နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။
မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို သက်ဆိုင်ရာ အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိဘဲ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့်သာ ဖြေရှင်းနေကြရကြောင်း တာချီလိတ်မြို့ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ရေချောင်းနဲ့ နီးတဲ့ ရပ်ကွက်တွေကတော့ မိုးရွာတာနဲ့ ရေတက်ပြီး ခဏခဏ ရေကြီးနေတယ်။ နှစ်တိုင်းလိုလို ရေကြီးတာ ကြုံနေရပေမယ့် သက်ဆိုင်ရာတွေကလည်း ထိရောက်တဲ့ ဖြေရှင်းမှုမျိုး လုပ်ပေးတာ မရှိဘူးလေ” ၎င်းကပြောသည်။
မိုးရာသီအတွင်း မိုးသည်းထန်စွာ ရွာသွန်းသည့်အခါ မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များတွင် ချောင်းရေမြင့်တက်လာပြီး မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိသဖြင့် ဒေသခံများ၏ နေထိုင်ရေးနှင့် သွားလာရေးအတွက် အခက်အခဲများ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေကြောင်း ၎င်းက ဆက်ပြောသည်။
“နုန်းတွေ ရွှံ့နွံတွေက ကျန်ခဲ့တော့ ပြန်ရှင်းရတယ်။ လမ်းပေါ်မှာလည်း နုန်းရွံ့တွေ ကျန်ခဲ့ရင် စည်ပင်ကလည်း လာရှင်းတာမရှိဘူး။ ကြာလာတော့ လမ်းက မိုးကျရင် ချော်တယ်။ မိုးရွာရင် ရေတွေ ထပ်တက်ပြီး နုန်းရွံ့တွေ ထပ်ကျန်ခဲ့တာပဲ” ဟု တာချီလိတ်မြို့ အသက် ၃၀ ဝန်းကျင် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ယမန်နေ့ (ဩဂုတ်လ ၃ ရက်) တွင်လည်း ချောင်းရေမြင့်တက်မှုကြောင့် မကာဟိုခမ်းရပ်ကွက်ရှိ ချောင်းရေထိန်း မြေသားနံရံ အလျား ၁၀ မီတာခန့် ပြိုကျပျက်စီးခဲ့ပြီး သဲအိတ်များဖြင့်သာ ယာယီအစားထိုး ကာရံထားကြောင်း သိရသည်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁,၂၀၀ ကျော်တွင် တည်ရှိသည့် တာချီလိတ်မြို့တွင် မိုးရွာသွန်းမှုကြောင့် နှစ်စဉ် ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင် မြစ်အထက်ပိုင်း၌ ရွှေနှင့် သတ္တုများ အလွန်အကျွံ တူးဖော်မှုများကြောင့် ရေကြီးမှု ပိုမိုဆိုးရွားလာကြောင်း မြို့ခံများက ပြောသည်။

“ ဒီဘက် (သျှမ်းရှေ့)တလျှောက် မှာက ရွှေတွေ သတ္တုတွေကလည်း တူးကြတယ်လေ။ နောက် အခုမယ်ဆိုင်ချောင်း ကလည်း အဆိပ်သင့်နေတာတွေရှိတော ရေကြီးမှုနောက်ဆက်တွဲကျန်းမာရေး ကိုလည်း ကြည့်ရသေးတယ်။” တာချီလိတ် ဒေသခံ အမျိုးသမီးက ထပ်လောင်းပြောသည်။
ဒေသခံများသည် နှစ်စဉ် မိုးရာသီတိုင်း ရေကြီးရေလျှံမှုများကို ကြုံတွေ့နေရသော်လည်း ယင်းဖြစ်စဉ်များ လျော့နည်းစေရန် သက်ဆိုင်ရာတာဝန်ရှိသူများဘက်မှ ထိရောက်သည့် ဖြေရှင်းဆောင်ရွက်မှုများ မတွေ့ရသေးကြောင်း ဒေသခံများက ပြောသည်။
အလားတူ မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်လည်း ရေဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများအတွက် ဘတ် ၃.၄ ဘီလီယံ အသုံးပြုကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံသို့ လာရောက်မည့် အာဏာသိနမ်း သမ္မတ ဉီးမင်းအောင်လှိုင် ခရီးစဉ်မတိုင်မီ မြန်မာဘက်ခြမ်းရှိ သတ္တုတူးဖော်မှုများကြောင့် မြစ်ရေ ညစ်ညမ်းမှု အပေါ် တာဝန်ယူမှုရှိရန် ယမန်နေ့ (သြဂုတ် ၃)ရက် မနက်ပိုင်းတွင် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့တွင် ကော့၊ဆိုင်၊ရွက်နှင့် မဲခေါင်မြစ်များ ကာကွယ်ရေး ပြည်သူ့ကွန်ရက် (People’s Network for the Protection of the Kok, Sai , Ruak and Mekong Rivers-Save the Kok River) အဖွဲ့က ဆန္ဒပြခဲ့ကြသည်။
ထို့အပြင် အာဏာသိမ်းသမ္မတ ဉီးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ လာရောက်မည့်ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် အနုတင်ကလည်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ မြစ်ရေအဆိပ်အတောက်၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်း လိမ်လည်မှု (ကျားဖြန့်) ကွန်ရက်များအကြောင်းကို အဓိက ဆွေးနွေးသွားမည် ဟုလည်း ထိုင်းသတင်းများတွင် ဖော်ပြခဲ့သည်။












Leave a Comments