သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။
လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများ ပါရှိရမည်ဖြစ်ပြီး မြန်မာဘက်မှ သတ်မှတ်ထားသည့် တံတားဖြတ်သန်းခမှာ ကျပ် ၁,၀၀၀ ဖြစ်သာပေးရကြောင်းသိရသည်။
သို့သော် လက်ရှိတွင် စမတ်ကတ်ရှိသူများပင် တံတားဖြတ်သန်းရာ၌ အပိုငွေများ ပေးဆောင်နေရပြီး စမတ်ကတ်မရှိသူများမှာ ဘတ်ငွေ ၄၀၀ (မြန်မာကျပ်ငွေ ကာလပေါက်စျေး ၃သောင်း) ဝန်းကျင်အထိ ကုန်ကျနေကြောင်း တာချီလိတ်မြို့ ဒေသခံ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဒီတံတားဖြတ်သန်းသွားလာဖို့ မြန်မာနိုင်ငံကနေ ထိုင်းကိုသွားရင် မှတ်ပုံတင်၊ စမတ်ကတ်နဲ့ တံတားဖြတ်လက်မှတ်လိုတယ်။အဲ့တာ အပြည့်အစုံရှိနေလည်း ဘတ်ငွေ ၂၀၀ (မြန်မာကျပ်ငွေ ကာလပေါက်စျေး တစ်သောင်းကျော်) လောက်က ပေးရတယ်။ထိုင်းဘက်ကတော့ ညအိပ်ဆို ၃၀ ဘတ်၊ မအိပ်ရင် ၁၀ ဘတ်လောက်ပဲ ကုန်ပါတယ်။ စမတ်ကတ်မရှိရင်တော့ ၄၀၀ လောက် ပေးရတယ်။” ဟု တာချီလိတ်မြို့ ဒေသခံ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။
စမတ်ကတ်မရှိသူများအနေဖြင့် တံဆိပ်ရိုက်သည့်နေရာတွင် ဘတ် ၁၀၀ မှ ၂၀၀ ခန့်နှင့် အစိမ်းရောင်ကတ်ပြုလုပ်သည့်နေရာတွင် ဘတ် ၂၀၀ ခန့် ပေးဆောင်ရပြီး စုစုပေါင်း ဘတ် ၄၀၀ ဝန်းကျင်အထိ ပေးဆောင်ရကြောင်း တာချီလိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“စမတ်ကတ်ရှိလည်း ပေးရပါတယ်။ ၂၀၀ဘတ် လောက်ပါပဲ ပေးရတာ။တစ်ခါမှ မဝင်ဖူးတဲ့ လူသစ်ကတော့ ပေးရတာ ပုံမှန်ပါပဲ။ဘာပဲရှိရှိ အနည်းဆုံး အဲ့က လူတွေကို ဘတ် ၁၀၀၊ ၂၀၀ဘတ် လောက်တော့ ပေးရတယ်။” ဟု တာချီလိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် စာရွက်စာတမ်းအပြည့်အစုံရှိသူများအနေဖြင့် ယခင်က မြန်မာဘက်တွင် ကျပ် ၁,၀၀၀ နှင့် ထိုင်းဘက်တွင် ဘတ် ၃၀ ခန့်သာ ကုန်ကျခဲ့ပြီး ယခုနောက်ပိုင်း တံဆိပ်ရိုက်သည့်နေရာတွင် အပိုငွေပေးဆောင်ရကြောင်း ၎င်းက ဆက်ပြောသည်။
“ကျမတို့ခုမြင်တွေ့နေရတာက ကိုယ်မြန်မာနိုင်ငံက ဘတ်ကို ရာနဲ့ချီကောက်တာ။ ထိုင်းဖက်မှာကြတော့ အဲ့လောက်တောင် မကောက်ဘူး။ အရင်တုန်းကလည်း မြန်မာနိုင်ငံမှာ အဲ့လောက်ထိတောင် မပေးရပါဘူး။ တံဆိပ်တုံးရိုက်တဲ့နေရာက အရင်ကတည်းက အဲ့လိုငွေပေးရတာ မရှိခဲ့ပါဘူး။ ဒီနောက်ပိုင်းမှ ရှိလာတာပါ” ဟု တာချီလိတ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
မယ်ဆိုင်မြို့သို့ ပထမဆုံးအကြိမ် သွားရောက်သူများထံ ဓာတ်ပုံရိုက်ခ၊ QR Code Scan ခဟုဆိုကာ ဘတ် ၁၀၀ ထပ်မံကောက်ခံမှုရှိကြောင်းလည်း သိရသည်။
တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် အခကြေးငွေကောက်ခံမှုများနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးဌာနဘက်က ငြင်းဆိုထုတ်ပြန်မှုများရှိသော်လည်း မြေပြင်ကောက်ခံမှုတွင် ကွာဟမှုများ ရှိနေကြောင်း တာချီလိတ်မြို့ ဒေသခံ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။
“ဒီမြန်မာဖက်ကနေ ထိုင်ဖက်ကိုဝင်ဖို့က တကယ်တော့ UID စမတ်ကတ် မရှိရင်ဝင်လို့မရတာပါ။သူတို့ လူကြီးတွေရှိရင် စမတ်ကတ်မပါတာနဲ့ ပေးကိုမဝင်တာ ပိုက်ဆံလည်း မယူဘူး။သူတို့ လူကြီးမရှိရင်တော့ ပိုက်ဆံယူတယ် ပေးဖြတ်တာ အဲ့လိုပါ။”ဟု ၎င်းက ပြောသည်။
သို့သော် တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် အခကြေးငွေကောက်ခံမှုများနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးဌာနဘက်က ငြင်းဆိုထားသည်ဟု ဒေသခံများက ပြောဆိုသဖြင့် သတ်မှတ်အခကြေးငွေများနှင့် မြေပြင်ကောက်ခံမှုအကြား ကွာဟချက်ရှိ၊ မရှိကို သက်ဆိုင်ရာဌာနများက ပွင့်လင်းရှင်းလင်းစွာ ထုတ်ပြန်ပေးရန် ဒေသခံများက လိုလားနေကြသည်။
တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးအမှတ် (၁)တံတားသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား လူနှင့်ယာဉ်များ ဖြတ်သန်းသွားလာရာ အဓိက တရားဝင်နယ်စပ်ဂိတ်ပေါက် တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများ နှင့် အလည်အပတ်ခရီးသွားသူများ နေ့စဉ်ဖြတ်သန်းသွားလာအသုံးပြုနေသည့် တံတားဖြစ်သည်။













Leave a Comments