“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။

မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။

မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ –
• အလည်အပတ်ဆိုရင် Passport for Visit (PV)
• ပညာရေးဆိုရင် Passport for Education (PE)
• စီးပွားရေးလုပ်ငန်းလုပ်သူဆိုရင် Passport for Business (PB)
• အလုပ်လုပ်ကိုင်သူဆိုရင် Passport for Job (PJ)
• ဘာသာရေးဆိုရင် Passport for Religious (PR) ဆိုပြီး ခွဲခြားထားပါတယ်။

စစ်အာဏာသိမ်းပြီး မြန်မာပြည်အခြေအနေ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ တရိပ်ရိပ်ကျဆင်းလာခဲ့ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးလာတင်မကဘဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်လာမှုကြောင့် လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးတာတွေပါ ပြုလုပ်လာပါတယ်။ 

တစ်ဖက်မှာလည်း စစ်တပ်ရဲ့ ဖမ်းဆီးမှုနဲ့ ဖိနှိပ်မှုတွေကြောင့် ပြည်သူအများအပြားဟာ လုံခြုံရေးနဲ့ စားဝတ်နေရေးအတွက် အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ပြည်ပနိုင်ငံတွေကို နည်းမျိုးစုံနဲ့ ရွှေ့ပြောင်းလာကြပါတယ်။ အဓိကအားဖြင့်တော့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံကို အများဆုံး ဝင်ရောက်လာကြသလို စင်ကာပူ၊ ဂျပန်နဲ့ အနောက်နိုင်ငံတွေကိုလည်း သွားရောက် အလုပ်လုပ်ကိုင်ကြပါတယ်။

တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများ

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM )ရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂.၂၇ သန်းကျော် တရားဝင် မှတ်ပုံတင်ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၄ သန်းကျော်လောက် ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ UNDP ရဲ့ ၂၀၂၆ ခုနှစ် အစီရင်ခံစာအရလည်း ၂၀၂၁ ခုနှစ်နောက်ပိုင်း လူငယ်တစ်သန်းထက်မနည်းဟာ ပြည်ပကို နည်းမျိုးစုံနဲ့ ထွက်ခွာသွားကြပြီလို့ သိရပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား အခြေအနေ

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးရှောင်အနေနဲ့ရော၊ မြန်မာရွှေ့ပြောင်းလုပ်သားအနေနဲ့ရော တရားဝင်နည်းလမ်း သာမက တရားမဝင်နည်းလမ်းနဲ့ပါ ရောက်ရှိလာကြပါတယ်။

တရားမဝင်အခြေအနေနဲ့ ရောက်ရှိလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းအစိုးရက အချိန်ကာလအလိုက် မှတ်ပုံတင်ခြင်းနဲ့ စာရွက်စာတမ်း ပြည့်စုံစေရေး အစီအစဉ် ဆောင်ရွက်ပေးခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မတ်လမှာ ထိုင်းအာဏာပိုင်တွေက မြန်မာအလုပ်သမားတွေအတွက် ကိုယ်ရေး အထောက်အထား လက်မှတ် (Certificate of Identity – CI) စင်တာတွေကို ဖွင့်လှစ်ဖို့ စီစဉ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်မှာ စင်တာက CI ထုတ်ပေးခဲ့ပါတယ်။ အဲ့နောက် CI မှတစ်ဆင့် သတ်မှတ်ချက်တွေနဲ့အညီ အလုပ်တရားဝင်ဖြစ်လာအောင် Work permit ကို ဆောင်ရွက်ပေးခဲ့ပါတယ်။

နိုင်ငံကူးလက်မှတ် CI

ဒါပေမယ့် တစ်ဖက်မှာလည်း စာရွက်စာတမ်း မပြည့်စုံသူတွေနဲ့ တရားမဝင် အလုပ်လုပ်နေသူတွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးပြီး ဆက်တိုက် ဖမ်းဆီးခဲ့ပါတယ်။

တဆက်တည်းမှာပဲ ကမ္ဘာတစ်ဝန်းလုံးကို တုန်လှုပ်ခြောက်ခြားစေတဲ့ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းကြောင့် စစ်အာဏာရှင်ကို ရှောင်တိမ်းလာတဲ့ မြန်မာလုပ်သားတွေ၊ မြန်မာလူထုတွေအတွက် အကျပ်ရိုက်စေပြန်ပါတယ်။

အဲ့နောက်ပိုင်း ကျားဖြန့်ကို နှိမ်နင်းမှုတွေပြုလုပ်နေရင်း ရွှေ့ပြောင်းအလုပ်သမားတွေကိုပါ ဖမ်းဆီးမှု ပြုလုပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ နယ်စပ်ဒေသဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ်ဘက်နဲ့ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်မှာ ကျားဖြန့်လုပ်ကိုင်နေသူ များပြားမှုကြောင့် ထိုင်းအစိုးရက မြန်မာနယ်စပ်ရှိ ကျားဖြန့်စခန်းတွေကို ထောက်ပံ့နေတဲ့ လျှပ်စစ်၊ အင်တာနက်နဲ့ လောင်စာဆီကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်ကစပြီး ဖြတ်တောက်ခဲ့ပါတယ်။

အဲ့နောက်ပိုင်း နိုင်ငံခြားသားအလုပ်သမား၊ အလုပ်အကိုင် တရားမဝင်မှုနဲ့ လူကုန်ကူးမှုဆိုင်ရာတွေကို ထိုင်းအာဏာပိုင်က စစ်ဆေးမှု ပိုမိုတင်းကျပ်လာခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကနေ ဧပြီလအထိ လေးလအတွင်း နိုင်ငံခြားသားတွေအပေါ် ဖမ်းဆီးစစ်ဆေးမှု တင်းကျပ်နေတဲ့ကြား မြန်မာနိုင်ငံသား (၆၈၇,၀၀၀) ခန့် ထိုင်းနိုင်ငံကို ဝင်ရောက်ခဲ့တယ်လို့ IOM က ဇွန်လနှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၆ ခုနှစ် မေလကနေ ဇူလိုင်လအထိ ၃ လတာ တရားမဝင် အလုပ်အကိုင်လုပ်ကိုင်သူနဲ့ အလုပ်နဲ့ Work permit မကိုက်ညီမှုတွေကိစ္စကို ထိုင်းအာဏာပိုင်တွေက အပြင်းအထန် နှိမ်နင်းရာမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်နေတာကို တွေ့ရပြန်ပါတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် ထိုင်းအာဏာပိုင်များ ဖမ်းဆီးကြားက မြန်မာလုပ်သားများကလည်း စစ်အာဏာရှင်ဖိနှိပ်မှု၊ စစ်မှုထမ်းဥပဒေနဲ့ စားဝတ်နေရေး ဖြေရှင်းဖို့အတွက် ထိုင်းနိုင်ငံသို့ နေ့စဉ်နဲ့အမျှ ဆက်လက်ဝင်ရောက်လာဆဲပါ။

စစ်အစိုးရရဲ့ ပတ်စ်ပို့ ပေါ်လစီပြောင်းလဲမှု

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာလူငယ်သာမက ပြည်သူသန်းပေါင်းများစွာက နည်းမျိုးစုံနဲ့ ပြည်ပကို ထွက်ခွာဖို့ နိုင်ငံကူးလက်မှတ်ရရှိရေးကို ကြိုးပမ်းလုပ်ဆောင်ကြတာ အားလုံးအသိပါပဲ။ ဒီပတ်စ်ပို့လျှောက်ထားသူ များပြားလာခြင်းကြောင့် မြန်မာတစ်ဝန်းရှိ ပတ်စ်ပို့ထုတ်ပေးတဲ့ရုံးတွေမှာ တိုးကြိတ်ခဲ့ပြီး ၂၀၂၂ ခုနှစ် မတ်လမှာ ပတ်စ်ပို့ပြုလုပ်ရန် QR code ပါတဲ့ အွန်လိုင်းဘွတ်ကင် (Online Booking) စနစ် စတင်ခဲ့ပါတယ်။

အဲ့မှာလည်း လူပေါင်းများစွာ အွန်လိုင်းလျှောက်ထားမှုကြောင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှာ စနစ်ကိုပြင်ဆင်ဖို့ ယာယီရပ်ဆိုင်းပြီး၊ ၂၀၂၄ ခုနှစ်မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပြန်ပါတယ်။

အာဏာသိမ်းစတွင် မြန်မာပြည်သူအများစုက ပြည်ပကို Passport for visit (အလည်ပတ်စ်ပို့) စာအုပ်ဖြင့်သာ ပြည်ပသို့ထွက်ခွာမှုပြုခဲ့ပြီး Passport for Job (PJ) စာအုပ်ကိုင်သူများကို လေဆိပ်က ထွက်ခွာခွင့်မပြုခဲ့တာလည်း ရှိခဲ့ပါတယ်။

နိုင်ငံကူးပတ်စ်ပို့ကြားက သောက

ဆက်လက်ပြီး ၂၀၂၂ ခုနှစ်မှာ စစ်ကောင်စီရဲ့ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက Overseas Worker Identification Card (OWIC) ကတ်ကို ကိုင်မှသာလျှင် PJ သမားတွေ ပြည်ပအလုပ်လုပ်ခွင့်ပြုမယ်ဆိုပြီး လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေမှာ သတ်မှတ်လိုက်ပြန်ပါတယ်။

ဒါပေမယ့်လည်း မြန်မာလူထုကတော့ စစ်အာဏာရှင်လက်အောက်ခံ အဖွဲ့အစည်းတွေက ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သူများကို နည်းမျိုးစုံသုံး အတင်းအဓမ္မ ငွေညှစ်ပေမယ့်လည်း ပြည်ပသို့ ဆက်လက်ထွက်ခွာနေဆဲပါ။

ဒီလိုအခက်အခဲကြားကနေ အခုချိန်မှာတော့ PV နဲ့ ပြည်ပထွက်ခွာသူတွေကို ပြည်ပမှာ သက်တမ်းမတိုးပေးမှုတွေ ပြုလုပ်လာသလို နေပြည်တော်သို့ စာတင်ရမှာဖြစ်ကြောင်း၊ PJ၊ PE အစရှိတဲ့ ပတ်စ်ပို့အမျိုးအစားကိုင်သူတွေ ဆိုရင် လည်း Smart card (UID) ရှိဖို့လိုအပ်ကြောင်းဆိုပြီး ထပ်မံ အကြပ်ကိုင်လာပြန်ပါတယ်။

သုံးသပ်ချက်

စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က သမ္မတဖြစ်လာပြီးနောက် ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယ၊ တရုတ်၊ လာအိုနဲ့ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ ယခု ဩဂုတ် ၅ ရက်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး၊ ဩဂုတ် ၁၇ ရက်မှာ ရုရှားနိုင်ငံသို့ ထွက်ခွာခဲ့ပါတယ်။

အဲ့လို ပြည်ပခရီးစဉ်တွေ ဆက်တိုက်သွားရောက်ပြီးနောက်ပိုင်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် Passport (ပတ်စ်ပို့) ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းတွေ ပိုမိုတင်းကျပ်လာတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ထိုင်းနိုင်ငံမှာ ဩဂုတ် ၁၉ ရက်ကစပြီး PV passport ကိုင်ဆောင်သူတွေရဲ့ ပတ်စ်ပို့သက်တမ်းတိုးခြင်း၊ စာအုပ်လဲလှယ်ခြင်း ဒါမှမဟုတ် ပတ်စ်ပို့အမျိုးအစား ပြောင်းလဲခြင်းတွေမှာ နေပြည်တော်ဘက် စိစစ်အတည်ပြုချက် ရရှိပြီးမှ ဆက်လက်ဆောင်ရွက်ပေးမယ့် လုပ်ထုံးလုပ်နည်းမျိုး ဖြစ်လာတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

ဒါ့အပြင် ပတ်စ်ပို့ဝန်ဆောင်မှုတွေကို နေပြည်တော်ဘက်သို့ ပြန်လည်စိစစ်ခွင့်ပြုရတဲ့ လုပ်ထုံးလုပ်နည်း ဖြစ်လာခြင်းဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ နိုင်ငံရေးနောက်ခံတွေကို ပိုမိုစိစစ် ထိန်းချုပ်နိုင်တဲ့ ယန္တရားတစ်ခုအဖြစ် အသုံးချလာနိုင်မလား ဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။

ဆက်လက်ပြီး ပတ်စ်ပို့ သက်တမ်းတိုးရာမှာ Unique Identification Number (UID Smart Card) ရှိမှပဲ တိုးပေးမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင် ပတ်စ်ပို့ဟာ ပြည်ပထွက်ခွာဖို့အတွက် လိုအပ်တဲ့ ခရီးသွားစာရွက်စာတမ်း တစ်ခုတည်း မဟုတ်တော့ဘဲ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ သွားလာနေထိုင်ခွင့်၊ အလုပ်အကိုင်၊ ဘဝအခွင့်အလမ်းသစ် ရှာဖွေခြင်းတစ်ခုသာမက လုံခြုံရေး၊ စားဝတ်နေရေးနဲ့ အနာဂတ်အစီအစဉ်တွေအပေါ် သက်ရောက်နိုင်တဲ့ အရေးကြီး ရွေးချယ်စရာ အချက်တစ်ခု ဖြစ်လာပါတယ်။

အခု ပြည်ပရောက်မြန်မာလူထုတွေဟာ ပတ်စ်ပို့နဲ့ပတ်သက်ပြီး မသေချာမရေရာမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေ ပိုမိုဖြစ်ပေါ်စေပြီး အခုလို ပြုလုပ်ခြင်းက လူထုကို လွတ်လပ်စွာ သွားလာခွင့် ပိတ်ပင်တဲ့သဘော ပေါ်လွင်နေပါတယ်။

လက်ရှိ မြန်မာ့စစ်အစိုးရဘက်က ပြည်ပရောက် မြန်မာနိုင်ငံသားတွေအပေါ် ပတ်စ်ပို့နဲ့ သက်ဆိုင်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ ပိုတင်းကျပ်လာခြင်းက နိုင်ငံရေးအရ သက်ရောက်မှုရှိနိုင်တဲ့ ကိစ္စရပ်အဖြစ် မြင်နိုင်ပါတယ်။ အထူးသဖြင့် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်သူတွေ၊ ပြည်ပမှာ အခြေစိုက် လုပ်ကိုင်နေသူတွေ၊ သတင်းမီဒီယာတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဆက်စပ်သူတွေအပေါ် ပိုစိစစ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်ထားခြင်းလားဆိုတဲ့ မေးခွန်းပေါ်ပေါက်လာပါတယ်။

တစ်ဖက်မှာလည်း ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကတစ်ဆင့် MOU စနစ်နဲ့ တရားဝင်အလုပ်သမားအဖြစ် ပြန်လည်စီမံခန့်ခွဲပြီး ဝင်ငွေခွန်ကောက်ခံနိုင်ဖို့ ရည်ရွယ်ချက်လည်း ပါဝင်နိုင်ပါတယ်။ တချိန်တည်းမှာပင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို တရားဝင်လမ်းကြောင်းတွေကတစ်ဆင့် ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာစေရန်လည်း ရည်ရွယ်ထားခြင်း ဖြစ်နိုင်ပါတယ်။

Passport

ဒါပေမယ့် လက်ရှိအခြေအနေမှာ ပတ်စ်ပို့ဟာ ပြည်ပထွက်ခွာဖို့အတွက် ခရီးသွားစာရွက်စာတမ်းတစ်ခုတည်း မဟုတ်တော့ဘဲ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်နဲ့ တရားဝင်နေထိုင်ခွင့် အခြေအနေတွေကိုပါ သက်ရောက်နိုင်တဲ့ အရေးကြီးစာရွက်စာတမ်းတစ်ခု ဖြစ်ပါတယ်။

ဒီလုပ်ထုံးလုပ်နည်းတွေ ပိုရှုပ်ထွေးလာခြင်းဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် အချိန်၊ ငွေကြေးနဲ့ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေ ပိုတိုးလာစေပါတယ်။

နောက်ဆုံးအနေနဲ့ စစ်အာဏာသိမ်းအစိုးရဘက်က ဘယ်လောက်ပဲ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်ဖို့ ကြိုးပမ်းနေပါစေ၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း မိမိတို့ရဲ့ နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်နဲ့ တရားဝင်စာရွက်စာတမ်းအတွက် ပတ်စ်ပို့လုပ်ထုံးလုပ်နည်းတွေ ပိုမိုရှုပ်ထွေးလာပြီး အချိန်နဲ့ ငွေကြေးကုန်ကျမှုတွေ အဆမတန် ပိုများလာနိုင်ပါတယ်။

ဒါကြောင့် လက်ရှိ ပတ်စ်ပို့ဆိုင်ရာ မူဝါဒနဲ့ လုပ်ထုံးလုပ်နည်း ပြောင်းလဲမှုတွေဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် စိုးရိမ်ပူပန်မှုနဲ့ မသေချာမရေရာမှုတွေကို ပိုဖြစ်ပေါ်စေပြီး၊ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်အပေါ် သက်ရောက်မှုရှိလာနိုင်တဲ့ အခြေအနေတစ်ရပ် ဖြစ်နေပါတော့တယ်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...

PV ပတ်စ်ပို့အသစ်လဲရန် နေပြည်တော်ခွင့်ပြုချက် လိုအပ်လာမှုကြောင့် ထိုင်းရောက်မြန်မာများ စိုးရိမ်နေ

0
ထိုင်းနိုင်ငံတွင် အလည်အပတ်နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်ထားသူများ ပတ်စ်ပို့သက်တမ်းတိုးခြင်းနှင့် အမျိုးအစားပြောင်းလဲခြင်း လုပ်ငန်းစဉ်များတွင် နေပြည်တော်၏ တိုက်ရိုက်ခွင့်ပြုချက် ရယူရမည်ဆိုသည့် သတင်းများကြောင့် ထိုင်းရောက်မြန်မာလုပ်သားများကြား စိုးရိမ်မှု မြင့်တက်နေသည်။ ယခင်က PV အမျိုးအစားမှ PJ အလုပ်သမားပတ်စ်ပို့သို့ ပြောင်းလဲခြင်းကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ဆောင်ရွက်နိုင်သော်လည်း ယခုအခါ နေပြည်တော်သို့...

နှစ်လအတွင်း ရွာငံဒေသခံ (၄၀)ကျော်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် နှစ်လ အတွင်း ကျေးရွာများမှ ဒေသခံများကို စစ်ကော်မရှင်တပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်တွင် ဇူလိုင်နှင့် ယခု သြဂုတ်လ အတွင်း ကျောက်ငှက်၊ သိမ်ကုန်း၊ မြစေတီ၊ မြိုင်၊...