“တရုတ်မယားအဖြစ် ရောင်းစားခံရမှုက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်လာနေပြီ”

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း လူကုန်ကူးမှုပုံစံသည် နယ်စပ်ဂိတ်များ ပိတ်သွားခြင်းကြောင့် တရားမဝင် ခိုးပေါက်များနှင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် လှည့်ဖြားသည့် နည်းလမ်းများ ပြောင်းလဲလာသည်။ 

အထူးသဖြင့် အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား အမျိုးသမီးများသည် တရုတ်မယားအဖြစ်နှင့် ကလေးမွေးရန် ကုန်စည်သဖွယ် ထပ်ခါတလဲလဲ ရောင်းစားခံနေရသည့်အပြင် ပြည်တွင်းရှိ ကျားဖြန့်စင်တာများထိပါ ရောင်းစားခံရသည့် ဖြစ်စဉ်များ သိသိသာသာ များပြားလာသည်။ 

စစ်ရေးပဋိက္ခနှင့် စီးပွားရေး ပြိုလဲမှုများက အမျိုးသမီးများကို လူကုန်ကူးမှု ထောင်ချောက်ထဲ တွန်းပို့နေသော်လည်း နယ်စပ်ဒေသအသီးသီးကို ထိန်းချုပ်ထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများမှာ တာဝန်ယူဖြေရှင်းပေးနိုင်မှု အားနည်းနေသည်။ 

ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီးများမှာလည်း လူမှုပတ်ဝန်းကျင်၏ ခွဲခြားဆက်ဆံမှုနှင့် စိတ်ဒဏ်ရာများကို ရင်ဆိုင်နေရကာ ကူညီပေးမည့် ထောက်ပံ့မှုများလည်း ရှားပါးနေသည်။ 

ထို့ကြောင့် လူကုန်ကူးမှုပြဿနာသည် နယ်စပ်ဒေသတစ်ခုတည်း မဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ အမျိုးသမီးများအတွက် မည်သို့သော စိတ်ခေါ်မှုနှင့် ခြိမ်းခြောက်မှုများ ဖြစ်လာနေလဲဆိုတာကို ကချင်အမျိုးသမီးအစည်းအရုံး (KWAT) ၏ ပြောရေးဆိုခွင့်ရှိသူ ဆန်ထွယ်ကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဟန်လင်းက ဆက်သွယ်မေးမြန်းထားသည်။ 

မေး။ ။ ၂၀၂၁ နောက်ပိုင်း လူကုန်ကူးခံရမှု ပုံစံတွေက အရင်ကထက် ဘယ်လိုမျိုး ပြောင်းလဲသွားတာ ရှိပါသလဲ။

ဖြေ။ ။ ၂၀၂၁ခုနစ် နောက်ပိုင်းဆိုတာထက် ၂၀၂၁ ခုနစ်အထိတော့ ပုံမှန်ပုံစံမျိုး ရှိခဲ့ပါတယ်။ တရုတ်နယ်စပ်ကလည်း ကိုဗစ်ကြောင့် ပိတ်ဖို့အခြေအနေ ရှိပေမယ့် တခုလုံး ပိတ်သွားတာမျိုး မဟုတ်ဘဲ နယ်စပ်တွေ နည်းနည်း ဖွင့်နေသေးတဲ့ အခြေအနေမျိုးပါ။ ၂၀၂၁ နှစ်ကုန်ပိုင်းမှာတော့ တရုတ်ဘက်က နယ်စပ်ဂိတ်တွေ အကုန်လုံး ပိတ်သွားခဲ့ပါတယ်။ ဆိုတော့ ၂၀၂၁ နောက်ပိုင်းဆိုတာထက် ၂၀၂၂ခုနစ် နောက်ပိုင်းမှာ ပိုပြီး ထူးထူးခြားခြား ဖြစ်လာတာက တရုတ်နိုင်ငံကို ဘယ်လိုပုံစံနဲ့ ကူးပြောင်းသွားသလဲဆိုတာ လိုက်ဖို့ တော်တော်လေး ခက်ခဲသွားပါတယ်။

အဓိကတော့ ကျမတို့ ဒေသတွင်းမှာ ဖုန်းလိုင်းတွေ မရှိတော့ဘူး၊ အင်တာနက်လိုင်းတွေလည်း အကုန်လုံး ဖြတ်တောက်ခံထားရတော့ စတားလင့်ခ် (Starlink) ကလည်း အသုံးမများသေးတဲ့ အခြေအနေပေါ့။ ၂၀၂၂-၂၀၂၃ လောက်မှာ လူတွေက တရုတ်နိုင်ငံကို တရားဝင်လမ်းကြောင်း မဟုတ်ဘဲ “ခိုးပေါက်” လို့ခေါ်တဲ့ လမ်းကြောင်းတွေကို သုံးပြီး သွားလာလာကြပါတယ်။ ကျမတို့ ဒေသတစ်ဝိုက်မှာ အဲဒီခိုးပေါက်တွေကနေ သွားလာရင်း တရုတ်ဘက်ကို ရောက်သွားကြတယ်၊ မှောင်ခိုလုပ်နေသူတွေအတွက် ပိုပြီး လွယ်ကူသွားတဲ့ ပုံစံမျိုး ဖြစ်နေတာကိုလည်း တွေ့ရတယ်။

ဆိုတော့ တရုတ်နိုင်ငံကို မှောင်ခိုအနေနဲ့ သွားကြရင်း တရားဝင်လမ်းကြောင်း မဟုတ်ဘဲ ဖြတ်ကျော်ရာကနေ ရောင်းစားခံရတဲ့ အမျိုးသမီးတွေ များလာတာကို တောက်လျှောက် တွေ့ရပါတယ်။ ရောင်းစားခံရတဲ့ ပုံစံကတော့ အပြောင်းအလဲ အများကြီး မရှိဘဲ ပုံစံမျိုးစုံနဲ့ ချိတ်ဆက်ရောင်းစားခံနေရတာပါ။ တစ်ခုရှိတာက တရုတ်နယ်စပ်တွေ အကုန်လုံး ပိတ်သွားတဲ့နောက်ပိုင်းမှာ ပြည်တွင်းမှာတင် ရောင်းစားခံရတဲ့ အမျိုးသမီးတွေ များလာပါတယ်။ ပြည်တွင်းမှာဆိုရင် “ကျားဖြန့်” (Online Scam) စင်တာတွေမှာ ရောင်းစားခံရတဲ့ အမျိုးသမီးတွေ များလာတာ တွေ့ရပြီး သူတို့ဆီကနေ ကျမတို့ဆီကို အကူအညီတောင်းလာတာတွေ ရှိပါတယ်။

မေး။ ။ တရုတ်နိုင်ငံထဲကို ရောက်သွားတဲ့ အမျိုးသမီးတွေထဲမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေ ပါဝင်မှုနှုန်းက ဘယ်လောက်အထိ စိုးရိမ်စရာ ဖြစ်နေပြီလဲ။

ဖြေ။ ။ တရုတ်နိုင်ငံထဲကို ရောက်သွားတဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေထဲမှာ အသက် ၁၂ နှစ်အရွယ်တွေ ပါတာတောင် တွေ့ရပါတယ်။ ကျမတို့ဆီက အချက်အလက်တွေအရ များသောအားဖြင့် အသက် ၁၈ နှစ်၊ ၂၀ ကနေ ၃၅ နှစ်၊ ၄၀ အတွင်းက ပိုများပါတယ်။ ၈၀ ရာခိုင်နှုန်းကတော့ အလယ်အလတ်အရွယ် အမျိုးသမီးတွေ ရောင်းစားခံရတာ ပိုများပါတယ်။ အဓိကတော့ ကလေးမွေးပေးဖို့အတွက် အသက်အရွယ် ကိုက်ညီနေသူတွေပေါ့။ ပြီးတော့ တရုတ်မယားအဖြစ် ခိုင်းစေခံရတာတွေ ရှိသလို အသက်ငယ်ရွယ်တဲ့ အမျိုးသမီးတွေကို တစ်နေရာကနေ တစ်နေရာ ထပ်ခါတလဲလဲ ရောင်းစားဖို့ လုပ်တဲ့ ကွင်းဆက်တွေ ရှိနေတာကိုလည်း တွေ့ရပါတယ်။

ဥပမာ- ဒီအိမ်မှာ သူကလေးတစ်ယောက် မွေးပေးပြီးလို့ အိမ်ရှင်က မကြိုက်တော့ဘူးဆိုရင် နောက်တစ်အိမ်ကို ထပ်ရောင်းစားတာမျိုးတွေ ရှိပါတယ်။ အသက် ၁၈ နှစ်၊ ၂၀ ဝန်းကျင်မှာ ရောင်းစားခံရရင် တစ်နေရာမှာ ကလေးမွေးပြီးရင် နောက်ထပ်တစ်နေရာကို ထပ်ရောင်းခံရမယ့် စိန်ခေါ်မှု ပိုများပါတယ်။ မှောင်ခိုရောင်းစား သူတွေကလည်း အဲဒီအသက်အရွယ်ကို အသုံးချပြီး ရောင်းစားနေတာ တွေ့ရပါတယ်။ ဒါကြောင့် အမျိုးသမီးငယ်တွေရဲ့ အခြေအနေက အခက်အခဲ အများကြီး ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ကျမတို့ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ ဒီအမျိုးသမီးတွေဟာ မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးကြောင့်။ ဝန်ထုပ်ဝန်ပိုးဆိုတာက ကလေးမွေးဖို့တင် မဟုတ်ဘူး၊ တရုတ်မယားလုပ်ဖို့တင် မဟုတ်ဘူး။ ကျား-မ ခွဲခြားဆက်ဆံမှုတွေအောက်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အဲဒီမိသားစုရဲ့ စားဝတ်နေရေးအတွက် လုပ်ကူရတာ၊ ခြံလုပ်တဲ့ မိသားစုဆီ ရောင်းစားခံရရင် ခြံအလုပ်တွေ လုပ်ပေးရတာ၊ သူတို့ရဲ့ စီးပွားရေးကို ကူလုပ်ပေးရတာတွေ ရှိသလို မိသားစုဝင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံရတာတွေလည်း အများကြီး ရှိပါတယ်။

ဆိုတော့ ဒီအမျိုးသမီးတွေက ကလေးမွေးဖို့သက်သက် ရောင်းစားခံရတာ မဟုတ်ပါဘူး။ များသောအားဖြင့် ဝေးလံခေါင်ပါးတဲ့ တောင်ပေါ်ဒေသတွေက အခြေခံလူတန်းစား မိသားစုတွေဆီ ရောင်းစားခံရတာ ပိုများတဲ့အတွက် ယောက္ခမ၊ ယောက်မတွေရဲ့ ရိုက်နှက်နှိပ်စက်တာကိုလည်း ခံရပါတယ်။ တချို့ ထွက်ပြေးဖို့ ကြိုးစားလို့ ပြန်ဖမ်းမိရင်လည်း ရိုက်နှက်ခံရပါတယ်။ အကြီးအကျယ် ရိုက်နှက်ခံရလို့ ခင်ပွန်းဖြစ်သူက ဆေးရုံပြန်ပို့ ကုသပေးရတာမျိုးတောင် ရှိပါတယ်။ ဒီနေရာမှာ ကျမတို့ တွေ့ရတာက သူတို့မှာ နေထိုင်ခွင့် အထောက်အထား (လက်မှတ်) မရှိကြပါဘူး။ ဒါပေမယ့် ဒီလို ကျန်းမာရေးကုသတဲ့အခါမှာတော့ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။ ဒါတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။

မေး။ ။ အမျိုးသမီးတွေကို ကုန်စည်လိုမျိုး ထပ်ခါတလဲလဲ ပြန်ရောင်းစားခံရတဲ့ ဖြစ်စဉ်တွေက ဘယ်လောက်အထိ များပြားနေပါသလဲ။

ဖြေ။ ။ အမျိုးသမီးတွေကို ထပ်ခါတလဲလဲ ပြန်ရောင်းစားခံရတဲ့ အမှုတွေကတော့ ကျမတို့ဆီ ရောက်လာတာရော၊ ကြားနေရတာရော အများကြီးပါပဲ။ ဒါပေမယ့် ကျမတို့ရဲ့ Safehouse (ဘေးကင်းလုံခြုံရာအိမ်) မှာ အကူအညီယူနေသူတွေထဲမှာတော့ အများကြီး မဟုတ်သေးပါဘူး၊ နှစ်ယောက်၊ သုံးယောက်လောက် ပါပါတယ်။ တစ်နှစ်မှာ အယောက် ၅၀ ကနေ ၁၀၀ နီးပါးကို အကူအညီပေးတယ်ဆိုရင် ဒီထဲမှာ လေး၊ ငါးယောက်လောက်က ထပ်ခါတလဲလဲ ရောင်းစားခံရသူတွေ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကနေ ထွက်မလာနိုင်သေးတဲ့ အမျိုးသမီးတွေလည်း အများကြီး ရှိဦးမယ်လို့ ခန့်မှန်းရပါတယ်။ တချို့ဆိုရင် ဟိုးအတွင်းပိုင်း ဝေးလံခေါင်ပါးတဲ့နေရာတွေမှာ ရောင်းစားခံထားရတော့ ပြန်ထွက်လာဖို့ လမ်းကြောင်း မရှိတာမျိုး ဖြစ်နိုင်တယ်။ နောက်တစ်ခုက နေထိုင်ခွင့်လက်မှတ် မရှိတာကလည်း သူတို့ကို ချုပ်ကိုင်ထားဖို့ နည်းလမ်းတစ်ခု ဖြစ်နေတယ်။ အမျိုးသမီးတစ်ယောက်ကို သုံး၊ လေး၊ ငါးကြိမ်အထိ ရောင်းစားတာဟာ အမျိုးသမီးရဲ့ ဘဝကို ပျက်စီးစေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာလည်း အကြီးအကျယ် ထိခိုက်စေပါတယ်။ ကိန်းဂဏန်းအရ နည်းတယ်လို့ ထင်ရပေမယ့် ဖြစ်ပျက်နေတဲ့ အခြေအနေတွေက လူသားမဆန်တဲ့ လုပ်ရပ်တွေဖြစ်လို့ သက်ရောက်မှု အလွန်ကြီးမားပါတယ်။

မေး။ ။ စီးပွားရေး ကျပ်တည်းမှုအပြင် လက်နက်ကိုင်ပဋိပက္ခနဲ့ စစ်ဘေးရှောင်စခန်း (IDP) တွေမှာ နေထိုင်ရတာက လူကုန်ကူးခံရဖို့ ဘယ်လောက်အထိ အခွင့်အလမ်း ပိုများစေသလဲ။

ဖြေ။ ။ မြန်မာနိုင်ငံရဲ့ အခြေအနေမှာ လူကုန်ကူးမှုကို တွန်းအားပေးနေတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ အဓိကပြောရရင် နှစ်ပေါင်း ၆၀ ကျော်အတွင်း ကချင်ဒေသ အပါအဝင် တိုင်းရင်းသားဒေသတွေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ စစ်ရေးပဋိပက္ခတွေက အမြန်ဆုံး သက်ရောက်မှု ဖြစ်စေပါတယ်။ နောက်တစ်ခုက စီးပွားရေး ကျဆင်းမှုက အမျိုးသမီးတွေအပေါ် တာဝန် ပိုပိစေပါတယ်။ စီးပွားရေး ကျပ်တည်းလာတဲ့အခါ မိသားစုကို ပံ့ပိုးဖို့ အလုပ်ရှာဖွေရတဲ့ တာဝန်တွေ ပိုများလာပါတယ်။ စစ်ရေးပဋိပက္ခတွေကြောင့် အမျိုးသားတွေ စစ်ထဲရောက် သွားတဲ့အခါ ကျန်ခဲ့တဲ့ မိသားစုကို လုပ်ကျွေးဖို့ အမျိုးသမီးတွေမှာ တာဝန်ပိုလာပါတယ်။ ဒါကို ဖြေရှင်းဖို့ ရရာနည်းလမ်း ရှာဖွေရင်း ရောင်းစားခံရတဲ့ အခြေအနေတွေ ဖြစ်ကုန်တာပါ။

ဒါ့အပြင် တိုင်းရင်းသားဖြစ်စေ၊ ဗမာဖြစ်စေ အမျိုးသမီးတွေအပေါ် ကျား-မ တန်းတူညီမျှမှု မရှိဘဲ ခွဲခြားဆက်ဆံတဲ့ စနစ်တွေကြောင့်လည်း ပါတယ်။ အောက်ပြည်အောက်ရွာက အမျိုးသမီးတွေ တရုတ်နယ်စပ်မှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းရင်းကို မေးကြည့်တဲ့အခါ အိမ်မှာ ခင်ပွန်းဖြစ်သူက ဘိန်းရှူတာ၊ အရက်ကို နေ့ညမပြတ် သောက်တာတွေကြောင့် အိမ်တွင်းအကြမ်းဖက်မှုတွေ ကြုံရတာ၊ မိသားစုကို မထောက်ပံ့နိုင်တဲ့အပြင် ရိုက်နှက်နှိပ်စက်တာတွေကြောင့် ခင်ပွန်းကို ထားခဲ့ပြီး အိမ်ကနေ ထွက်ပြေးချင်ကြတာ ဖြစ်တယ်။ ကိုယ့်ဘဝကို အသစ်ပြန်စချင်တဲ့စိတ်နဲ့ ထွက်ပေါက်ရှာရင်း ရောင်းစားခံရသူတွေ အများကြီးပါ။ တချို့လည်း သဘောမတူဘဲ အိမ်ထောင်ပြုလိုက်ရတဲ့ အခြေအနေတွေကြောင့် ဒီလိုလမ်းကို ရွေးမိရင်း ရောင်းစားခံရတာတွေ ရှိပါတယ်။ ဒါတွေဟာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတာနဲ့ တန်းတူအခွင့်အရေး မရှိတဲ့ စနစ်တွေကြောင့် ဖြစ်လာရတဲ့ ဖြစ်စဉ်တွေပါ။

မေး။ ။ တရုတ်ဘက်က မယားအဖြစ် ဝယ်လိုအား မြင့်တက်နေတာက နယ်စပ်ဒေသက အမျိုးသမီးတွေရဲ့ လုံခြုံရေးအပေါ် ဘယ်လိုမျိုး ခြိမ်းခြောက်မှုတွေ ရှိနေလဲ။

ဖြေ။ ။ တရုတ်မယားအဖြစ် ဒါမှမဟုတ် ကလေးမွေးပေးဖို့အတွက် ရောင်းစားခံနေရတာဟာ နယ်စပ်ဒေသတစ်ခုတည်းမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု မဟုတ်ပါဘူး။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်နေတဲ့အရာလို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ၂၀၂၄ ခုနှစ် အချက်အလက်တွေကို ဆန်းစစ်ကြည့်တဲ့အခါ ရခိုင်၊ မွန်၊ ပဲခူး စတဲ့ အောက်ပြည်အောက်ရွာက အမျိုးသမီးတွေ အများကြီး ပါဝင်နေတာ တွေ့ရပါတယ်။ ဒါဟာ နယ်စပ်က အမျိုးသမီးတွေအတွက်တင် မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ စီးပွားရေးကျဆင်းမှု၊ နိုင်ငံရေးပြဿနာနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် တစ်နိုင်ငံလုံးအပေါ် သက်ရောက်နေတာကို သတိထားမိပါတယ်။

မေး။ ။ အခုနောက်ပိုင်း Facebook နဲ့ Telegram လို လူမှုကွန်ရက်တွေကနေတစ်ဆင့် ဘယ်လိုပုံစံမျိုးနဲ့ မက်လုံးပေးပြီး လှည့်ဖြားနေတာ တွေ့ရလဲ။

ဖြေ။ ။ အခုနောက်ပိုင်း လူကုန်ကူးမှုတွေက ဆိုရှယ်မီဒီယာပေါ်မှာ အလုပ်ခေါ်တဲ့ ပုံစံမျိုးနဲ့ အကျယ်တဝန်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ၂၀၂၃ လောက်ကစပြီး ရန်ကုန်လို မြို့ကြီးတွေမှာပါ အလုပ်ခေါ်စာတွေနဲ့ လှည့်ဖြားကြပါတယ်။ ကလေးမွေးပေးဖို့ (ကိုယ်ဝန်ဆောင်ပေးဖို့) အတွက် လစာ ဘယ်လောက်ရမယ်ဆိုတာကို အွန်လိုင်းပေါ်မှာ ပေါ်ပေါ်ထင်ထင် ကြေညာလာကြပါတယ်။ အဲဒီလို အလုပ်ခေါ်စာတွေကို လူငယ်တွေကြားမှာ အကျယ်တဝန်း ဖြန့်နေတာပါ။ လစာကို ယွမ် ၄၀,၀၀၀ လို့ မက်လုံးပေးထားတဲ့အတွက် မြန်မာငွေနဲ့တွက်ရင် အများကြီးဖြစ်နေလို့ ဆွဲဆောင်မှု ရှိနေတယ်။ အွန်လိုင်းပေါ်မှာတင်မကဘဲ ဒေသအသီးသီးမှာလည်း အလုပ်ခေါ်စာတွေ ကပ်ပြီး ပုံစံမျိုးစုံနဲ့ မျှားခေါ်နေတာတွေ တောက်လျှောက် ရှိနေပါတယ်။

မေး။ ။ လူကုန်ကူးသူတွေက ဒေသခံတွေနဲ့ ဘယ်လိုမျိုး ကွန်ရက်ချိတ်ဆက်ပြီး အမျိုးသမီးတွေကို ရှာဖွေနေကြတာလဲ။

ဖြေ။ ။ တချို့ကတော့ ကိုယ့်ရဲ့ နီးစပ်ရာ ဆွေမျိုး၊ အသိမိတ်ဆွေတွေထဲကနေ အလုပ်ခေါ်တဲ့ ပုံစံမျိုးနဲ့ ချိတ်ဆက်လာတာ တွေ့ရပါတယ်။ ဆိုရှယ်မီဒီယာကိုလည်း အသုံးချကြပါတယ်။ အထူးသဖြင့် Facebook မှာ ခင်မင်ရာကနေတစ်ဆင့် အပြင်မှာ တစ်ခါမှ မတွေ့ဖူးဘဲ “အလုပ်ခေါ်တယ်၊ လိုက်မလား” ဆိုတဲ့ ဖိတ်ခေါ်မှုနောက်ကို လိုက်သွားရင်း အိမ်ကနေ ထွက်သွားကြတဲ့ အမျိုးသမီးတွေ များလာတာကို တွေ့ရပါတယ်။ ဆိုရှယ်မီဒီယာဟာ လူကုန်ကူးခံရဖို့အတွက် အသုံးချခံ ပလက်ဖောင်း (Platform) တစ်ခု ဖြစ်နေတာကို တွေ့ရတယ်။

မေး။ ။ နယ်စပ်ဒေသတွေကို ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းအသီးသီး (စစ်ကောင်စီ၊ တိုင်းရင်းသားလက်နက်ကိုင်များ) က ဒီပြဿနာကို တားဆီးဖို့ လက်တွေ့မှာ ဘယ်လောက်အထိ ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ ရှိနေလဲ။

ဖြေ။ ။ နယ်စပ်ဒေသမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ များပြီး အခြေအနေ ရှုပ်ထွေးတယ်။ ဘယ်သူက ဘယ်လောက်ထိ တာဝန်ယူသလဲလို့ မေးရင် မရှိသလောက်ပါပဲ။ ကျမတို့ကတော့ KIO ရဲ့ ထိန်းချုပ်မှုအောက်မှာ လုပ်ဆောင်နေတာတွေ ရှိပါတယ်။ တစ်ဖက်မှာလည်း သူတို့က တော်လှန်ရေးလုပ်နေတဲ့အတွက် လူကုန်ကူးခံရတဲ့ ကိစ္စတွေကို ထိထိရောက်ရောက် ကူညီပံ့ပိုးတာမျိုး၊ ငွေကြေးကုန်ကျခံ ဖြေရှင်းပေးတာမျိုးတွေမှာ အားနည်းတာကို တွေ့ရတယ်။

သျှမ်းပြည်မြောက်ပိုင်း နယ်စပ်မှာဆိုရင် ပိုဆိုးပါတယ်။ မြန်မာစစ်တပ်က တစ်ပိုင်း၊ တိုင်းရင်းသားလက်နက်ကိုင်က တစ်ပိုင်း ဖြစ်နေပေမယ့် ဘယ်သူက ဘယ်နေရာမှာ ထိထိရောက်ရောက် ထိန်းချုပ်သလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ အာဏာသက်ရောက်မှု မရှိတဲ့အတွက် ဘယ်သူ့ကို အားကိုးပြီး ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ အခက်အခဲ ရှိပါတယ်။ ကချင်ဒေသ ပန်ဝါဘက်မှာဆိုရင်လည်း ဟိုးအရင်တုန်းက ပြည်သူ့စစ်တွေ အုပ်ချုပ်ပါတယ်။ သူတို့အနေနဲ့ နယ်ခြားစောင့်တပ် အသွင်မျိုး လုပ်ကိုင်နေရတဲ့အတွက် သူတို့ဒေသအတွင်း ဖြစ်နေတဲ့ လူကုန်ကူးမှုတွေကို ကိုင်တွယ်ဖြေရှင်းတာ လုံးဝမရှိသလောက်ပါပဲ။ KIO အုပ်ချုပ်မှုနယ်မြေအောက်မှာတော့ အရင်က တစ်စိတ်တစ်ပိုင်း ရှိခဲ့ပေမယ့် ၂၀၂၁ နောက်ပိုင်းမှာတော့ တာဝန်ယူ ဖြေရှင်းပေးနိုင်မှု မရှိသလောက် ဖြစ်သွားပါတယ်။

မေး။ ။ လူကုန်ကူးမှုကနေ ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသမီးတွေအနေနဲ့ လူမှုပတ်ဝန်းကျင်မှာ ပြန်လည်ဝင်ဆံ့ဖို့ ဘယ်လို အခက်အဲတွေ ရင်ဆိုင်နေရလဲ။ 

ဖြေ။ ။ လူကုန်ကူးမှုကနေ ပြန်လည်လွတ်မြောက်လာသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ အားပေးမှု၊ ဝင်ငွေရရှိရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုတွေမှာ ၂၀၂၁ နောက်ပိုင်းမှာ အကန့်အသတ်တွေ အများကြီး ဖြစ်သွားပါတယ်။ ကျမတို့အဖွဲ့အစည်းဆိုရင်လည်း ဒိုနာ (Donor) တွေဆီကရတဲ့ ရန်ပုံငွေ (Funding) နဲ့ပဲ ကူညီနေရတာဖြစ်ပြီး စစ်ရေးပဋိပက္ခတွေနောက်ပိုင်းမှာ အဲဒီရန်ပုံငွေတွေ အများကြီး လျော့ကျသွားပါတယ်။

ပြန်လည်လွတ်မြောက်လာသူတွေဟာ မိသားစုနဲ့ လူမှုပတ်ဝန်းကျင်မှာ ပြန်လည်ဝင်ဆံ့ဖို့ အခက်အခဲများစွာ ကြုံရပါတယ်။ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက် ရောင်းစားခံရပြီး ပြန်လာရင် ခင်ပွန်းဖြစ်သူ ဒါမှမဟုတ် ခင်ပွန်းဘက်က မိသားစုတွေက လက်မခံတော့တာမျိုး ရှိပါတယ်။ “မသန့်ရှင်းတော့ဘူး” ဆိုတဲ့ အမြင်နဲ့ ဖယ်ကြဉ်တာ၊ ရှောင်ဖယ်တာတွေ ကြုံရပါတယ်။ တချို့ဆိုရင် ကချင်ရိုးရာအရ မင်္ဂလာမဆောင်ဘဲ ရလာတဲ့ကလေးကို “မကောင်းတဲ့ကလေး” ဆိုပြီး ဝေဖန်ကြတဲ့အတွက် မိသားစုနဲ့ အသိုင်းအဝန်းက ဖယ်ကြဉ်တာမျိုးတွေကို ရင်ဆိုင်နေရပါတယ်။

မေး။ ။ သူတို့အတွက် အသက်မွေးဝမ်းကျောင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေပေးဖို့ ဘယ်လို အကူအညီမျိုးတွေ အရေးတကြီး လိုအပ်နေသလဲ။

ဖြေ။ ။ အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားဖို့၊ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နိုင်ဖို့နဲ့ ပတ်ဝန်းကျင်မှာ ပြန်လည်ဝင်ဆံ့နိုင်ဖို့ အကူအညီတွေ အများကြီး လိုအပ်ပါတယ်။ counseling (စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု) တွေ လုပ်ပေးချင်ပေမယ့် ဒေသတွင်းမှာ ကျွမ်းကျင်တဲ့ အဖွဲ့အစည်းတွေ မရှိတာက အခက်အခဲ ဖြစ်စေပါတယ်။

အသက်မွေးဝမ်းကျောင်းက အလွန်အရေးကြီးသလို ထပ်မံရောင်းစား မခံရဖို့ကလည်း အရေးကြီးပါတယ်။ ဘာလို့လဲဆိုရင် စားဝတ်နေရေး ခက်ခဲပြီး ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံမှုကို ခံရတဲ့အခါ ထပ်ခါတလဲလဲ ရောင်းစားခံရတဲ့ သံသရာထဲ ပြန်ရောက်သွားတတ်လို့ပါ။ ဒါကြောင့် သူတို့အတွက် စားဝတ်နေရေးကို ချက်ချင်း ဖြေရှင်းပေးနိုင်မယ့် အကူအညီတွေ လိုအပ်နေပါတယ်။

မေး။ ။ ဒီပြဿနာကို လျှော့ချဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းနဲ့ ပြည်တွင်းက အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုမျိုးတွေ အားကောင်းလာဖို့ လိုအပ်မလဲ။

ဖြေ။ ။ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ လမ်းကြောင်းပေါ်ရောက်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြောင်းလဲရေးအတွက် အများကြီး ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ နိုင်ငံရေး ပြောင်းလဲမှုရှိမှသာ လူကုန်ကူးမှု လျှော့ချရေးက ပိုပြီး လက်တွေ့ဆန်မှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ကို အရေးယူဖို့နဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ထိထိရောက်ရောက် ပံ့ပိုးဖို့ နိုင်ငံတကာကို တောင်းဆိုချင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ရောင်းစားခံရသူတွေနဲ့ ခွဲခြားနှိပ်စက်ခံရတဲ့ အမျိုးသမီးတွေအတွက် အရေးပေါ် အကူအညီတွေ တောက်လျှောက် လိုအပ်နေပါတယ်။ စစ်ရေးပဋိပက္ခ နယ်မြေတွေမှာ အစိုးရအချင်းချင်း ပေးအပ်တဲ့ ရန်ပုံငွေတွေက နှေးကွေးတတ်တဲ့အတွက် ကျမတို့ ကချင်ဒေသလို နေရာမျိုးတွေမှာ နယ်စပ်ဖြတ်ကျော် ပံ့ပိုးမှု (Cross-border) တွေ ပိုမိုလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ဒေသတွင်း အဖွဲ့အစည်းတွေကိုလည်း ဆက်လက် ရပ်တည်နိုင်အောင် ထိထိရောက်ရောက် ပံ့ပိုးပေးစေချင်ပါတယ်။

မေး။ ။ ဒေသခံ အမျိုးသမီးငယ်တွေ လူကုန်ကူးမှု သားကောင်မဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်မှု အသိပညာပေးတာတွေက အထိရောက်ဆုံး ဖြစ်မလဲ။

ဖြေ။ ။ အဓိကကတော့ နိုင်ငံရေး ငြိမ်းချမ်းပြီး စီးပွားရေး တိုးတက်လာဖို့က နံပါတ် (၁) အရေးကြီးဆုံးပါ။ ဒါပေမယ့် လက်ရှိ အခြေအနေမှာတော့ အမျိုးသမီးတွေအနေနဲ့ အလုပ်ရှာဖွေတဲ့အခါ တစ်ဖက်လူကို လွယ်လွယ်နဲ့ မယုံကြည်ဖို့ လိုပါတယ်။ ကိုယ်သွားမယ့် အလုပ်က တကယ်ရှိရဲ့လား၊ ဖြစ်နိုင်ရဲ့လားဆိုတာကို အားကိုးရတဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ တိုင်ပင်သင့်ပါတယ်။ အချက်အလက်တွေကို များများစုဆောင်းပါ။ အထူးသဖြင့် ရွှေ့ပြောင်းသွားလာသူတွေအနေနဲ့ မိမိသွားမယ့် ဒေသရဲ့ သတင်းအချက်အလက်တွေကို စုံစုံလင်လင် သိထားဖို့ လိုပါတယ်။

အကယ်၍ ရောင်းစားခံရဖို့ အလားအလာ ရှိနေပြီဆိုရင် အဲဒီဒေသမှာရှိတဲ့ ကူညီပေးနိုင်မယ့် အဖွဲ့အစည်းတွေကို ကြိုတင်လေ့လာထားပါ။ တရုတ်နိုင်ငံထဲ ရောက်သွားပြီဆိုရင်လည်း တရုတ်ရဲစခန်းကို ဆက်သွယ်ဖို့ ကြိုးစားပါ။ တရားမဝင် လူကုန်ကူးတာဟာ နိုင်ငံတကာ ဥပဒေအရရော၊ တရုတ်နဲ့ မြန်မာနိုင်ငံ ဥပဒေတွေအရပါ ရာဇဝတ်မှု မြောက်တယ်ဆိုတာကို သိရှိထားဖို့ လိုအပ်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခနှင့် စီးပွားရေး ပြိုလဲမှုကြား အမျိုးသမီးများကို တရုတ်မယားအဖြစ် ရောင်းစားမှု မြင့်တက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် စီးပွားရေးပြိုလဲမှုများကြောင့် အမျိုးသမီးများအား တရုတ်မယားအဖြစ် ရောင်းစားသည့် လူကုန်ကူးမှုများ မြင့်တက်လာနေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်း လူကုန်ကူးမှုပုံစံများ ပြောင်းလဲလာနေပြီး ယခင်က နယ်စပ်ဒေသတွင်သာ အဖြစ်များခဲ့သည့် တရုတ်မယားအဖြစ် ရောင်းစားခံရမှုမှာ ယခုအခါ...

တရုတ်ဖိအားကြောင့်လားရှိုး-မူဆယ် လမ်းမပေါ်ရှိ SSPP နှင့် KIA ဂိတ်များ ဖြုတ်သိမ်းဆုတ်ခွာရ

0
မြန်မာ - တရုတ်နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ SSPP/SSA နှင့် KIA တပ်တို့၏ စစ်ဆေးရေးဂိတ်များ တရုတ်ဖိအားကြောင့် ဖြုတ်သိမ်းဆုတ်ခွာရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ တတိယပတ်တွင် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...

တရုတ်အငှားမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် စစ်ကော်မရှင် ထောင်ချ

0
တရုတ်-မြန်မာ နယ်စပ်ရှိ မူဆယ်မြို့မှတဆင့် တရုတ်အငှားမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူ အမျိုးသမီး (၄) ဦးကို လူကုန်ကူးမှုဖြင့် စစ်ကော်မရှင်လက်အောက်ခံ တရားရုံးများမှ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၂၉) ရက်တွင် မူဆယ်မြို့နေ အေးမြတ်မွန်၊ အေးအိမွန်နှင့်...

တန့်ယန်းမြို့နယ်ထဲ ‘ဝ’စစ်သားဟန်ဆောင်ပြီး ဓားပြမှုနှင့်လူကုန်ကူးမှု ကျူးလွန်သူများရှိနေ

0
သျှမ်းပြည် တန့်ယန်းမြို့တွင် UWSA စစ်ဝတ်စုံ ဝတ်ဆင်ကာ ‘ဝ’စစ်သား အယောင်ဆောင်ပြီး ဓားပြမှုနှင့် လူကုန်ကူးမှု ကျူးလွန်သူများရှိနေကြောင်း စုံစမ်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဝင်ရောက်တပ်စွဲထားသည့် တန့်ယန်းမြို့တွင် ဩဂုတ်လဆန်းပိုင်း၌ UWSA စစ်ဝတ်စုံ ဝတ်ဆင်ပြီး စစ်သား အယောင်ဆောင်ကာ ဓားပြမှုနှင့် လူကုန်ကူးမှု ကျူးလွန်ခဲ့သူ (၁၇)...

မူဆယ်နယ်စပ်ဂိတ်တွင် စစ်ကောင်စီအပေါင်းအပါများ တရုတ်လိုင်စင်မဲ့ကားကို ပေါ်တင်သွင်းနေ

0
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင်ရှိ နယ်စပ်ဂိတ်တွင် အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ် ပူပေါင်းပြီး တရုတ်ဘက်တွင်းရှိ လိုင်စင်မဲ့ကားကို ဆင်ဖြူဂိတ်တွင် ပေါ်တင်သွင်းနေကြောင်း စုံစမ်းသိရသည်။ ထိုတရုတ်နိုင်ငံဘက်မှ လိုင်စင်မဲ့ကားများတင်သွင်းရာတွင် မူဆယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးဖြစ်ပြီး၊ ၎င်းသည် စစ်တပ်နှင့်ပူးပေါင်းပြီး လာဘ်ငွေယူပြီးခွင့်ပြုနေကြောင်း သိရသည်။ “ အခုလိုင်စင်မဲ့ကားတွေကို ဌာနဆိုင်ရာအကြီးနဲ့ စစ်တပ်က ပူးပေါင်းပြီး ပေါ်တင်သွင်းနေတာ။...