Fact-Checking Methodology

SHAN News အချက်အလက် စစ်ဆေးနည်း

SHAN News အချက်အလက် စစ်ဆေးသည့် အဖွဲ့အနေဖြင့် အချက်အလက် စစ်ဆေးခြင်းဆိုင်ရာ နည်းစနစ်များကို သတ်မှတ်ထားပြီး ယင်းနည်းစနစ်များနှင့်အညီ အချက်အလက် စစ်ဆေးမှုများ လုပ်ဆောင်ပါသည်။ 

အချက်အလက် စစ်ဆေးမှုအတွက် ရွေးချယ်ခြင်း 

အချက်အလက် စစ်ဆေးမှုပြုလုပ်ရန်အတွက် သတင်းအယ်ဒီတာအဖွဲ့ နှင့် သတင်းစစ်ဆေးသူ ရွေးချယ်ထားသလို သျှမ်းသံတော်ဆင့်စာဖတ်ပရိသတ် တောင်းဆိုသည့်အပေါ် စစ်ဆေးမှုများပြုလုပ်သည်။

စံသတ်မှတ်ချက် – အချက်အလက် စစ်ဆေးရန် သင့်၊မသင့် ဆိုသည်မှာ အောက်ပါသတ်မှတ်ထားသည့် စံများဖြင့် တိုင်းတာပြီး ဆုံးဖြတ်ရမည်။

– စစ်ဆေးရန် လိုအပ်သည့် နိုင်ငံရေး၊ စစ်ရေး၊ သမိုင်း၊ မူဝါဒ၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ဖြင့် သတင်းစကားများ ပျံ့နှံ့မှု အခြေအနေနှင့် ပျံ့နှံ့သည့်နေရာ (လူမှုကွန်ရက်စာမျက်နှာများ၊ ဒေခံများအကြား …)

– အစိုးရ၊ အုပ်ချုပ်သူများ ထုတ်ပြန်ချက်( အထူးသဖြင့် ပြည်သူနဲ့သက်ဆိုင်သော ကိစ္စရပ်များ)

– နာမည်ကျော် ပုဂ္ဂလိုလ်များ၏ မှတ်ချက်များ၊ စကားရပ်များ

– နိုင်ငံရေးဘက်လိုက်မှု၊ တဖက်စောင်း အားပေး၊ အားမြှောက်မှု မဖြစ်စေရန်

– မှားယွင်းနေသည့် ဓလေ့ ထုံးတမ်းများဆိုင်ရာ အချက်အလက်များ

အချက်အလက် စစ်ဆေးရာတွင် အများပြည်သူ ထင်ရောင်ထင်မှားဖြစ်စေသည့် အချက်အလက်များ၊ အယူအဆမှားယွင်းမှု ဖြစ်စေသည့် လုပ်ဆောင်ချက်များရှိပါက အချက်အလက် ဆန်းစစ်ရန်အတွက် ထည့်သွင်း စဥ်းစားရမည်။

အဆင့်သတ်မှတ်ခြင်း

အချက်အလက်ဆန်းစစ်မည့် အကြောင်းအရာများကို အောက်ပါအတိုင်း အဆင့်သတ်မှတ်နိုင်သည်။

-မှန်ကန်သည်။

-မှားယွင်းသည်။

-အထင်မှားသည်။

-ဝါဒဖြန့်သည်။ 

-Unverified (အချက်အလက် -စစ်ဆေး၍မရနိုင်)

အတည်ပြုခြင်း

စံသတ်မှတ်ချက်များအရ စစ်ဆေးရန် လိုအပ်သော သတင်း၊ စကား၊ ဖြစ်ရပ်များကို သတင်းအယ်ဒီတာ အဖွဲ့နှင့် ထပ်မံစိစစ်ဆုံးဖြတ်ရမည်။

အချက်အလက်များ စစ်ဆေးလျှင် သက်ဆိုင်ရာအကြောင်းအရာနှင့် ပတ်သက်၍ တရားဝင်သတင်းထုတ်ပြန် ချက်များ၊ မိန့်ခွန်းများ၊ ဗီဒီယိုများ၊ ပြန်ကြားရေး ပုဂ္ဂိုလ်ထံများ၊ အချက်အလက်စစ်ဆေးနိုင်သည့် နည်းပညာရပ်များ (Tools)  များ၊ ဆိုရှယ်မီဒီယာတွင် ဖော်ပြထားချက်များ စသဖြင့် အတည်ပြုသည်။

သုတေသနနှင့် အချက်အလက် စစ်ဆေးခြင်း 

– အချက်အလက် စစ်ဆေးသော သတင်း၊ဆောင်းပါး တွင် မူလအရင်းအမြစ်များကို ပူးတွဲဖော်ပြရမည်။

– အချက်အလက်တွေ မသေချာပါက ယင်းမူလ အရင်းအမြစ်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ကိုသေချာ ဆက်သွယ်မေးမြန်းရမည်။

– မဖြေဆိုတာ၊ ငြင်းပယ်တယ်ဆိုပါက ထည့်သွင်းဖော်ပြရမည်။

တရားဝင်သတင်းရင်းမြစ်များမှ သက်ဆိုင်ရာ ဒေတာ၊ အချက်အလက်များကိုလည်း အချက်အလက် စစ်ဆေးထားသော သတင်း၊ ဆောင်းပါးတွင် ဟိုက်ပါလင့်ခ်ဖြင့် ချိတ်ဆက်ဖော်ပြရမည်။

အမှားပြင်ဆင်ခြင်းမူဝါဒ

ဖော်ပြလိုက်သည့် အချက်အလက် စစ်ဆေးထားသော အကြောင်းအရာများ အငြင်းပွားဖွယ်၊ မှားယွင်းဖော်ပြမှုများဖြစ်ပေါ်ပါက အခြေအနေ မှန်ကို ပြန်လည်ဆန်းစစ်ပြီး ထင်ရှားစွာ ထပ်မံ ပြင်ဆင် ဖော်ပြပေးရမည်။ စာဖတ်ပရိသတ်နှင့် နစ်နာသူများက အမှားထောက်ပြနိုင်ရန်အတွက် ဆက်သွယ်ပြောဆိုခွင့် ပြုရမည်။