လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။
ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။
ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း ရေကြီးမှုကြောင့် ဒေသခံများ ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်ကို ဒေါ်လှတင် တယောက် အတိတ်ကအကြောင်းကို ပြန်ပြောပြနေခြင်းဖြစ်သည်။
“ ရေစီးအားက ဘယ်လောက်တောင်သန်လဲဆိုရင် ခြေထောက်တောင် မြေကြီးနဲ့မထိတော့ဘူး။ အန်တီ တောင် တချက်တချက် ရေထဲမျောမလို ဖြစ်သွားတယ်။ လိုက်ပါတဲ့ကလေးတွေ က ဝိုင်းဆွဲထားရတယ်” လို့ ဒေါ်လှတင် က သူ့ဘဝ မမေ့နိုင်တဲ့နေ့ရက်အကြောင်းကို ပြန်ပြောသည်။
ဒေါ်လှတင်သည် တာချီလိတ်မြို့ပေါ်တွင် နှစ်ပေါင်းနှစ်ဆယ်စုနှစ်တိုင် နေထိုင်ခဲ့ပြီး၊ တာချီလိတ်မြို့ ရေကြီးမှုကို ယခင်က တကြိမ်တခါမျှ မကြုံခဲ့ဖူးကြောင်း၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွင်လုပ်လာသည့်တလျောက် ၂၀၂၅ ခုနစ် ဇူလိုင်လ ဖြစ်ရပ်ကစပြီး ယနေ့ထိ ရေကြီးမှုသည် နှစ်စဉ်နှစ်တိုင်းပိုပြီး ဆိုးရွားလာကြောင်း ဆိုပြန်သည်။
တာချီလိတ်မြို့သည် ပင်လယ်ရေ မျက်နှာပြင် ပေ ၁,၂၀၀ အထက်အမြင့်တွင်တည်ရှိပြီး တောင်တန်းများနှင့် ဝန်းရံထားသည့်မြို့ဖြစ်သော်လည်း ၂၀၁၀ခုနစ် နှောင်းပိုင်း ကစတင်ပြီး သစ်ခုတ်ခြင်း၊ သယံဇာတ အလွန်အကျွံ တူးဖော်မှု များကြောင့် ယခုနောက်ပိုင်း ရေကြီးမှုဒဏ်ကို ခံနေရခြင်းဖြစ်ကြောင်း တာချီလိတ်မြို့နေ ပြည်သူများက ပြောဆိုလိုက်သည်။
ထို့ကြောင့် တာချီလိတ်မြို့သည် ၂၀၁၆ခုနစ်မှစပြီး ရေကြီးမှု ကြုံတွေ့လာခဲ့သော်လည်း ၂၀၂၄ခုနစ်မှမှစကာ ရေကြီးမှုသည် သာမာန်ရေကြီးမှုမဟုတ်တော့ဘဲ ရွှံ့နုန်းများပါသည် ရေကြီးမှုနှင့်အတူလိုက်ပါလာသည်။
၂၀၂၄ခုနစ်တွင် တာချီလိတ်မြို့တွင် ရေကြီးမှု အကြီးအကျယ်ဖြစ်ခဲ့ပြီး မိုးရေထဲ အိမ်ခေါင်မိုးထိ တက်နေရတဲ့အခြေအနေရှိကြောင်း၊ အဆိုးရွားဆုံးသည် ညကြီးအချိန် ရေကြီးမှုကြောင့် ရေစီးအားဖြင့် မျောပါသေဆုံးသူများရှိသကဲ့သို့ နေအိမ်ထဲ ပိတ်မိပြီး သေဆုံးသူများလည်း ရှိကြောင်း ဒေါ်လှတင် က ဝမ်းနည်းစွာဖြင့် ပြောသည်။
“ နောက်အဖြစ်အပျက်တခုက မိုးကသည်း အိမ်က တထပ်အိမ်ဆိုတော့ ရေမြှုပ် ခေါင်းမိုးပေါ်တက်မှာ ကလေးတွေ မိန်းကလေးတွေ ကစ တက်နေရတဲ့အခြေအနေရှိတယ်။

ထို့နောက်ပိုင်း မိုးသည်းထန်စွာရွာလျှင် တာချီလိတ်အနိမ့်ပိုင်းရပ်ကွက်နှင့် မယ်ဆိုင်ချောင်းနီးသည့် ရပ်ကွက်များသည် ရေရုတ်တရက် တက်လာပြီး ရေကြီးမှုကို စတင်ကြုံလာရကာ မိုးရွာတိုင်း အိပ်မပျော်ကြောင်း ကိုယ်တိုင်ကြုံရသည့် အသက် ၃၀အရွယ်ရှိ နန်းအေး က စိတ်မကောင်းစွာ ပြောသည်။
“ မိုးရွာရင် ရေက ရုတ်တရက်တက်လာတော့ မိုးရွာတာနဲ့ အိပ်လို့တောင်မပျော်တော့ဘူး။ ရေက ဘယ်အချိန်ကြီးမှာလဲ။ ဘယ်အချိန် အိမ်ထဲရောက်မှာလဲ။ ပစ္စည်းတွေရွှေ့နေရပြီ နေမပျော်သလို ရင်တထိတ်ထိတ်နဲ့ သတိနဲ့ အိပ်ရတယ်” ဟု နန်းအေး က လက်ရှိ တာချီလိတ်မြို့တွင် ကြုံတွေ့ရသည့် အဖြစ်အပျက်ကို ပြောပြသည်။
Global Forest Watch ၏ အချက်အလက်များအရ ၂၀၀၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ သျှမ်းပြည်တွင် သစ်ပင်ဖုံးလွှမ်းဧရိယာ ဟက်တာ ၁ ဒသမ ၈ သန်း ဆုံးရှုံးခဲ့ပြီး ၂၀၀၀ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၁၇ ရာခိုင်နှုန်း လျော့ကျခဲ့သည်။
ထိုကြောင့် သျှမ်းပြည်တဝှမ်း ရေကြီးမှုသည် တနှစ်ထက် တနှစ်ပိုဆိုးလာနိုင်ပြီး၊ ရေဘေးကယ်ဆယ်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များက ထည့်သွင်းစဉ်းစားသင့်ကြောင်းလည်း သျှမ်းပြည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်သူများက ပြောသည်။
ရေကြီးလာချိန် အရေးပေါ်လိုအပ်ချက် ဘာတွေ ပြင်ဆင်ပေးလဲ။
“ အန်တီရေ သမီးတို့ကို ကူပါအုံး။ အိမ်ထဲထိရေတက်လာပြီ ကလေးနှစ်ယောက်နဲ့ သမီးက ကိုယ်ဝန်နဲ့ မွေးရက်နီးနေပြီ လာကယ်ပါဉီး” ဆိုပြီး ဖုန်းဆက်သံများ၊ “အသက်ကြီးသူတွေပဲရှိလို့ လာကူပါဉီး” ဆိုသည့် စကားသံက တဖုံ ရေကြီးလာတိုင်း ဒေါ်လှတင် တို့၏ လူမှုကယ်ဆယ်ရေးအဖွဲ့ ကြားနေရသည့် စကားသံများပင်ဖြစ်သည်။
သဘာဝဘေးအန္တရာယ် အရေးပေါ်ကြုံလာတိုင်း အစည်းအဝေးလုပ်ကာ သတ်မှတ်ထားသည့် ကယ်ဆယ်ရေးကို လုပ်ဆောင်နေကြသော်လည်း မြေပြင်အခြေအနေလိုအပ်ချက်နှင်ကိုက်ညီမှုမရှိကြောင်း လည်း ဒေါ်လှတင်က ဆိုပြန်သည်။
ထို့ကြောင့် “ မြေပြင်လိုအပ်ချက်သည်သာ အဓိက ပြည်သူ့ရဲ့အသံကို သာ ဉီးစားပေးနားထောင်ပြီး ကူညီနေရတယ်” ဟုလည်း သူက ဆိုပြန်သည်။
ထို့အပြင် အရေးပေါ် အစီအစဉ်များရေးဆွဲရာတွင် အမျိုးသမီးများ၏ လိုအပ်ချက်ကို ထည့်သွင်းစဉ်းစားမှု အားနည်းကြောင်း၊ မရှိသလောက် ဖြစ်ကြောင်းလည်း လူမှုကယ်ရေး အဖွဲ့တွင် နှစ်ပေါင်းများစွာ လုပ်ဆောင်သူများက မှတ်ချက်ပြုလုပ်ပြန်သည်။
သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေဘေးကယ်ဆယ်ရေးတွင် အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအတွက် သီးခြားစီစဉ်ထားမှု မရှိသေးကြောင်း တာချီလိတ်မြို့ ရေဘေးကူညီကယ်ဆယ်ရေးကို အားတက်စွာ ပါဝင်ကူညီသည့် အသက် ၄၀ ကျော်ရှိ ဉီးထွန်းက ပြောသည်။
“ကလေး၊ အမျိုးသမီး ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းသူတွေအတွက် သပ်သပ်စီစဉ်ထားတာမျိုးတော့ မရှိဘူး။ အဆင်ပြေသလိုပေါ့။ လတ်တလော အဆင်အရမ်းမပြေတဲ့လူ၊ ဒုက္ခရောက်နေတဲ့လူတွေကို နီးစပ်ရာ ကူညီပေးတယ်” ဟု ဦးထွန်းက ဆိုသည်။

တာချီလတ်မြို့တွင် ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ် အတွက် ကြိုတင်ပြင်ဆင်မှုအားနည်းကြောင်း၊ မိုးရွာတိုင်း ရေကြီးနိုင်သည့်အတွက် အာဏာပိုင်များအနေဖြင့် ပြည်သူအတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်ထား သင့်ကြောင်းလည်း တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက် ရေဘေးနှစ်စဉ်ကြုံရသည့် အသက် ၃၀အရွယ်ရှိ နန်းအေး က ထောက်ပြပြောသည်။
“ ရေကြီးလာရင် ဘယ်မှာ လူစုဖို့၊ ဘယ်နေရာမှာ နေဖို့ဆိုတာ စီစဉ်ထားတာတောင်မရှိဘူး။ မိုးရွာတိုင်း ရေကြီးတော့ ဒါတွေက ကြိုတင်ပြင်ဆင်ဖို့လိုအပ်နေပြီ။ အခုကရေကြီးရင် ကိုယ့်ထူကိုယ်ထပါပဲ”ဟု နန်းအေး က ဆိုသည်။
ရေဘေး အန္တရာယ် ကြိုတင်ပြင်ဆင်မှု၊ ကြိုတင်သတိပေးမှု အားနည်းသည့်အပြင် ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်ရာ အမျိုးသမီးနှင့် ကလေးငယ်များကို ထည့်သွင်းစဉ်းစားပေးခြင်းလည်း မရှိပြန်ကြောင်း နန်းအေးက လက်ရှိ ဖြစ်ပျက်နေသည့် ရေးဘေးကူညီရေးကိစ္စကို ပြောပြသည်။
“ ရေကြီးလို့ အရေးပေါ်ရှောင်ရတဲ့အခါ ထမင်းထုပ်နဲ့ ရေလောက်ပဲ လာကူကြတယ်။ အမျိုးသမီးတွေ အတွက် လစဉ်သုံးပစ္စည်းတွေ အတွင်းခံတွေ ဝေတာမျိုး တခါမှ ထည့်သွင်းစဉ်းစားတာ မတွေ့ဖူးဘူး” ဟု ၎င်းက ထပ်လောင်းပြောသည်၊
အမျိုးသမီးများ၏ လိုအပ်ချက်များမှာ တကိုယ်ရေ သန့်ရှင်းရေးပစ္စည်းများ၊ လစဉ်သုံးပစ္စည်းများနှင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုများသာမက ရေဘေးရှောင်နေချိန်တွင် လုံခြုံစွာ နေထိုင်နိုင်ရေးနှင့် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးအထိ ပါဝင်ကြောင်း အမျိုးသမီးအရေးလုပ်ဆောင်နေသည့် သူက ပြောသည်။

“ရေဘေးရှောင်နေရတဲ့ အချိန်တွေမှာဆိုရင် အမျိုးသမီးတွေရဲ့လုံခြုံရေး ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မဖြစ်ပွားဖို့အတွက် ကာကွယ်စောင့်ရှောက်ရေးမရှိတာတွေကလည်း ဖြစ်နေတဲ့ ပြဿနာတစ်ခု ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
သက်ဆိုင်ရာ အာဏာပိုင်များမှ ဖွဲ့စည်းထားသည့် သဘာဝဘေးအန္တရာယ် အရေးပေါ် စီမံခန့်ခွဲရေးတွင် အမျိုးသမီးများကို ထည့်သွင်းရန်လိုအပ်ကြောင်း ၎င်းက ဆိုပြန်သည်။
မြေပြင်လိုအပ်ချက်များကို ဆုံးဖြတ်ချက်ထဲ ထည့်သွင်းနိုင်ရန်
ရေဘေးအရေးပေါ် ကယ်ဆယ်ရေး အစည်းအဝေးများခေါ်ဆိုရာတွင် အမျိုးသမီးများပါဝင်ကြသော်လည်း လက်တွေ့ မြေပြင် သွားရောက်ကူညီရာတွင် အမျိုးသမီး၏ လိုအပ်ချက်များကို ထည့်သွင်းမှုများ မပါဝင်ကြောင်း ဒေါ်လှတင် ရှင်းပြသည်။
“ရေဘေးအရေးပေါ် အစည်းအဝေးထဲမှာ အမျိုးသမီးတွေ အတွက် ဆိုပြီး သီးသန့်ဆုံးဖြတ်တာမျိုး မရှိဘူး၊ စီစဉ်ပေးတာမျိုးလည်း မရှိဘူး” ဟု ဒေါ်လှတင် က ပြောသည်။
တဖက်မှာလည်း စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း ကုန်စျေးနှုန်း မတည်ငြိမ်မှုကြောင့် အရေးပေါ်အခြေအနေ တွင် အသုံးပြုမည့် ကုန်ပစ္စည်းများလည်း အဆမတန်စျေးနှုန်းမြင့်တက်လာသည်။
ထို့အပြင် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များလည်း အဆမတန် များလာမှု၊ ကုန်စီးဆင်းမှုပိတ်ပင်မှုများနှင့် ရေဘေးကူညီရန် ကုန်ပစ္စည်းများကို ကန့်သတ်ချက်မှုများရှိခြင်းကြောင်း မြန်မာနိုင်ငံရှိ လူသားချင်း စာနာမှု အကူအညီပေးနေသည့် အဖွဲ့များလည်း ရေဘေးကြုံနေရသည့် ဒေသသို့ အချိန်မီ မရောက်ရှိနိုင်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်ကူညီရေးလုပ်ငန်းများ ပူးပေါင်းညှိနှိုင်းရေးရုံ (OCHA) ၏ အစီရင်ခံစာများတွင် ဖော်ပြထားသည်။
“ သယ်ယူပို့ဆောင်ရေးတဲ့ပိုင်းတွေမှာ ခက်ခဲတာ နယ်မြေဒေသတွေမှာဝင်ဖို့အတွက် ကန့်သတ်ချက်တွေ အများကြီးရှိလာတယ် ။ ဒီလို ကန့်သတ်ချက်တွေကြောင့်မလို့ အထောက်ပံ့တွေလုပ်တဲ့ချိန်မှာဆိုရင် တကယ်ပဲ ကူညီဖို့လိုနေတဲ့ နေရာကိုထိရောက်စွာကူညီဖို့ အခက်ခဲအများကြီးရှိတယ် အဆင့်ဆင့်လုပ်ဆောင်ရတာတွေရှိတယ်” အမျိုးသမီးအခွင့်ရေးဆောင်ရွက်သူက ပြောသည် ။

ထိုသို့ အကူအညီပေးနိုင်ရန် အခက်အခဲများရှိနေသည့်အခြေအနေတွင် ရေဘေး ကယ်ဆယ်ရေးအတွက် ဆုံးဖြတ်ချက်များ၌ အမျိုးသမီးများ၏ အသံပါဝင်မှုက ပိုမိုအရေးကြီးလာသည်ဟု ၎င်းက ပြောသည်။
“သဘာဝပတ်ဝန်းကျင်ဘေးအန္တရာယ် ဆောင်ရွက်ရေးမှာ အမျိုးသမီးတွေ ဘာလို့ပါဖို့လိုအပ်လဲဆိုရင် အမျိုးသမီးတွေရဲ့အသံပါမှပဲ အမျိုးသမီးတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်တယ်။ အမျိုးသမီးတွေက ပိုပြီးတော့ အမျိုးသမီးတွေ လိုအပ်ချက်တွေကို သိတယ်” ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် ရေဘေးကယ်ဆယ်ရေးတွင် အမျိုးသမီးများ ပါဝင်ခြင်းသည် ကိုယ်စားပြုမှုတစ်ခုတည်းအတွက်မဟုတ်ဘဲ မြေပြင်တွင် လစ်ဟာနေသည့် လိုအပ်ချက်များကို ဆုံးဖြတ်ချက်များထဲ ထည့်သွင်းနိုင်ရေးအတွက်လည်း အရေးကြီးကြောင်း အရေးပေါ်ကယ်ဆယ်ရေး တွင် ပါဝင်ဆောင်ရွက်နေသူများက ပြောဆိုလိုက်သည်။
“ ကျမအနေနဲ့ကတော့ ကယ်ဆယ်ရေးမှာလည်း အမျိုးသမီးတွေ ပိုပါလာစေတယ်။ ပြီးတော့ အမျိုးသမီးလိုအပ်ချက်တွေကိုလည်း ပိုပြီးထည့်စဉ်းစားလာဖို့လိုတယ်” ဟု ဒေါ်လှတင်က တောင်းဆိုလိုက်ပါတယ်။
နန်းရှိူခေါင် ရေးသားသည်။













Leave a Comments