မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။
ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန် နေပြည်တော်သို့ ရောက်ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဒီနေ့ NSPNC နဲ့ UWSA တွေ့ဖို့ ရှိတယ်လို့တော့ သိထားတယ်။ ဘယ်သူတွေ သွားတက်ပြီး အသေးစိတ် ဘာဆွေးနွေးလဲ ဆိုတာတော့ မသိသေးဘူး” ဟု မြောက်ပိုင်းမဟာမိတ်တပ်များနှင့် နီးစပ်သူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များ နေပြည်တော်သွားရောက်ပြီး NSPNC နှင့် တွေ့ဆုံဆွေးနွေးမည့် အခြေအနေကို သိရှိနိုင်ရန် ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။
ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်တွင် UWSA ဗဟိုဌာနချုပ်ရှိရာ ပန်ဆန်းမြို့သို့ NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနိုင် ဦးဆောင်သည့် အဖွဲ့ဝင်များ လူကိုယ်တိုင် သွားရောက်ပြီး UWSA ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ညီနောင်မဟာမိတ်တပ်များ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”တွင် ‘ဝ’တပ်ဖွဲ့ UWSA တိုက်ရိုက်ပါဝင်ခြင်း မရှိသော်လည်း ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်ရရှိခဲ့သည့် ဟိုပန်နှင့် ပန်လုံမြို့သို့ကို လွှဲပြောင်းရယူခဲ့ပြီး ဟိုပန်ခရိုင်အဖြစ် UWSA ဘက်မှ အဆင့်တိုးမြှင့်ပြီး အုပ်ချုပ်ရေးယန္တရား တည်ဆောက်နေသည်။
အလားတူ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် အခြားသော မြောက်ပိုင်းမဟာမိတ် FPNCC တပ်ဖွဲ့ဝင်များလည်း စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန် ယခု ဩဂုတ်လအတွင်း နေပြည်တော်သို့ ထပ်မံသွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့များထဲမှ ဦးဆောင်အဖွဲ့ တစ်ဖွဲ့နှင့် NSPNC တို့ သီးသန့်တွေ့ဆုံ ဆွေးနွေးရန်ရှိကြောင်း ဆိုသည်။
ဇူလိုင်လ ၃၁ ရက်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး စစ်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် (၁၃) ဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။













Leave a Comments