သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် နှစ်လ အတွင်း ကျေးရွာများမှ ဒေသခံများကို စစ်ကော်မရှင်တပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။
ရွာငံမြို့နယ်တွင် ဇူလိုင်နှင့် ယခု သြဂုတ်လ အတွင်း ကျောက်ငှက်၊ သိမ်ကုန်း၊ မြစေတီ၊ မြိုင်၊ နွားဘန်းကြီး စသည့် ကျေးရွာများမှ ဒေသခံ ၄၀ ဦးခန့် ဖမ်းဆီးခံခဲ့ရပြီး အချို့မှာ လက်ရှိအချိန်ထိ မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသည့်အပြင် အဆက်အသွယ်ပြတ်နေသူများလည်း ရှိကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဖမ်းခံထားရတဲ့သူတွေက ကျောက်ငှက်၊ သိမ်ကုန်း၊ မြစေတီ၊ မြိုင်၊ နွားဘန်းကြီး စတဲ့ရွာတွေကပါ။ ဖမ်းဆီးပြီး ဘယ်မှာထားတယ်၊ ဘာလုပ်တယ်ဆိုတာက ပုံစံမတူကြဘူး။တချို့ကလည်း အဆက်အသွယ်ပြတ်နေကြတယ်” ဟု စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် (ဩဂုတ်လ ၄ ရက်)တွင်လည်း စစ်ကောင်စီတပ်က မြစေတီကျေးရွာမှ ဒေသခံ (၇) ဦးကို ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် (ဩဂုတ်လ ၁၆ ရက်)တွင် ရွာငံမြို့နယ်အတွင်း PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနိုင်သည် ဟုဆိုကာ မြိုင်ကျေးရွာအုပ်စု၊ အလယ်ချောင်းအုပ်စုနှင့် ခေါင်းကျေးရွာအုပ်စုတို့မှ ဒေသခံများကို စစ်ကောင်စီတပ်က နေရပ်မှ ရှောင်ခိုင်းထားကြောင်း သိရသည်။
ရွာငံမြို့နယ်အတွင် စစ်ကော်မရှင်တပ် ၊ စစ်ကော်မရှင်တပ် လက်အောက်ခံ ပျူစောထီးတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်၊ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး DPLA/DPLF နှင့် ဓနုပြည်နယ် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DSNDA) တို့ သွားလာလှုပ်ရှားကြကြောင်းသိရသည်။













Leave a Comments