်ပိုင်းဒေသရှိ PDF များကို တိုက်ခိုက်ရန် စေလွှတ်မည်သာ ဖြစ်သည်။

သို့ဖြစ်ရာ မြေပြန့်လွင်ပြင် ဒေသတွင် အင်အား တစ်ရာပင်မပြည့်သည့် စစ်ကောင်စီတပ် စစ်ကြောင်းများကိုပင် ထိထိရောက်ရောက် ခြေမှုန်းနိုင်ခြင်း မရှိသည့် PDF များ ပိုမို အခြေပျက်လာမည်ဖြစ်ပြီး ယင်းအခြေအနေကို အဖတ်ဆယ်နိုင်ရေး NUG အနေဖြင့် ကြိုးစားရမည် ဖြစ်သည်။

အိပ်ပျော်နေသည့် သျှမ်းမင်းသားများ

သျှမ်းမြောက် “၁၀၂၇ စစ်ဆင်ရေး” နှစ်လကျော် ကာလအတွင်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး နှင့် မြေမြုပ်မိုင်းများကြောင့် အနည်းဆုံး အရပ်သား ပြည် ၁၅၈ ဦးသေဆုံးခဲ့ပြီး ရာပေါင်းများစွာသော ပြည်သူပိုင် အိုးအိမ်များ ပျက်စီးခဲ့ပြီး ဖြစ်သည်။ ထောင်ပေါင်းများစွာသော ဒေသခံ ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြးခဲ့ရသည်။

ယင်းသို့ သျှမ်းပြည်တွင် ပြည်သူများ၏ ပေးဆပ်မှု ကြီးမားလှသည့် စစ်ပွဲ ဖြစ်ပေါ်နေသော်လည်း သျှမ်းတော်လှန်ရေးတပ်များသည် ခပ်မဆိတ်သာ ဖြစ်သည်။

ယခုကဲ့သို့ တရုတ်၏ ဖိအားကြောင့် ညီနောင်မဟာမိတ်တပ်များ စစ်ရပ်ပါက သျှမ်းတော်လှန်ရေးတပ်များ အနေဖြင့် မန္တလေး-မူဆယ် လမ်းမကြီးကို မတို့မထိပါဘဲ ကျန်‌ဒေသများကို တိုက်ခိုက်ပါမူ စစ်ကောင်စီတပ် အနေဖြင့် ပြန်လည်စုဖွဲ့ချိန် မရဘဲ တော်လှန်ရေးအတွက် များစွာ အထောက်အကူပြုမည် ဖြစ်သည်။

ထို့အတူ သျှမ်းတို့၏ နိုင်ငံရေး ဦးဆောင်မှုကို အဖတ်ဆယ်နိုင်မည်ဖြစ်ပြီး အနာဂတ်တွင် ပေါ်ပေါက်လာမည့် လူမျိုးစု အချင်းအချင်း နယ်မြေ အငြင်းပွားမှုများအား များစွာ လျှော့ချနိုင်မည် ဖြစ်သည်။

သို့သော် သျှမ်းမင်းသားတို့သည်ကား ပွဲထွက်မလာသေးဘဲ အိပ်မက်ကမ္ဘာ အတွင်းမှ နိုးထလာခြင်း မရှိသေးပေ တကား။

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် ယူဆချက်များသည် စာရေးသူ၏ အာဘော်သာ ဖြစ်သည်)

Leave a Comments

- Advertisement -spot_img

Latest article