သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့် သဘာဝဘေးအတွက် အထောက်ကူဖြစ်စေရေးနှင့် အရိပ်ရစေရန်အတွက် ခါတော်မှီအပင် နှစ်သိန်း သုံးသောင်းကျော်ကို အခမဲ့ ပေးအပ်ခဲ့ကြောင်းကို စစ်ကော်မရှင်၏ ဝါဒဖြန့် သတင်းဌာန MRTV တွင် ပြောဆိုခဲ့သည်။
သို့သော်မြေပြင် အနေအထားအရ အခမဲ့ ပေးဆောင်ခြင်းမရှိသည့်အပြင် သဘာဝဘေးဒဏ်၊ စစ်ဘေးဒဏ်ကြောင့် အဖက်ဖက် ဆုံးရှုံးနေပြီး နလန်ထူရန် ခက်ခဲနေချိန် စစ်အစိုးရ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင်ကို တစ်ပင်လျှင် (၄၀၀)ကျပ်ဖြင့် လာရောက်ရောင်းချပြီး မဝယ်မနေရဟုဆိုပြီး အတင်းအဓမ္မရောင်းချနေကြောင်း မဲနယ်တောင် ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်အစိုးရလုပ်လေ့ရှိသည့် မိုးရာသီ သစ်ပင်စိုက်ပွဲတော်
“ သတင်းမှာတော့ အခမဲ့ပေါ့။ တကယ်မြေပြင်မှာတော့ သစ်ပင်တွေ၊ ကော်ဖီပင်တွေ ကို တစ်ပင် လေးရာကျပ် နဲ့ရောင်းတယ်။ တအိမ်ကို အပင် ၅၀ ဝယ်ရတယ်။ မဝယ်ရင်လည်း မရဘူး။ အတင်းရောင်းနေတာ။ ကျနော်တို့လည်း ဘာမှ မပြောရဲဘူး” ဟု ၎င်းဒေသခံ အမျိုးသားက ဆိုသည်။
ဟိုပုံးမြို့နယ်သည် သဘာဝဘေးဒဏ်ကို ၂၀၂၄ခုနစ်မှ စတင်ကာ အကြီးအကျယ်ခံရပြီး၊ တောင်ပြို ရေကြီးမှုကြောင့် ရွာလုံးကျွတ်ပျက်စီးခဲ့ရသည့်အဆင့်ရှိသည်။
ထိုပျက်စီးမှုနှင့်ပတ်သက်ပြီး စစ်အစိုးရအနေဖြင့် တစုံတရာ ဖြေရှင်းပေးခြင်းမရှိသည့်အတွက် ဒေသခံများ ကိုယ်ထူကိုယ်ထ နည်းလမ်းရှာဖွေပြီး ပြုပြင်နေရချိန်တွင် သဘာဝဘေးဒဏ်ကာကွယ်ရန်အတွက် သစ်ပင်စိုက်ပျိုးရန် အပင်များ လိုက်လံရောင်းချနေမှုသည် အလွန်ပင် ရုပ်ဆိုးကြောင်း ဟိုပုံးဒေသခံ အမျိုးသမီးတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဆက်လက်ပြီး ယခုနှစ်၂၀၂၆ ခုနှစ် ဩဂုတ်လ (၃) ရက်တွင်လည်း ဟိုပုံးမြို့နယ် နောင်ခမ်းကျေးရွာနှင့် ဟိုပုံးမြို့တောင်ဘက် ၆မိုင် နမ်ကင် ဘက်တွင် ရေကြီးရေလျှံမှုကြောင့် ပြောင်းခင်းများ ပျက်စီးကုန်ပြီး နေအိမ်အတွင်း ရေများ ဝင်ရောက်နေကြောင်း သိရသည်။
“ပြောင်းပင်ဆိုလည်းကြီးကုန်ပီ ရေတက်လာတော့ အကုန်လဲပြီး ပျက်စီးကုန်တာ၊ ဒီနှစ်တော့ သီးနှံတွေ အကုန်ပျက်ပဲ ပြောင်းခင်း ၁၀ ဧကလောက်က ရေကြောင့် ပျက်စီးတယ်၊ လမ်းတွေဆိုလည်း သွားမရဘူး၊ အိမ်တွေထဲလည်း ရေဝင်တယ်၊ တစ်ခါမှ ဒီလို မဖြစ်ဖူးဘူး ဒီနှစ်က တော်တော်ဆိုးတယ်။”ဟု ဟိုပုံးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုလက်ရှိ မြန်မာနိုင်ငံတွင် သျှမ်းတောင်အပါဝင် တစ်နိုင်ငံလုံးနီးပါး ရေဘေးကြုံနေရပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းေနကြရသည်။
“ မိုးများရင် တောင်ကျရေတွေ စီးဆင်းနိုင်သေးလို့ တောင်စောင်းက ရှိတဲ့ ရွာတွေကို သတိထားစေချင်တယ် ၊ မိုးများတဲ့ ကာလကို တခြားနေရာကို ရွှေ့ပြောင်းနေသင့်တယ် သဘာဝဘေးက ကြိုတင် မခန့်မှန်းနိုင်လို့ ပြင်ဆင်ထားတာ အကောင်းဆုံးပဲ။”ဟု သဘာဝ ပတ်ဝန်းကျင်ရေး လေ့လာနေသည့် လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ သျှမ်းပြည်လားရှိုးမြို့ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် နမ့်ပေါင်ချောင်းရေ မြင့်တက်ကာ ကမ်းပါးကျော်၍ လယ်ကွက်များ၊ လမ်းများနှင့် ချောင်းနံဘေးရှိ နေအိမ်အချို့ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
အလာားတူ သျှမ်းပြည် နမ့်ခမ်း မြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရေနစ်မြှုပ်နေကြောင်း သိရသည်။













Leave a Comments