မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်နယ်စပ်ဂိတ်တွင် ထိုင်းအာဏာပိုင်များ၏ ယာဉ်စည်းကမ်းနှင့် လုပ်ငန်းခွင် ဝင်ရောက်မှုဆိုင်ရာ စစ်ဆေးမှုများ တင်းကျပ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံဘက်မှ အရေးပေါ် လူနာတင်ယာဉ်များနှင့် အငှားယာဉ်များ အခက်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် မယ်ဆိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဌာနတို့ ပူးပေါင်းပြီး စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၅၀ ဦးကို ဖမ်းဆီးခဲ့ပြီး တစ်ဦးလျှင် ဒဏ်ငွေ ဘတ် ၅,၀၀၀ စီ ချမှတ်ကာ ဥပဒေအရ အရေးယူခဲ့ကြောင်း မယ်ဆိုင်ရဲစခန်းက သတင်းထုတ်ပြန်ထားသည်။
ယခုကဲ့သို့ စစ်ဆေးအရေးယူရခြင်းမှာ မယ်ဆိုင်ဈေးရှေ့ လမ်းမတစ်လျှောက်တွင် မြန်မာသုံးဘီးဆိုင်ကယ်များ အချိန်ကြာမြင့်စွာ ရပ်တန့်ကာ ခရီးသည်စောင့်ဆိုင်းနေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
ထိုသို့ နေရာယူထားမှုကြောင့် လမ်းမတစ်လျှောက်ရှိ ထိုင်းဈေးဆိုင်များ၊ ရွှေဆိုင်များနှင့် အထည်ဆိုင်များသို့ လာရောက်သည့် ထိုင်းဈေးဝယ်သူများ၏ ယာဉ်များ ရပ်နားရန် နေရာမရှိဖြစ်နေသဖြင့် ဒေသခံများက သက်ဆိုင်ရာဌာနနှင့် ရဲတပ်ဖွဲ့သို့ အကြိမ်ကြိမ် တိုင်ကြားခဲ့ကြခြင်း ဖြစ်သည်။
မယ်ဆိုင်ရဲစခန်း၏ ထုတ်ပြန်ချက်အရ ယခုစစ်ဆေးမှုသည် မယ်ဆိုင်မြို့အတွင်း အများပြည်သူ အနှောင့်အယှက်ဖြစ်စေသည့် အငှားယာဉ်ပြဿနာများ နှင့် ယာဉ်ရပ်နားမှု ပြဿနာများကို ဖြေရှင်းရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။


သုံးဘီးယာဉ်များကို ဘတ် ၅,၀၀၀ စီ ဒဏ်ရိုက်ရခြင်းမှာ ယာဉ်စည်းကမ်းဥပဒေအပြင် ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသားများ ခရီးသည်နှင့် ကုန်ပစ္စည်းတင်ဆောင်ခြင်း (အလုပ်သမား အက်ဥပဒေ) ကို ဖောက်ဖျက်မှုကြောင့် ဖြစ်ကြောင်း မယ်ဆိုင်ရဲစခန်းက ဆိုသည်။
သို့သော်လည်း ထိုင်းအာဏာပိုင်များ၏ ယခုကဲ့သို့ တင်းကျပ်စွာ အရေးယူမှုကြောင့် မြန်မာဘက်မှ အငှားယာဉ်မောင်းများသာမက အရေးပေါ် လူနာတင်ယာဉ်များပါ သွားလာရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ဦးလှမိုး တာချီလိတ်လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။
ယခင်က မြန်မာဘက်မှ လူနာတင်ယာဉ်များသည် မယ်ဆိုင်မြို့ရှိ ဆေးရုံများသို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိခဲ့သော်လည်း ယခုအခါတွင် ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်နှင့် လူနာအတွက် ဆေးရုံထောက်ခံချက် အပြည့်အစုံ ပါရှိမှသာ ဝင်ရောက်ခွင့်ပြုတော့မည် ဖြစ်ကြောင်း ဆိုသည်။
“အခုက လိုင်စင်အပြည့်အစုံမရှိရင် သွားလာလို့ လုံးဝမရတော့ဘူး။ ကျမတို့မှာ လိုင်စင်ရှိတဲ့ကား တစီးပဲရှိတော့ အဲ့ဒီတစီးနဲ့ပဲ ဖြစ်သလို သွားလာနေရတယ်။ အရင်က လိုင်စင်မဲ့ယာဉ်တွေ သွားလို့ရပေမယ့် အခုတော့ လုံးဝခွင့်မပြုတော့ဘူး” ဟု တာချီလိတ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်ရှိတွင် မြန်မာနံပါတ်ပြားတပ်ယာဉ်များအနေဖြင့် လမ်းဘေးတွင် ခရီးသည်စောင့်ဆိုင်းခြင်း လုံးဝမပြုလုပ်ရဘဲ သတ်မှတ်ကွင်းများတွင်သာ ရပ်နားရမည်ဖြစ်ပြီး စည်းကမ်းဖောက်ဖျက်ပါက ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ရိုက်ခံရမည် ဖြစ်ကြောင်း မယ်ဆိုင်ရဲစခန်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ထိုင်းနံပါတ်ပြားတပ် ကုန်တင်ယာဉ်များကို မြန်မာနိုင်ငံသားများ မောင်းနှင်ခြင်းကိုလည်း ပိတ်ပင်ထားသည်။
အဆိုပါ အကျပ်အတည်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားများ မနစ်နာစေရန်အတွက် တာချီလိတ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဝေသုံ ဦးဆောင်သည့် တာဝန်ရှိသူများသည် ယမန်နေ့ (ဇူလိုင် ၂၁ ရက်) က အရေးပေါ် ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် နယ်စပ်ဖြတ်ကျော် သွားလာမှုဆိုင်ရာ ဥပဒေများကို လိုက်နာရန် အသိပညာပေးရေးနှင့် နောင်တွင် အလားတူ အရေးယူဆောင်ရွက်မှုများ ရှိလာပါက မြန်မာနိုင်ငံသားများ နစ်နာမှုမရှိစေရန် နှစ်နိုင်ငံတာဝန်ရှိသူများ အကြား “အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုများ” ကို ဆက်လက်လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

မြန်မာယာဉ်မောင်းများအနေဖြင့် မယ်ဆိုင်ဘက်သို့ သွားလာရာတွင် အထောက်အထား လိုင်စင်အပြည့်အစုံ ဆောင်ထားရန်၊ ယာဉ်ရပ်နားမှုစည်းကမ်းကို တိကျစွာလိုက်နာရန်နှင့် ဆိုရှယ်မီဒီယာပေါ်တွင် ခရီးသွားဝန်ဆောင်မှု ကြော်ငြာခြင်းများကို ဆင်ခြင်ရန် လိုအပ်နေသည်။
အခြားတစ်ဖက်တွင်လည်း တာချီလိတ်မြို့အတွင်း တရားမဝင် လာရောက်အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား PR များ၊ ထီသည်များနှင့် လိုင်စင်မဲ့ လုပ်ငန်းများကိုလည်း သက်ဆိုင်ရာက ပြန်လည်စစ်ဆေး ကြပ်မတ်သင့်ကြောင်း ဒေသခံများအကြား ဝေဖန်အကြံပြုမှုများလည်း ထွက်ပေါ်နေသည်။
လက်ရှိတွင် မယ်ဆိုင်-တာချီလိတ် နယ်စပ်ကုန်သွယ်ရေးနှင့် သွားလာရေးမှာ ဆက်လက်ရှိနေသော်လည်း မြန်မာယာဉ်မောင်းများနှင့် ပရဟိတအဖွဲ့များအကြားတွင် စိုးရိမ်မှုများ မြင့်တက်နေဆဲဖြစ်သည်။












Leave a Comments