မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် စီးပွားရေးပြိုလဲမှုများကြောင့် အမျိုးသမီးများအား တရုတ်မယားအဖြစ် ရောင်းစားသည့် လူကုန်ကူးမှုများ မြင့်တက်လာနေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်း လူကုန်ကူးမှုပုံစံများ ပြောင်းလဲလာနေပြီး ယခင်က နယ်စပ်ဒေသတွင်သာ အဖြစ်များခဲ့သည့် တရုတ်မယားအဖြစ် ရောင်းစားခံရမှုမှာ ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခြိမ်းခြောက်မှုဖြစ်လာကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) ၏ ပြောရေးဆိုခွင့်ရှိသူ ဆန်ထွယ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ နှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် တရားဝင်နယ်စပ်ဂိတ်များ ပိတ်ထားသော်လည်း လူကုန်ကူးသူများသည် ခိုးပေါက် ဟုခေါ်သည့် တရားမဝင်လမ်းကြောင်းများနှင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများကို အသုံးချကာ သားကောင်များကို ရှာဖွေနေကြကြောင်း ဆန်ထွယ်ကပြောသည်။
“၂၀၂၂ နောက်ပိုင်းမှာ ပိုပြီး ထူးထူးခြားခြား ဖြစ်လာတာက တရုတ်နိုင်ငံကို ဘယ်လိုပုံစံနဲ့ ကူးပြောင်းသွားသလဲဆိုတာ လိုက်ဖို့ တော်တော်လေး ခက်ခဲသွားပါတယ်” ဟု သျှမ်းသံတော်ဆင့်နှင့် သီးသန့်အင်တာဗျူးတွင် ဆန်ထွယ်က ပြောသည်။
နယ်စပ်ဒေသများတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရခြင်းက လူကုန်ကူးမှု ကွင်းဆက်များကို ခြေရာခံရန် ပိုမိုခက်ခဲစေကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံရှိ အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား အမျိုးသမီးများသည် အဓိက ပစ်မှတ်ထားခံနေရပြီး ၎င်းတို့အား တရုတ်နိုင်ငံသို့ ဇနီးအဖြစ်သာမက ကလေးမွေးပေးသည့် ကုန်စည်သဖွယ် အကြိမ်ကြိမ် ပြန်လည်ရောင်းစားနေသည့် ဖြစ်စဉ်များ ရှိနေကြောင်း ဆိုသည်။
“အမျိုးသမီးတစ်ယောက်ကို သုံး၊ လေး၊ ငါးကြိမ်အထိ ရောင်းစားတာဟာ အမျိုးသမီးရဲ့ ဘဝကို ပျက်စီးစေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာလည်း အကြီးအကျယ် ထိခိုက်စေပါတယ်။ ကိန်းဂဏန်းအရ နည်းတယ်လို့ ထင်ရပေမယ့် ဖြစ်ပျက်နေတဲ့ အခြေအနေတွေက လူသားမဆန်တဲ့ လုပ်ရပ်တွေပါ” ဟု ဆန်ထွယ်က ဆက်ပြောသည်။
၂၀၁၉ မှ ၂၀၂၃ ခုနှစ်အတွင်း လူကုန်ကူးခံရသူများ၏ ထက်ဝက်ကျော်မှာ တရုတ်နယ်စပ်နှင့် မထိစပ်သည့် ရန်ကုန်ကဲ့သို့သော အခြား မြန်မာနိုင်ငံဒေသအသီးသီးမှ အမျိုးသမီးများ ပါဝင်နေလာကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) ၏ ၂၀၂၄ ထုတ် အစီရင်ခံစာတွင်လည်း ဖော်ပြထားသည်။
လူကုန်ကူးခံရသူများအနက် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်ရှိ စိတ်ရောဂါကုဆေးရုံတစ်ခုတွင် တစ်နှစ်ကြာ ပိတ်လှောင်ထားခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ပါဝင်နေသည်။
အဆိုပါအစီရင်ခံစာအရ လူကုန်ကူးခံရသည့် အမျိုးသမီးတစ်ဦး၏ ဈေးနှုန်းမှာ ယွမ် ၁ သောင်းမှ ယွမ် ၅ သိန်းအထိ ပေါက်ဈေးရှိနေပြီး ရောင်းစားခံရသူ အားလုံးနီးပါးမှာ လှောင်ပိတ်ခံရခြင်း၊ အတင်းအဓမ္မ လိင်ဆက်ဆံခံရခြင်းနှင့် ရိုက်နှက်နှိပ်စက်ခြင်းများကို ဆိုးဝါးစွာ ခံစားနေရကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းမှုကြောင့် မိသားစုဝန်ထုပ်ဝန်ပိုးသည် အမျိုးသမီးများအပေါ် ပိုမိုသက်ရောက်လာနေပြီး မြန်မာနိုင်ငံအတွင်းရှိ “ကျားဖြန့်” (Online Scam) စင်တာများသို့ အမျိုးသမီးများ ရောင်းစားခံရသည့် ဖြစ်စဉ်များလည်း တိုးလာနေကြောင်း ဆိုသည်။
အထူးသဖြင့် စစ်ဘေးရှောင်စခန်း (IDP) များရှိ အမျိုးသမီးများနှင့် အိမ်တွင်းအကြမ်းဖက်မှုမှ လွတ်မြောက်လိုသူများသည် လူကုန်ကူးသူများ၏ အဓိက သားကောင်များ ဖြစ်လာကြကြောင်း သိရသည်။
ယခုအခါ နယ်စပ်ဒေသများသာမက ရခိုင်၊ မွန်၊ ပဲခူး စသည့် အောက်ပြည်အောက်ရွာ ဒေသများမှ အမျိုးသမီးများပါ လူကုန်ကူးခံနေရကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ပြောသည်။
နယ်စပ်ဒေသကို ထိန်းချုပ်ထားသည့် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှာလည်း စစ်ရေးကိုသာ အာရုံစိုက်နေကြပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ရောင်းစားခံရသူများကို ကူညီပေးရေးတွင် အားနည်းနေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ထောက်ပြသည်။
ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီးများသည်လည်း လူမှုပတ်ဝန်းကျင်၏ ခွဲခြားဆက်ဆံမှုနှင့် “မသန့်ရှင်းတော့ဘူး” ဟူသော စွပ်စွဲချက်များကြောင့် စိတ်ဒဏ်ရာများ ထပ်မံရင်ဆိုင်နေရပြီး ၎င်းတို့အတွက် အသက်မွေးဝမ်းကျောင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကုစားမှုများ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။
နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲအတွက် ပံ့ပိုးပေးရန်နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် နယ်စပ်ဖြတ်ကျော် အကူအညီများကို ဒေသခံအဖွဲ့အစည်းများမှတစ်ဆင့် တိုက်ရိုက်ပေးအပ်ရန် KWAT က တိုက်တွန်းထားသည်။













Leave a Comments