တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။ 

ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် “တအာင်းပြည်နယ်” အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။

ထိုတောင်းဆိုချက်အပေါ် NSPNC က ၎င်းတို့ စစ်တပ်ကိုယ်တိုင် ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်နိုင်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့သည်။

အဆိုပါ တုံ့ပြန်ချက်သည် တရားဥပဒေကြောင်းအရ လမ်းကြောင်းတခု ပေးလိုက်သည်ဟု ထင်ရသော်လည်း၊ အမှန်တကယ်မှာ တမြင်ဖုံးကွယ်ထားသော စနစ်ဆိုင်ရာ ထောင်ချောက်တစ်ခုဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်၏ သဘောတူညီချက် မပါဘဲ တိုင်းရင်းသား ပြည်နယ်သစ်တစ်ခု ဖန်တီးရန် လုံးဝ မဖြစ်နိုင်သည့် လိုအပ်ချက်များဖြင့် တင်းတင်းကြပ်ကြပ် တည်ဆောက်ထားခြင်း ဖြစ်သည်။ 

စစ်တပ်ကိုယ်တိုင်က ဆန္ဒမရှိဘဲ တောင်းဆိုချက်အား သဘောတူသည်ဆိုသည်မှာ လက်ရှိ အာဏာနှင့် အခြေအနေကို ဆက်လက်ဆုပ်ကိုင်ထားလိုသည့် စစ်တပ်၏အကျိုးစီးပွားနှင့်လည်း လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။

ထိုကြောင့် လက်ရှိ ဥပဒေအောက်တွင် ယခု တောင်းဆိုချက် ပြည့်ဝရန် မဖြစ်နိုင်ကြောင်း နားလည်နိုင်ရန်အတွက် TNLA ၏ မျှော်မှန်းချက်နှင့် လက်တွေ့အကောင်အထည်ဖော်မှုအကြား တားဆီးနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အဆင့် ၄ ဆင့်ရှိ အဟန့်အတားများကို လေ့လာကြည့်ရမည်ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဥပဒေပြုရေးဆိုင်ရာ အဟန့်အတားများ

ပထမဦးဆုံး လုပ်ငန်းစဉ်မှာ ပြည်ထောင်စုလွှတ်တော်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းခြင်းဖြင့် စတင်သည်။

၎င်းဥပဒေကြမ်း လွှတ်တော်အတွင်း ရောက်ရှိရန်အတွက်ပင် လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၂၀ ရာခိုင်နှုန်းထံမှ လက်မှတ် ရရှိရမည်ဖြစ်သည်။ ထို ပဏာမ သတ်မှတ်ချက်ကို မပြည့်မီပါက လွှတ်တော်အတွင်း ဆွေးနွေးသည့် အဆင့်သို့ပင် မရောက်ရှိဘဲ ပျက်ပြယ်သွားမည် ဖြစ်သည်။ 

ယခု ပထမအဆင့် အဟန့်အတားတခုတည်းကပင် နိုင်ငံရေးအရ ဖြစ်နိုင်ခြေရှိသော သို့မဟုတ် စစ်တပ်က သဘောတူထားသော ပြင်ဆင်ချက်များကိုသာ ဆက်လက် ဆောင်ရွက်နိုင်အောင် အာမခံချက် ပေးထားခြင်းဖြစ်သည်။

ဥပဒေကြမ်းသည် ပထမအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့လျှင် ဒုတိယအဆင့်နှင့် အရေးအကြီးဆုံးအဆင့်ဖြစ်သော အတည်ပြုရေး မဲခွဲသည့်အဆင့်သို့ ရောက်ရှိမည်ဖြစ်သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြင်ဆင်ချက် အတည်ဖြစ်ရန် လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် မဲရရှိရမည် ဖြစ်သည်။ 

ထိုနေရာတွင် စစ်တပ်၏ အလုံးစုံ ထိန်းချုပ်ထားမှုသည် ကျော်လွှားရန်မဖြစ်နိုင်သော အတားအဆီး တစ်ခု ဖြစ်လာသည်။ တပ်မတော်သည် ရွေးကောက်ခံမဟုတ်ဘဲ တိုက်ရိုက်ခန့်အပ်ထားသည့် လွှတ်တော်အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို အာမခံချက်အဖြစ် ဖွဲ့စည်းပုံအရ ရယူထားသည်။ 

လိုအပ်သည့် ၇၅ ရာခိုင်နှုန်းကျော် ရရှိရန်အတွက် ပြည်သူ့ကိုယ်စားလှယ် အားလုံးက ထောက်ခံမဲပေးရမည်ဖြစ်ပြီး စစ်တပ်ကလည်း ထောက်ခံမဲ (သို့မဟုတ် အနည်းဆုံး မဲမပေးဘဲ ကြားနေ) ပေးရမည်ဖြစ်သည်။ 

လက်တွေ့တွင် စစ်တပ်က “ကန့်ကွက်မဲ” ပေးလိုက်ရုံဖြင့် အဆိုပြုချက်မှာ ချက်ချင်း ပျက်ပြယ်သွားမည် ဖြစ်သည်။ 

ယခု ၂၅ ရာခိုင်နှုန်း ရာခိုင်နှုန်းခွဲတမ်းသည် စစ်တပ်က ဆန္ဒမရှိလျှင် ပြည်နယ်သစ် ဖန်တီးခြင်းကို တရားဥပဒေအရ လုံးဝ မဖြစ်နိုင်အောင် တားဆီးထားသည့် တိုက်ရိုက် ကန့်ကွက်ပိုင်ခွင့် (Veto power) ဖြစ်သည်။

ဒေသတွင်းနှင့် အမျိုးသားအဆင့် အတားအဆီးများ

ထိုသို့ မဖြစ်နိုင်သည့်အရာများ ဖြစ်ပေါ်လာပြီး ပြည်ထောင်စုလွှတ်တော်က အဆိုပါ ဥပဒေကြမ်းကို အတည်ပြုပေးခဲ့လျှင် တတိယအဆင့်ဖြစ်သော သျှမ်းပြည်လွှတ်တော်နှင့် အစိုးရအဖွဲ့၏ သဘောတူညီချက် ရယူခြင်းဆိုသည့် ကြီးမားသော နိုင်ငံရေးစိန်ခေါ်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

မူလက မရှိခဲ့သော “တအာင်းပြည်နယ်” ဟူသည့် နယ်မြေမှာ သျှမ်းပြည်၏ နယ်နိမိတ်အတွင်း၌ လုံးဝ တည်ရှိနေခြင်း ဖြစ်သည်။ ပြည်နယ်သစ်တစ်ခု ဖန်တီးရန်အတွက် နယ်မြေခွဲထွက်ပေးရမည့် မူလပြည်နယ်၏ သဘောတူညီချက် လိုအပ်သည်။ 

တအာင်း၊ သျှမ်း နှင့် တိုင်းရင်းသား အစုအဖွဲ့များအကြား ရှုပ်ထွေးသော သမိုင်းကြောင်း၊ နယ်မြေထပ်တူကျမှုများနှင့် နိုင်ငံရေး တင်းမာမှုများအရ သဘောတူညီချက်ရရှိရန် ညှိနှိုင်းခြင်းမှာ စစ်တပ်နှင့် သျှမ်းပြည် အာဏာပိုင်များ ကျော်လွှားနိုင်ခြေမရှိသည့် သံတမန်ရေးရာ စိန်ခေါ်မှုတစ်ခုဖြစ်သည်။

စတုတ္ထနှင့် နောက်ဆုံး တရားဥပဒေဆိုင်ရာ အဆင့်မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဖြစ်သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) အရ လွှတ်တော်အတွင်း အတည်ပြုချက်ရရှိရုံသာမက ပြင်ဆင်ချက်အား ပယ်ဖျက်/အတည်ပြုရန် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်နိုင်ငံလုံးရှိ ပြည်သူများ၏ ၅၀ ရာခိုင်နှုန်းကျော်က ထောက်ခံမဲပေး ရမည်ဖြစ်သည်။ 

ယခုလိုအပ်ချက်မှာ တိုင်းရင်းသား လူနည်းစုဒေသ၏ ပြည်နယ်တောင်းဆိုချက်တစ်ခုအတွက် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထောက်ခံမဲအများစု ရရှိရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ဒေသအလိုက် လူဦးရေ သန်းခေါင်စာရင်းများ နှင့် ဒေသတွင်း နိုင်ငံရေးအရ စည်းလုံးညီညွတ်မှုမရှိဘဲ အစုအဖွဲ့များစွာ ကွဲပြားနေမှုများအရ ဒေသတစ်ခုတည်းအတွက် ပြည်နယ်သစ်တောင်းဆိုချက်ကို တစ်နိုင်ငံလုံး မဲဆန္ဒရှင်အများစုက ထောက်ခံရန်မှာ ကိန်းဂဏန်းအရ မဖြစ်နိုင်သလောက် ဖြစ်သည်။ 

ပြည်နယ်သစ် ခွဲထွက်ဖန်တီးမည့် အဆိုပြုချက်ကို အဆိုပါဒေသတွင် မနေထိုင်ကြသည့် တစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင်အများစုက ငြင်းပယ်နိုင်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ တင်းကျပ်သည့် အဆင့် ၄ ဆင့်လုံးကို ကျော်ဖြတ်နိုင်ခဲ့ပါမှ ဥပဒေကြမ်း စာရွက်များကို နိုင်ငံတော်သမ္မတထံ လက်မှတ်ရေးထိုးရန် တင်ပြရမည်ဖြစ်သည်။ 

သို့သော် ၂၀၀၈ မူဘောင်အောက်တွင် သမ္မတအား စစ်တပ်က စိစစ်စစ်ဆေးထားပြီး ဖြစ်သဖြင့် ရှေ့အဆင့်များကို ကျော်ဖြတ်နိုင်ခဲ့လျှင် အဆိုပါ နောက်ဆုံးအဆင့်မှာ ဟန်ပြမျှသာ ဖြစ်သွားမည်ဖြစ်သည်။ 

လုပ်ငန်းစဉ်တခုလုံးမှာ စစ်တပ်၏ ဆန္ဒကို ဆန့်ကျင်၍ မည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုမျှ မဖြစ်ပေါ်စေရန် စနစ်တကျ ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ရာ၊ ယခု ဖွဲ့စည်းပုံ ဥပဒေနှင့် မူဘောင်များ အောက်တွင် တအာင်းပြည်နယ် ဖန်တီးရေးမှာ တရားဥပဒေအရ လမ်းစပျောက်နေသည့် ကိစ္စဖြစ်သည်။

စစ်မြေပြင်မှ သံတမန်ရေးရာ အကျပ်အတည်းသို့

TNLA ၏ နိုင်ငံရေးအရ ဆွေးနွေးပွဲများသို့ ဦးလှည့်လာမှုကို မကြာသေးမီက လက်တွေ့မြေပြင် စစ်ရေး အခြေအနေများနှင့် နှိုင်းယှဉ်လေ့လာရမည်ဖြစ်သည်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် TNLA သည် ၎င်း၏ မဟာမိတ်များဖြစ်ကြသော MNDAA (ကိုးကန့်) နှင့် AA (ရက္ခိုင့်တပ်တော်) တို့နှင့်အတူ “၁၀၂၇ စစ်ဆင်ရေး” ကို စတင်ခဲ့သည်။ 

ထိုထိုးစစ်သည် စစ်တပ်အား အကြိမ်ကြိမ် အထိနာစေခဲ့ပြီး သျှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်ပေါင်း တစ်ဒါဇင်ကျော် TNLA ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်။

သို့သော်လည်း အဆိုပါ စစ်ရေးအရှိန်အဟုန်မှာ ပထဝီနိုင်ငံရေး အခြေအနေများကြောင့် ရပ်တန့်သွား ခဲ့ပြီဖြစ်သည်သည်။

စစ်ဆင်ရေး ၂ နှစ်မြောက်အချိန်တွင် တရုတ်နိုင်ငံ၏ ပြင်းပြင်းထန်ထန် ဖိအားပေးမှုနှင့် ဝင်ရောက် စွက်ဖက်မှုများကြောင့် TNLA သည် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ရပြီး အဓိကမြို့အချို့ကို စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။ 

ယခုကဲ့သို့ စစ်မြေပြင် စိုးမိုးထားနိုင်မှုမှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ သံတမန်ရေးရာ တွေ့ဆုံမှုသို့ ပြောင်းလဲလာခြင်းမှာ စစ်ရေးအရ အနိုင်ရရှိရုံမျှဖြင့် နိုင်ငံတကာ သို့မဟုတ် တရားဥပဒေအရ အသိအမှတ်ပြုမှု မရရှိနိုင်ကြောင်း TNLA ၏ လက်ခံလိုက်ရမှုကို ပြသနေသည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှတစ်ဆင့် ပြည်နယ်ဖြစ်ရေး တောင်းဆိုမှုမှာ ၎င်းတို့၏ လက်ရှိ ထိန်းချုပ်ထားမှုကို တရားဝင်ဖြစ်အောင် ဆောင်ရွက်သည့် ကြိုးပမ်းမှုအဖြစ် မြင်တွေ့ရသော်လည်း၊ ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးပြုရန် စစ်အစိုးရ၏ အကြံပြုချက်မှာလည်း သံတမန်ရေးရာအရ လမ်းလွှဲလိုက်ခြင်းသာ ဖြစ်သည်။

သုံးသပ်ချက် – တရားဥပဒေအရ မဖြစ်နိုင်သည့် ကိစ္စ

NSPNC ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးပြုရန်ဟူသော အကြံပြုချက်ဆိုသည်မှာ လိမ္မာပါးနပ်စွာ ငြင်းပယ်လိုက်သည့် အကြောင်းပြချက်ဖြစ်သည်။ 

စစ်တပ်က ၎င်းတို့ ကိုယ်ပိုင်အကျိုးစီးပွားကို ဖျက်ဆီးမည့် (မိမိတို့၏ ၂၅ ရာခိုင်နှုန်း ဗီဒိုအာဏာအား ဆန့်ကျင်ပြီး မဲပေးရမည့်) လုပ်ငန်းစဉ်တစ်ခုကို ၎င်းတို့ စိတ်တိုင်းကျဖန်တီးထားသည့် ဥပဒေကို အသုံးပြုရန် အကြံပြု လိုက်ခြင်းဖြင့် စစ်အစိုးရသည် တအာင်းလူမျိုးများအတွက် တရားဝင် ပြည်နယ်ဖြစ်ရေးမှာ ဆွေးနွေးစရာ အကြောင်းအရာမဟုတ်ကြောင်း အချက်ပြလိုက်ခြင်း ဖြစ်သည်။ 

TNLA အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် “တအာင်းပြည်နယ်” အိပ်မက်မှာ တရားဥပဒေအရ မဖြစ်နိုင်သည့် ကိစ္စဖြစ်သည်။

ပြည်နယ်ဖြစ်လာရေးအတွက် တစ်ခုတည်းသော ဖြစ်နိုင်သည့် လမ်းကြောင်းမှာ  ဥပဒေမူဘောင်များ၏ အပြင်ဘက်၌သာ ရှိသည်။ 

အောက်ခြေမှ အထက်သို့ ဦးတည်သည့် (Bottom-up) တော်လှန်ရေးနည်းလမ်းဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား အပြီးတိုင် ဖျက်သိမ်းကာ ဖက်ဒရယ်ပြည်ထောင်စုသစ်ကို တည်ထောင်ခြင်း ဖြစ်သည်။ 

သို့သော် မကြာသေးမီက အပစ်အခတ်ရပ်စဲရေးတွင် တွေ့ရှိရသည့်အတိုင်း TNLA ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မှာ တရုတ်နိုင်ငံ၏ ပထဝီနိုင်ငံရေး အကျိုးစီးပွားများနှင့် သျှမ်းပြည်မြောက်ပိုင်း၏ ရှုပ်ထွေးသော တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် လက်တွေ့အခြေအနေများကြောင့် ကြီးမားသော အတားအဆီးများကြား ချုပ်ချယ်ခံထားရဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အဆောက်အအုံကို အခြေခံကျကျ ပြန်လည်မရေးဆွဲနိုင်သေးသမျှ ကာလပတ်လုံး TNLA သည် လက်တွေ့အရ အင်အားကြီးသော ဒေသတွင်း အာဏာပိုင်အဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်သော်လည်း၊ တရားဝင် ပြည်နယ်အဆင့်အတန်း (de jure status) မှာ ဆက်လက် ဝေးကွာနေဦးမည့် မျှော်လင့်ချက်တစ်ခုအဖြစ်သာ ရှိနေမည် ဖြစ်သည်။

ဤဆောင်းပါးပါ အချက်အလက်များနှင့် အတွေးအမြင်များသည် စာရေးသူ စိုင်းဝမ်းဆိုင်၏ အာဘော်သာဖြစ်သည်။ 

ဤဆောင်းပါးသည် စာရေးသူ စိုင်းဝမ်းဆိုင်၏  
THE CONSTITUTIONAL WALL: Why the TNLA’s Bid for “Ta’ang State” Cannot Be Granted Under the 2008 Framework အင်္ဂလိပ်ဘာသာဆောင်းပါးအား ယူဂျင်းမှ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းအရှေ့ ကော်ဖီစိုက်ပျိုးရေး နည်းပညာပံ့ပိုးပေးရန် NSPNC နှင့် LDU နေပြည်တော်တွင်ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-ပန်ဝိုင်-ဝိုင်လီဒေသရှိ လားဟူတိုင်းရင်းသားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာရေးဗီးကား ကော်ဖီစိုက်ပျိုးရေးတို့ကို ကူညီပံ့ပိုးပေးရန် NSPNC နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

0
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...