မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခနှင့် စီးပွားရေး ပြိုလဲမှုကြား အမျိုးသမီးများကို တရုတ်မယားအဖြစ် ရောင်းစားမှု မြင့်တက်လာ

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် စီးပွားရေးပြိုလဲမှုများကြောင့် အမျိုးသမီးများအား တရုတ်မယားအဖြစ် ရောင်းစားသည့် လူကုန်ကူးမှုများ မြင့်တက်လာနေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်း လူကုန်ကူးမှုပုံစံများ ပြောင်းလဲလာနေပြီး ယခင်က နယ်စပ်ဒေသတွင်သာ အဖြစ်များခဲ့သည့် တရုတ်မယားအဖြစ် ရောင်းစားခံရမှုမှာ ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခြိမ်းခြောက်မှုဖြစ်လာကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) ၏ ပြောရေးဆိုခွင့်ရှိသူ ဆန်ထွယ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ နှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် တရားဝင်နယ်စပ်ဂိတ်များ ပိတ်ထားသော်လည်း လူကုန်ကူးသူများသည် ခိုးပေါက် ဟုခေါ်သည့် တရားမဝင်လမ်းကြောင်းများနှင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများကို အသုံးချကာ သားကောင်များကို ရှာဖွေနေကြကြောင်း ဆန်ထွယ်ကပြောသည်။

“၂၀၂၂ နောက်ပိုင်းမှာ ပိုပြီး ထူးထူးခြားခြား ဖြစ်လာတာက တရုတ်နိုင်ငံကို ဘယ်လိုပုံစံနဲ့ ကူးပြောင်းသွားသလဲဆိုတာ လိုက်ဖို့ တော်တော်လေး ခက်ခဲသွားပါတယ်” ဟု သျှမ်းသံတော်ဆင့်နှင့် သီးသန့်အင်တာဗျူးတွင် ဆန်ထွယ်က ပြောသည်။

နယ်စပ်ဒေသများတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရခြင်းက လူကုန်ကူးမှု ကွင်းဆက်များကို ခြေရာခံရန် ပိုမိုခက်ခဲစေကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံရှိ အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား အမျိုးသမီးများသည် အဓိက ပစ်မှတ်ထားခံနေရပြီး ၎င်းတို့အား တရုတ်နိုင်ငံသို့ ဇနီးအဖြစ်သာမက ကလေးမွေးပေးသည့် ကုန်စည်သဖွယ် အကြိမ်ကြိမ် ပြန်လည်ရောင်းစားနေသည့် ဖြစ်စဉ်များ ရှိနေကြောင်း ဆိုသည်။

“အမျိုးသမီးတစ်ယောက်ကို သုံး၊ လေး၊ ငါးကြိမ်အထိ ရောင်းစားတာဟာ အမျိုးသမီးရဲ့ ဘဝကို ပျက်စီးစေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာလည်း အကြီးအကျယ် ထိခိုက်စေပါတယ်။ ကိန်းဂဏန်းအရ နည်းတယ်လို့ ထင်ရပေမယ့် ဖြစ်ပျက်နေတဲ့ အခြေအနေတွေက လူသားမဆန်တဲ့ လုပ်ရပ်တွေပါ” ဟု ဆန်ထွယ်က ဆက်ပြောသည်။

၂၀၁၉ မှ ၂၀၂၃ ခုနှစ်အတွင်း လူကုန်ကူးခံရသူများ၏ ထက်ဝက်ကျော်မှာ တရုတ်နယ်စပ်နှင့် မထိစပ်သည့် ရန်ကုန်ကဲ့သို့သော အခြား မြန်မာနိုင်ငံဒေသအသီးသီးမှ အမျိုးသမီးများ ပါဝင်နေလာကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) ၏ ၂၀၂၄ ထုတ် အစီရင်ခံစာတွင်လည်း ဖော်ပြထားသည်။

လူကုန်ကူးခံရသူများအနက် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်ရှိ စိတ်ရောဂါကုဆေးရုံတစ်ခုတွင် တစ်နှစ်ကြာ ပိတ်လှောင်ထားခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ပါဝင်နေသည်။

အဆိုပါအစီရင်ခံစာအရ လူကုန်ကူးခံရသည့် အမျိုးသမီးတစ်ဦး၏ ဈေးနှုန်းမှာ ယွမ် ၁ သောင်းမှ ယွမ် ၅ သိန်းအထိ ပေါက်ဈေးရှိနေပြီး ရောင်းစားခံရသူ အားလုံးနီးပါးမှာ လှောင်ပိတ်ခံရခြင်း၊ အတင်းအဓမ္မ လိင်ဆက်ဆံခံရခြင်းနှင့် ရိုက်နှက်နှိပ်စက်ခြင်းများကို ဆိုးဝါးစွာ ခံစားနေရကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းမှုကြောင့် မိသားစုဝန်ထုပ်ဝန်ပိုးသည် အမျိုးသမီးများအပေါ် ပိုမိုသက်ရောက်လာနေပြီး မြန်မာနိုင်ငံအတွင်းရှိ “ကျားဖြန့်” (Online Scam) စင်တာများသို့ အမျိုးသမီးများ ရောင်းစားခံရသည့် ဖြစ်စဉ်များလည်း တိုးလာနေကြောင်း ဆိုသည်။

အထူးသဖြင့် စစ်ဘေးရှောင်စခန်း (IDP) များရှိ အမျိုးသမီးများနှင့် အိမ်တွင်းအကြမ်းဖက်မှုမှ လွတ်မြောက်လိုသူများသည် လူကုန်ကူးသူများ၏ အဓိက သားကောင်များ ဖြစ်လာကြကြောင်း သိရသည်။

ယခုအခါ နယ်စပ်ဒေသများသာမက ရခိုင်၊ မွန်၊ ပဲခူး စသည့် အောက်ပြည်အောက်ရွာ ဒေသများမှ အမျိုးသမီးများပါ လူကုန်ကူးခံနေရကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ပြောသည်။

နယ်စပ်ဒေသကို ထိန်းချုပ်ထားသည့် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှာလည်း စစ်ရေးကိုသာ အာရုံစိုက်နေကြပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ရောင်းစားခံရသူများကို ကူညီပေးရေးတွင် အားနည်းနေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ထောက်ပြသည်။

ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီးများသည်လည်း လူမှုပတ်ဝန်းကျင်၏ ခွဲခြားဆက်ဆံမှုနှင့် “မသန့်ရှင်းတော့ဘူး” ဟူသော စွပ်စွဲချက်များကြောင့် စိတ်ဒဏ်ရာများ ထပ်မံရင်ဆိုင်နေရပြီး ၎င်းတို့အတွက် အသက်မွေးဝမ်းကျောင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကုစားမှုများ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲအတွက် ပံ့ပိုးပေးရန်နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် နယ်စပ်ဖြတ်ကျော် အကူအညီများကို ဒေသခံအဖွဲ့အစည်းများမှတစ်ဆင့် တိုက်ရိုက်ပေးအပ်ရန် KWAT က တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် (၂၈) ဦး ထပ်မံဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၂၈) ဦး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သတင်းအရ ဝင်ရောက်ရှာဖွေခြင်းကြောင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...

မူဆယ်မြို့  ကျားဖြန့်သမားများ ဟန်ပြထပ်မံဖမ်းဆီးနေ  

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာများကို ဝင်ရောက် နိမ်နင်းဖမ်းဆီးခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။ အဆိုပါ ဖမ်းဆီးရမိသည့်နေရာသည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၂၅...

နမ့်ခမ်းမြို့ထဲ ပြန်လည်ဝင်ရောက်ရန် Non-CDM များကို စစ်အစိုးရ အသင့်ပြင်ခိုင်းထားဟုဆို

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင် တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရန် မူဆယ်မြို့ဘက်ရှိ Non-CDM ဝန်ထမ်းများကို အသိပေး ပြင်ဆင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ထဲသို့ ပြန်လည်ဝင်ရောက်၍ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် စစ်ကော်မရှင် အသွင်ပြောင်း စစ်အစိုးရမှ မူဆယ်နှင့်...

မူဆယ်သို့ လိမ်လည်ခေါ်ဆောင်ခံရသည့် မိန်းကလေးတစ်ဦး နောက်ကျောဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်

0
တရုတ်နိုင်ငံသို့ အလုပ်အကိုင် ရရှိမည်ဟုဆိုကာ ပွဲစားများက မူဆယ်မြို့သို့ လိမ်လည်ခေါ်ဆောင်ခဲ့သည့် အသက် ၂၀ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို လူမှုကူညီရေး ပရဟိတအဖွဲ့က ကယ်တင်နိုင်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဧပြီလ ၆ ရက်) ည ၁၁ နာရီခန့်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မြို့ပတ်လမ်း ဟိုနားကျေးရွာအနီး လမ်းပေါ်တွင်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...