သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“တောင်ကျရေကြောင့် ရေတွေကြီးခဲ့တာ။ ချောင်းထဲ ကနေ ၅ မိနစ်၊ ၁၀ မိနစ်အတွင်း ရေတွေတက်တာ အရမ်းမြန်တယ်။ နေအိမ်တွေထဲထိ ဝင်တယ်။ ရေတက်တာမြန်တော့ တချို့ဆို ပစ္စည်းတွေတောင် မသိမ်းလိုက်ရဘူး။ခုတော့ ရေက ကျသွားပါပြီ။ လမ်းပေါ်မှာ ရွှံ့တွေကျန်တော့ ရှင်းတဲ့နေရာလည်း ရှင်းနေကြတယ်” ဟု ၎င်းက ပြောသည်။
ယခုရေကြီးမှုကြောင့် နေအိမ် ၄၀ ကျော်ရေဝင်ခဲ့ပြီး ကုန်စုံဆိုင်များ၊ ကားနှင့် ဆိုင်ကယ်များလည်း ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ၎င်းကပြောသည်။
နမ့်ခမ်းမြို့တွင် ယခုကဲ့သို့ ရေကြီးမှုဖြစ်ပွားသည်မှာ ဆယ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း နမ့်ခမ်းဖောင်ချောင်းကိုရှင်လင်းမှုများ ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။
“နမ့်ခမ်းမြို့ပေါ်မှာ ဒီလိုရေမကြီးတာ ၁၀ နှစ်ကျော်ကြာပြီ။ ဒီချောင်းကိုလည်း ၆ နှစ်အတွင်း ရွှံ့တွေ ရှင်းလင်းတာမရှိ လို့လည်းပါတယ်။ အရင်ကဆို ချောင်းမြောင်းထဲက မြေတွေ ရွံ့တွေတူးပြီးရှင်း တာတွေရှိခဲ့တယ်။ အခုသက်ဆိုင်ရာ တွေ ဒီကိစ္စပေါ် ဆောင်ရွက် ရှင်းလင်းပေးစေချင်တယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရေပြန်ကျသွားသော်လည်း ရေကြီးခဲ့သည့် နေရာအချို့တွင် လမ်းများပေါ်၌ ရွှံ့နုန်းများ ကျန်ရှိနေသဖြင့် ဆိုင်ကယ်နှင့် ကားများ ဖြတ်သန်းသွားလာရာတွင် အခက်အခဲများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်တွင်လည်း ရွှေလီမြစ်ရေတက်လာခြင်းကြောင့် နမ့်ခမ်းမြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက် အချို့နှင့် ရွှေလီမြစ်အနီးရှိ ကျေးရွားများ တစ်ပတ်ခန့် ရေကြီးမှုကြုံခဲ့ရပြီး လယ်ယာဧက ၁၀၀၀ကျော်ထပ် မနည်း ရေမြှုပ်ခဲ့ရသည်။
ယခုနှစ် မိုးရာသီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ခမ်းမြို့နယ်အတွင်း တောင်ကျရေနှင့် မြစ်ရေမြင့်တက်မှုများ ဖြစ်ပွားနေပြီး မြေနိမ့်ပိုင်းဒေသများနှင့် ရေချောင်းအနီးနေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှုများကို သတိထားရန် လိုအပ်နေကြောင်း ဒေသခံများက ဆိုသည်။













Leave a Comments