မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။
ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်ရောက်ရှိနေပြီး နောက် ၆ နာရီအတွင်း စိုးရိမ်ရေမှတ်ထက် ကျော်လွန်နိုင်ကြောင်း သတိပေးထားသည်။
လက်ရှိတွင် မြို့တွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် လမ်းမများပေါ်သို့ ရေများစတင်ဝင်ရောက်နေပြီဖြစ်ကာ ဒေသခံပြည်သူများအနေဖြင့် အရေးပေါ်ရွှေ့ပြောင်းရန် ပြင်ဆင်ထားကြရန် သတိပေးချက်များ ထုတ်ပြန်ထားသည်။
အထူးသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် မြစ်ရေထပ်မံမြင့်တက်လာပါက အချိန်မီ ရှောင်ရှားနိုင်ရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။

အလားတူ ထိုင်းနိုင်ငံဘက်တွင် နံနက် ၉ နာရီဝန်းကျင်က စတင်၍ Cell Broadcast စနစ်ဖြင့် ပြည်သူများ၏ လက်ကိုင်ဖုန်းများသို့ အရေးပေါ်သတိပေးချက်များ ပေးပို့ခဲ့ပြီး ပစ္စည်းများကို အမြင့်သို့ရွှေ့ပြောင်းထားရန် အသိပေးထားသည်။
လက်ရှိတွင် မယ်ဆိုင်ဘက်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်ခြင်း မရှိသေးသော်လည်း တာချီလိတ်ဘက်တွင်မူ မြေနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေဝင်ရောက်မှုများ စတင်ကြုံတွေ့နေရပြီဖြစ်သည်။
တာချီလိတ်မြို့သည် မိုးရာသီကာလအတွင်း မယ်ဆိုင်ချောင်းရေလျှံမှုကြောင့် နှစ်စဉ် ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်ရလေ့ရှိသော ဒေသတစ်ခု ဖြစ်သည်။












Leave a Comments