မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို ယုံစားမိသည့် ပင်လောင်းမြို့နယ်မှ မိန်းကလေး ၁၄ ဦး လူကုန်ကူးခံရကြောင်း သတင်းရရှိသည်။
အဆိုပါ လူကုန်ကူးခံရသည့် မိန်းကလေးများသည် အသက် ၁၈ နှစ်မှ အသက် ၂၅ နှစ်အရွယ်ရှိကြသည်။
ပြီးခဲ့သည့် မတ်လအတွင်း ပင်လောင်းမြို့နယ် တောင်လေးကျေးရွာမှ မိန်းကလေးများသည် အွန်လိုင်းမှတစ်ဆင့် အလုပ်ရှာဖွေရင်း ပွဲစားများနှင့် ချိတ်ဆက်မိခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ ပင်လောင်းမြို့ခံ ကိုစိုး (အမည်လွှဲ) က သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။
“သူတို့ကို လာကြိုတုန်းက အလုပ်ကောင်းကောင်း ရမယ်ဆိုပြီး ပြောတာ။ ဘာအလုပ်လဲ ဆိုတာတော့ မပြောဘူး” ဟု ၎င်းကဆိုသည်။
ထို့နောက် ၎င်းပွဲစားအမျိုးသမီးတစ်ဦးသည် လားရှိုးမြို့မှ သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်လေးကျေးရွာသို့ ရောက်ရှိလာပြီး အလုပ်အကိုင်အကြောင်းကို ရှင်းလင်းစွာ မပြောပြဘဲ လစာကောင်းသည်ဟုဆိုကာ မိန်းကလေး ၁၄ ဦးကို ခေါ်ဆောင်သွားခဲ့သည်။
ထိုမိန်းကလေး ၁၄ ဦး မူဆယ်မြို့သို့ ရောက်ရှိသွားချိန် ၎င်းတို့ကို ဂိုဒေါင်တစ်ခုအတွင်း တစ်လကျော် ပိတ်လှောင်ထားပြီး၊ ဖုန်းနှင့် မှတ်ပုံတင်များကိုပါ ပွဲစားအမျိုးသမီးက သိမ်းဆည်းထားခဲ့သည်။
လူကုန်ကူခံရသူ အမျိုးသမီးများသည် ၎င်းတို့အား တရုတ်နိုင်ငံဘက်သို့ ပို့ဆောင်ရောင်းစားရန် စီစဉ်နေကြောင်း သိရှိလိုက်ရသဖြင့် ပိတ်လှောင်ခံထားရစဉ် အခွင့်အရေးရသည့်အချိန်တွင် မိန်းကလေး ၁၀ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကာ ၎င်းတို့၏ မိသားစုများနှင့် ကျေးရွာသို့ အကူအညီ တောင်းခံနိုင်ခဲ့ကြကြောင်း ကိုစိုး၏ ပြောပြချက်အရ သိရသည်။
ထို့နောက် တောင်လေးကျေးရွာ အုပ်ချုပ်ရေးနှင့် ဒေသခံများက မူဆယ်မြို့အထိ သွားရောက်ကူညီခဲ့ကြပြီး အဆိုပါ မိန်းကလေး ၁၀ ဦးကို ဇွန်လ ၄ ရက်က ဘေးကင်းလုံခြုံစွာဖြင့် ရွာသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည်။
သို့သော် ကျန်ရှိနေသည့် မိန်းကလေး ၄ ဦးကို လူကုန်ကူးသူများက အခြားတစ်နေရာသို့ ပြောင်းရွှေ့လိုက်သည့်အတွက် လက်ရှိအချိန်ထိ အစအန ပျောက်ဆုံးနေဆဲဖြစ်သည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မူဆယ်မြို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံ သျှမ်းသံတော်ဆင့်က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ဆိုးရွားစွာ ကျဆင်းလာပြီး ကျေးလက်ဒေသများတွင် အလုပ်အကိုင် ရှားပါးလာခြင်းက လူငယ်များကို လူကုန်ကူးသူများ၏ ပစ်မှတ်ဖြစ်လာစေကြောင်း ကိုစိုးက ပြောသည်။
ပင်လောင်းမြို့နယ်တွင် ပညာတတ်လူငယ်အများအပြား နိုင်ငံခြားသို့ ထွက်ခွာသွားကြသော်လည်း ကျန်ရစ်သူများမှာ တရုတ်နိုင်ငံမှ မရေရာသော အလုပ်အကိုင်မက်လုံးများနောက်သို့ လိုက်ပါရင်း တရုတ်မယားအဖြစ် ရောင်းစားခံရခြင်း၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ကျွန်ပြုခံရခြင်းတို့နှင့် ရင်ဆိုင်နေရကြောင်း ကိုစိုးက ဆက်ပြောသည်။
“ရွာမှာ အလုပ်မရှိတော့ လူငယ်တွေလည်း အလုပ်ရှာကြတာပေါ့။ အဲ့ဒီမှာ သူများမျှားခေါ်တာ ခံရတာပဲ။ အခုလို ပင်လောင်းမှာ လူငယ်တွေအများကြီး လူကုန်ကူးခံရတာက ဒါပထမဆုံးပဲ” ဟု ကိုစိုးက ဆက်ပြောသည်။
လက်ရှိ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲများကြောင့် ဒေသခံထောင်နှင့်ချီ စစ်ဘေးရှောင်နေရပြီး စိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသည်။
ပင်လောင်းဒေသသည် အဓိကအားဖြင့် အာလူးနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးကို အားထားရသော်လည်း လက်ရှိတွင် မြေဩဇာဈေးနှုန်း မြင့်တက်မှုနှင့် ဈေးကွက်မရှိခြင်းကြောင့် တောင်သူများ နှစ်စဉ် အရှုံးပေါ်နေကြကြောင်း သိရသည်။
“စိုက်သလောက် အရင်းပြန်မရဘူး။ မြေဩဇာတွေ ဈေးကြီးတယ်၊ ဈေးကွက်က မရှိဘူး။ အောင်ပန်းထိ သွားရောင်းလည်း အရင်းတောင် ပြန်မရဘူး။ ဒါကြောင့် လူငယ်တွေ ပြည်ပထွက်ကုန်ကြတာ” ဟု ပင်လောင်းမြို့ တောင်သူတစ်ဦးဖြစ်သူ စိုင်းလျန်း (အမည်လွှဲ)က ပြောသည်။
အဆိုပါ စီးပွားရေးကြပ်တည်းမှုကြောင့် လူငယ်အများစုမှာ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြသလို လမ်းစရိတ် မတတ်နိုင်သူများမှာ တရုတ်နိုင်ငံမှ မရေရာသော အလုပ်အကိုင်မက်လုံးများနောက်သို့ လိုက်ပါရင်း ရာဇဝတ်ဂိုဏ်းများ၏ သားကောင် ဖြစ်နေကြရကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် မတ်လအတွင်းလည်း မူဆယ်မြို့တွင် အလုပ်အကိုင်ရရှိမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ခြင်းခံရပြီး ပြည့်တန်ဆာအလုပ်ကို အဓမ္မစေခိုင်းခံနေရသည့် အသက် (၂၀) ဝန်းကျင် အမျိုးသမီး ၃ ဦးကို လူမှုကူညီရေး ပရဟတိတအသင်းက ကယ်တင်နိုင်ခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့သည် လက်နက်ကိုင်အဖွဲ့ပေါင်းစုံ ခြေရှုပ်နေသည့်အပြင် လူကုန်ကူးမှုနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ၏ ဗဟိုချက် ဖြစ်လာကြောင်း မူဆယ်မြို့ခံများက ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စီးပွားရေး ပြိုလဲမှုများကြောင့် တရုတ်နယ်စပ် မူဆယ်မြို့သည် အလုပ်အကိုင်ရှာဖွေသူများအတွက် နောက်ဆုံးမျှော်လင့်ချက် ဖြစ်လာသကဲ့သို့ လူကုန်ကူးသူများအတွက်လည်း အချက်အချာနေရာ ဖြစ်လာနေကြောင်း မူဆယ်မြို့တွင် တက်ကြွလှုပ်ရှားနေသည့် စိုင်းကွမ်း (အမည်လွှဲ) က ပြောသည်။
“အခုနောက်ပိုင်း မူဆယ်မှာ တခြားမြို့နယ်က အလုပ်လာရှာတဲ့သူတွေ များတယ်။ များသောအားဖြင့် တန့်ယန်း၊ နမ္မတူ၊ သီပေါ၊ လားရှိုးနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ မြို့တွေ၊ ရွာတွေက လူတွေ လာကြတယ်” ဟု စိုင်းကွမ်းက ပြောသည်။
အလုပ်သမားအများစုသည် ပွဲစားများမှတစ်ဆင့် နယ်စပ်ဖြတ်သန်းခွင့်စာအုပ်များ ပြုလုပ်ကာ တရုတ်နိုင်ငံ ရွှေလီနှင့် ကျယ်ဂေါင်ရှိ စက်ရုံများသို့ သွားရောက်လုပ်ကိုင်ကြကြောင်း သိရသည်။
“အခုနောက်ပိုင်းမှာ အလုပ်ရမယ်ဆိုပြီး လာခေါ်တာမျိုးတွေရှိရင် သေချာစုံစမ်းဖို့ လိုတယ်။ ရွာမှာ အလုပ်ရှားတော့ မသွားနဲ့လို့လည်း တားလို့မရဘူး၊ သွားပါလို့လည်း ပြောလို့မရဘူး။ အဲ့ကြောင့် ကိုယ်ဟာကိုယ် သေချာစုံစမ်းပြီးမှ သွားကြစေချင်တယ်” ဟု ပင်လောင်းမြို့ တောင်သူတစ်ဦးဖြစ်သူ စိုင်းလျန်းကလည်း ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပ္ခများနှင့် စီးပွားရေးပြိုလဲမှုများကြောင့် အမျိုးသမီးများအား တရုတ်မယားအဖြစ် ရောင်းစားသည့် လူကုန်ကူးမှုများ မြင့်တက်လာနေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) ကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။
မြန်မာနိုင်ငံရှိ အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား အမျိုးသမီးများသည် အဓိက ပစ်မှတ်ထားခံနေရပြီး ၎င်းတို့အား တရုတ်နိုင်ငံသို့ ဇနီးအဖြစ်သာမက ကလေးမွေးပေးသည့် ကုန်စည်သဖွယ် အကြိမ်ကြိမ် ပြန်လည်ရောင်းစားနေသည့် ဖြစ်စဉ်များ ရှိနေကြောင်း ဆိုသည်။
“၂၀၂၂ နောက်ပိုင်းမှာ ပိုပြီး ထူးထူးခြားခြား ဖြစ်လာတာက တရုတ်နိုင်ငံကို ဘယ်လိုပုံစံနဲ့ ကူးပြောင်းသွားသလဲဆိုတာ လိုက်ဖို့ တော်တော်လေး ခက်ခဲသွားပါတယ်” ဟု သျှမ်းသံတော်ဆင့်နှင့် သီးသန့်အင်တာဗျူးတွင် ဆန်ထွယ်က ပြောသည်။
၂၀၁၉ မှ ၂၀၂၃ ခုနှစ်အတွင်း လူကုန်ကူးခံရသူများ၏ ထက်ဝက်ကျော်မှာ တရုတ်နယ်စပ်နှင့် မထိစပ်သည့် ရန်ကုန်ကဲ့သို့သော အခြား မြန်မာနိုင်ငံဒေသအသီးသီးမှ အမျိုးသမီးများ ပါဝင်လာကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) ၏ ၂၀၂၄ ထုတ် အစီရင်ခံစာတွင်လည်း ဖော်ပြထားသည်။













Leave a Comments