သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (မေလ ၁ ရက်) နေ့လယ် ၁၂ နာရီခွဲခန့်တွင် တန့်ယန်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ရုတ်တရက် မိုးရွာချပြီး လေပြင်းတိုက်ခတ်မှုကြောင့် တန့်ယန်းမြို့ပေါ် ရပ်ကွက်(၄၊ ၅၊ ၆၊ ၉) တို့နှင့် ဝိန်းမိုင်ကျေးရွာအုပ်စုတို့တွင် ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၅၀ ကျော် ထိခိုက်ပျက်စီးသွားကြောင်း တန့်ယန်းဒေသခံများက ပြောသည်။
“နေပူတုန်း ရုတ်တရက် လေကြီးမိုးကြီးလာတော့ ဘာမှမလုပ်လိုက်ရဘူး။ တန့်ယန်းအရှေ့ဘက် ဝိန်းမိုင်ဘုန်းကြီးကျောင်းဆိုရင် အမိုးတွေ လှန်ကုန်တယ်။ မြို့ထဲကတော့ အောင်မင်္ဂလာကျောင်းနားမှာ ညောင်ကိုင်းက လူနေအိမ်ပေါ် ကျိုးကျတာ၊ လူတော့ မထိဘူး။ တစ်နယ်လုံးဆိုရင်တော့ အိမ်အလုံး ၅၀ ကျော် ပျက်စီးသွားတယ်”ဟု တန့်ယန်းမြို့မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
တန့်ယန်းမြို့တွင် မိုးသက်လေပြင်း ကျရောက်မှုကြောင့် ရပ်ကွက် (၄၊ ၆၊ ၉)တို့တွင် လူနေအိမ်အများစု ခေါင်မိုးလှန်၍ သွပ်မိုးများ လွှင့်စင်သွားခဲ့ကာ လျှပ်စစ်မီးကြိုးများပေါ် သစ်ပင်သစ်ကိုင်း ကျိုးကျမှုကြောင့် ပြတ်တောက်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“အိမ်ခေါင်မိုးတွေ လှန်ကုန်တာပေါ့။ ရပ်ကွက်(၉) က ကားအရောင်းဆိုင်လည်း ခေါင်မိုးပြိုကျပြီး ကားပေါ် ပိမိတယ်။ အိုအေစစ် ရေကစားတဲ့နေရာလည်း ဝန်ထမ်းတွေနေတဲ့ တန်းလျားတွေ ပျက်ကုန်တယ်။ လျှပ်စီးလက်ပြီးတော့ မိုးနဲ့လေနဲ့ဆိုတော့ တဲအိမ်လေးတွေ လွင့်ကုန်တာ။ အခုတော့ ကိုယ်ထူကိုယ်ထ ပြန်ပြင်ကြရတာပေါ့”ဟု တန့်ယန်းမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။
အလားတူ ဧပြီလ ၂၉ ရက် ညနေပိုင်းအချိန်ကလည်း တန့်ယန်းမြို့နယ် နားဟျန်းကျေးရွာတွင် အသက် ၂၂ နှစ်အရွယ်ရှိ နန်းညို ဆိုသူ အမျိုးသမီးသည် လမ်းလျှောက်လာစဉ် ညောင်ကိုင်းကျိုးကျ ပိမိ၍ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း တန့်ယန်းဒေသခံများထံမှ သိရသည်။