သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။
သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ ခြင်းဖြစ်ကြောင်း တာချီလိတ်ဒေသခံ အမျိုးသမီးတစ်ဉီး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။
“အခုက ဆိုင်ကယ်တစ်စီးကို ဘတ် ၅၀၊ ကားတစ်စီးကို ဘတ် ၅၀၀ ဖိုးပဲ ထည့်ပေးတော့တာ။ ဆီဆိုင်တွေမှာ တန်းစီပြီး ဝယ်နေကြတာ ၂ ရက်၊ ၃ ရက်လောက်ရှိပြီ။ ဈေးနှုန်းတော့ ပုံမှန်ပဲ။ ထိုင်းဘက်ကနေ တင်သွင်းတဲ့ဆီတွေ ရောက်တာနောက်ကျလို့ ယာယီကန့်သတ်ပြီး ရောင်းပေးတာပါ” ဟု တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
စက်သုံးဆီလုပ်ငန်းရှင်များအသင်း၏ ယာယီအစီအစဉ်အရ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်မှစတင်၍ နေ့စဉ် နံနက် ၇ နာရီမှ နေ့လယ် ၁၂ နာရီအထိ စက်သုံးဆီများကို ယာဉ်အမျိုးအစားအလိုက် အကန့်အသတ်ဖြင့် ရောင်းချပေးနေပြီး ကားတစ်စီးလျှင် ဘတ် ၅၀၀ ဖိုး၊ ဆိုင်ကယ်တစ်စီးလျှင် ဘတ် ၅၀ ဖိုးနှင့် သုံးဘီးဆိုင်ကယ်တစ်စီးလျှင် ဘတ် ၁၀၀ ဖိုးအထိသာ ရောင်းချပေးနေကြောင်း ၎င်းဒေသခံက ဆိုသည်။
လက်ရှိတွင် ပြင်ပ မှောင်ခိုဈေးကွက်၌ စက်သုံးဆီကို တစ်လီတာလျှင် ဘတ် ၅၅ (မြန်မာငွေ ၈၀၀၀ ကျပ်ခန့်) ဝန်းကျင်ဖြင့် ပြန်လည်ရောင်းချမှုများလည်း ရှိနေကြောင်း သိရသည်။
“အပြင်မှာ ပြန်ရောင်းတဲ့ ဆီဈေးနှုန်းတွေကတော့ တစ်လီတာကို ၅၅ ဘတ်လောက် ပေးရတယ်။ ဆိုင်တွေမှာတော့ ၁လီတာကို ၄၅ ဘတ်လောက်ရှိတယ်။ ပြီးခဲ့တဲ့ ၁ လ၊ ၂ လလောက်တုန်းကတော့ ပုံမှန်ပဲ ဆီဆိုင်တွေမှာလည်း ပုံမှန်ပဲ ထည့်လို့ရတယ်။ အခုမှ ဒီလို ပြန်ကန့်သတ်ပြီး ရောင်းနေတာ” ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် တာချီလိတ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့၌ ယာဉ်များ လာရောက်တန်းစီ၍ စက်သုံးဆီ ဝယ်ယူ နေကြပြီး ပြည်သူများအနေဖြင့် မလိုအပ်ဘဲ စက်သုံးဆီအလွန်အကျွံ သိုလှောင်ဝယ်ယူခြင်း မပြုလုပ်ကြရန်နှင့် သက်ဆိုင်ရာ၏ ယာယီစီမံဆောင်ရွက်မှုများကို ပူးပေါင်းလိုက်နာပေးကြရန် စက်သုံးဆီလုပ်ငန်းရှင်များအသင်းက တိုက်တွန်းထားကြောင်း သိရသည်။
သျှမ်းပြည် ရှေ့ပိုင်းတွင် စက်သုံးဆီးများကို ပြန်လည်း ကန့်သတ်ရောင်းချနေခြင်းသည့် ခရီးသည် တင်ယာဉ် နှင့် ကုန်တင်းကားများအတွက် စက်သုံးဆီဝယ်ယူမှု အခက်အခဲများ ပြန်လည်း ကြုံတွေ့လာနိုင်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲများ၏ သက်ရောက်မှုကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံတွင် စစ်ကောင်စီက “စက်သုံးဆီချွေတာရေး” ခေါင်းစဉ်ဖြင့် မော်တော်ယာဉ်များကို စုံ/မ နေ့အလိုက် မောင်းနှင်စေကာ စည်းကမ်းမလိုက်နာသူများကို အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။












Leave a Comments