သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူးယစ်ဆေးသုံးစွဲသူအချို့က အများပြည်သူအကျိုးအတွက် တည်ဆောက်ထားသည့် ချောင်းဘေး ရေတားနံရံကို ခိုင်ခံ့စေရန် တပ်ဆင်ထားသည့် ကျောက်ဆူးသံကြိုးများကိုပါ ဖြတ်တောက်ခိုးယူနေကြောင်း သတင်းရရှိသည်။
တာချီလိတ်မြို့ ပုန်းထွန်ချောင်းဘေး ရေတားနံရံ ခိုင်ခံ့စေရန်အတွက် ကျောက်တုံးများကို ချည်နှောင်ထားသည့် ကျောက်ဆူး သံကြိုးအချို့ကို မူးယစ်ဆေးသုံးစွဲသူများက အလေးချိန်ဖြင့် ရောင်းချရန်အတွက် ဖြတ်တောက်ခိုးယူသွားကြောင်း တာချီလိတ်မြို့ဒေသခံ အသက် ၂၅ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ပုန်းထွန်ချောင်း ဘက်က ရေတား နံရံ ခိုင်ဖို့အတွက် တပ်ထားတဲ့သံတွေကို ခိုးဖြတ်သွားကြတယ်။ ခိုးခံရတဲ့ပစ္စည်းတွေတော်တော်များများတယ်။ တာချီလိတ်မှာ ဆေးသမားတွေက အရမ်းသောင်းကျန်းနေတာ” ဟု တာချီလိတ်မြို့ဒေသခံ အသက် ၂၅ ဝန်းကျင် အမျိုးသားတစ်ဦးကပြောသည်။
တာချီလိတ်မြို့တွင် နေ့စဉ် ညပိုင်းအချိန်များ၌ စစ်ကော်မရှင်တပ်သားများ နှင့် ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်မှုများ ရှိနေသော်လည်း ခိုးဆိုးလုယက်သမားများကို ရှိနေဆဲဟု ၎င်းကပြောသည်။
“ ဒီမှာက ရဲတွေရှိတယ်။ စစ်သားတွေကင်းလှည့်တယ်။ သူခိုးကလည်း ခိုးတာပဲ။ သူတို့ က ခိုးဆိုးလုယက်ကို ဖမ်းဖို့ လှည့်တာမဟုတ်ဘူး။ ရှိသမျှ ဆိုင်တွေကို ပိုက်ဆံတောင်းဖို့ လှည့်နေတဲ့သဘော” ဟု တာချီလိတ်မြို့ခံ အမျိုးသမီး တဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့သို့ စစ်ရေးပဋိပက္ခဖြစ်ပွားသည့်ဒေသမှ ပြည်သူများက လာရောက်ခိုလှုံကြကြောင်း၊ လက်ရှိ တာချီလတ်မြို့တွင် လူမျိုးစုံနေထိုင်သည့်နယ်မြေတစ်ခုဖြစ်ကာ တရားမဝင်ပစ္စည်းမျိုးစုံရောင်းဝယ်မှုရှိသည့် ဒေသတစ်ခုလည်းဖြစ်သည်။
“ လူတွေက စုံ၊ အလုပ်အကိုင်ကလည်း ရှား၊ နောက်ပြီး မူးယစ်ဆေးကလည်းပေါတယ်လေ။ အရင်က တာချီလိတ် သူခိုးတွေ အဲ့လောက်မသောင်းကျန်းဘူး။ အခု ရေကြီးလို့ ရေတားနံရံက သံကြိုးတွေတောင်ခိုးတယ်ဆိုတော့ စဉ်းစားတာကြည့်။ ကျမပြောချင်တာက ခိုးသွားတဲ့သံတွေကို မဝယ်ကြဖို့ပဲ။ ခိုးရာပါ ပစ္စည်းတွေဆို မဝယ်ရင် သူခိုးကလည်း မခိုးတော့ဘူး” ဟု ၎င်းအမျိုးသမီးက ဆိုသည်။
တာချီလိတ်မြို့တွင် မိုးရွာသွန်းချိန်တိုင်း မယ်ဆိုင်ချောင်း နှင့် ပုန်းထွန်ချောင်းအနီးရှိ မြေနိမ့်ပိုင်း ရပ်ကွက်များ၌ ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပွားလေ့ရှိသဖြင့် ချောင်းကမ်းပါးများ ရေတိုက်စားမှုမှ ကာကွယ်ရန် ရေတားနံရံများ တည်ဆောက်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်တွင်လည်း ချောင်းရေမြင့်တက်မှုကြောင့် မကာဟိုခမ်းရပ်ကွက်ရှိ ချောင်းရေထိန်း မြေသားနံရံ အလျား ၁၀ မီတာခန့် ပြိုကျပျက်စီးခဲ့ပြီး သဲအိတ်များဖြင့်သာ ယာယီအစားထိုး ကာရံထားကြောင်း သိရသည်။












Leave a Comments