“အဓိက အလုပ်ရှာရင်းနဲ့ ရောင်းစားခံရတာပေါ့ကွာ။ သူတို့ကို အလုပ်ရှာပေးမယ်၊ လစာကောင်းကောင်းပေးမယ် ပြောပြီး ရောင်းစားလိုက်တာ”ဟု တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဉီးက ပြောသည်။
ပြီးခဲ့သည့် ဇွန် ၁၃ရက် တွင် တောင်ကြီးမြို့နေ အသက် (၁၆)နှစ် အရွယ်နှင့် အသက် (၁၇)နှစ်အရွယ် မိန်းကလေး နှစ်ဉီးသည် အလုပ်ရှာဖွေရန် ရွှေညောင်မြို့သို့ ရောက်ရှိခဲ့သည်။
ထိုရွှေညောင်မြို့သို့ ရောက်ရှိချိန်တွင် ပွဲစားဖြစ်သည့် ဒေါ်ဆိုဖီယာနှင့် ဒေါ်မိုးစက် တို့နှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် ပွဲစားအမျိုးသမီး (၂)ဉီးက အသက်မပြည့်သေးသည့် မိန်းကလေးငယ် နှစ်ဉီးကို အေးသာယာရှိ ကေတီဗွီ (KTV) တွင် လစာကောင်းကောင်းဖြင့် အလုပ်သွင်းပေးမည်ဟု စည်းရုံးကာ နန်းရွှေရည် ပြည့်တန်ဆာခန်းသို့ တစ်ဉီးလျှင် ကျပ်ငွေ တစ်သိန်းဖြင့် ရောင်းစားခဲ့ကြောင်း ဖြစ်စဉ်ကို သိရှိသည့် တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြန်ပြောပြသည်။
ဆက်လက်ပြီး အသက်မပြည့်သေးသည့် မိန်းကလေးငယ် နှစ်ဉီးသည် ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်ရမည်ကို သိရှိပြီးနောက် ငြင်းဆန်ခဲ့သော်လည်း ၎င်းKTV ဆိုင်၌ တညအိပ်ထိန်းသိမ်းခံခဲ့ရပြီး ဇွန် ၁၄ရက်တွင် မိန်းကလေးငယ်တစ်ဉီးက ဆိုင်မှ ထွက်ပြေးလွှတ်မြောက်ကာ ရွှေညောင်လမ်းခွဲရှိ ယာဉ်ထိန်းရဲတစ်ဉီး ထံအကူအညီတောင်ခံခဲ့သည်။
“ သူတို့ ရောင်းစားခံရပြီး နောက်တရက်မှာ မိန်းကလေးတစ်ယောက်က ထွက်ပြေးလာပြီး ယာဉ်ထိန်းရဲကို အကူအညီတောင်းခဲ့တယ်။ အဲ့ကနေ ကျန်တဲ့မိန်းကလေးတစ်ဉီးကို ကယ်ထုတ်နိုင်ခဲ့တယ်” ဟု ၎င်းအုပ်ချုပ်ရေးမှူးက ဖြစ်စဉ်ကို ပြန်ပြောပြသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သကပြီး သက်ဆိုင်ရာက အေးသာယာရှိ နန်းရွှေရည် KTV ကို သွားရောက်စစ်ဆေးခဲ့ပြီး လူကုန်ကူးသူ ပွဲစား (၂) ဦးနှင့် ဆိုင်ပိုင်ရှင် နွယ်နီဦး (ခ) ကျူလိုင်မိုးတို့ကို ရွှေညောင်နယ်မြေရဲစခန်းတွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုဖွင့် အရေးယူထားသည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေး ကျဆင်းလာပြီး အလုပ်အကိုင်ရှားပါးလာသည်ကို အခွင့်ကောင်းယူ ကာ အသက်မပြည့်သေးသည့် မိန်းကလေးငယ်များကို KTV ဆိုင်တွင် ရောင်းစားမှုများလာကြောင်း။ ထိုရောင်းစားခံရသည့် မိန်းကလေးများသည် အသက် ၂၀နှစ်အောက်သာရှိကြောင်း တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဉီးက ပြောသည်။
“တောင်ကြီးမှာရော အေးသာယာမှာရော အခုလို KTV ဆိုင်တွေတော့ အများကြီးပဲ။ အရင်ကလည်း ရောင်းစားခံရတဲ့ မိန်းကလေးငယ်တွေ ခဏခဏ ကြားဖူးတယ်။ များသောအားဖြင့် အသက် ၂၀ နှစ်အောက် မိန်းကလေးငယ်တွေပဲ” ဟု ၎င်းက ဆက်ပြောသည်။
အေးသာယာမြို့ရှိ KTV လုပ်ငန်းများ၏ လုပ်ကိုင်ပုံနှင့် ပတ်သက်၍ မြို့ခံဖြစ်သူ ကိုစိုး (အမည်လွှဲ) က ၎င်းတို့သည် ပြည့်တန်ဆာအဖြစ် စေခိုင်းမည့် မိန်းကလေးများကို ဆိုင်တွင် ထားလေ့မရှိကြောင်း ပြောသည်။
“အေးသာယာ KTV ကတော့ အများကြီးပဲ။ ရှင်းရှင်းပြောရရင် သူတို့က မိန်းကလေးတွေကို သီးသန့်အိမ်ဌားထား ပေးတယ်။ ဧည့်သည်က တွေ့ချင်တယ်၊ ခေါ်ချင်တယ်ဆိုမှ အဲ့ဒီအိမ်ကနေ ထုတ်ပေးတာ” ဟု အေးသာယာ ဒေသခံ ကိုစိုးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယခင်က ပြည့်တန်ဆာလုပ်ငန်းများ ရှိခဲ့သော်လည်း ယခုကဲ့သို့ အသက်မပြည့်သေးသူများကို ငွေဖြင့် ဝယ်ယူရောင်းစားသည့် ဖြစ်စဉ်မှာ အသစ်အဆန်း ဖြစ်နေပြီး ပိုပိုစိုးရိမ်စရာ ကောင်းလာသည်ဟု ၎င်းက ဆက်ပြောသည်။
“လူငယ်တွေ အတွက်ကတော့ အေးသာယာမှာတင်မဟုတ်ဘူး။ နေရာတိုင်းမှာ စိုးရိမ်စရာ ဖြစ်နေတယ်။ အချိန်မတော် သွားတာလာတာ ရှောင်ရမယ်။ မရှောင်ရင် တွေ့တဲ့အတိုင်းဖမ်းပြီး ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတာမျိုးတွေပါ ရှိနေတယ်” ဟု ကိုစိုးက ဆက်ပြောသည်။
အေးယာသာမြို့တွင် ပြည့်တန်ဆာခန်းများ ပေါ်ပေါ်ထင်ထင် ရှိနေခြင်းမှာ အာဏာပိုင်များ၏ သိလျက်နှင့် လွှတ်ထားပေးမှုကြောင့်လားဟု ဒေသခံများက မေးခွန်းထုတ်နေကြသည်။
ထို့အပြင် ယခုကဲ့သို့သော လုပ်ငန်းများကို အမြစ်ပြတ်တိုက်ဖျက်ရန် တောင်းဆိုရာတွင်လည်း အခက်အခဲများ ရှိနေကြောင်း မြို့ခံများက ပြောသည်။
“ဒီလုပ်ငန်းတွေကို တိုက်ဖျက်ဖို့ အာဏာပိုင်တွေကို တောင်းဆိုရအောင်လည်း ဘာမှ ပြောလို့မရဘူး။ သာမန်လူ ပြောရုံနဲ့တော့ မရဘူး။ သူတို့နဲ့ သြဇာအာဏာ ညောင်းတဲ့သူတွေဆိုရင်တော့ သူတို့ မနေရဲဘူး။ ဒါက သူတို့အချင်းချင်း ချိတ်ဆက်လုပ်နေကြတာ” ဟု ကိုစိုးက ထပ်လောင်းပြောသည်။
ယခုကဲ့သို့ လူတစ်ဦးကို ငွေကျပ်တစ်သိန်းဖြင့် ရောင်းစားခံရသည့် အခြေအနေနှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက “တကယ်တမ်းတော့ လူတစ်ယောက်ရဲ့ တန်းဖိုးက ဖြတ်လို့မရပါဘူး။ ဒါပေမယ့် အခုမြန်မာနိုင်ငံရဲ့ အခြေအနေက စစ်ရေးပဋိက္ခတွေ၊ နိုင်ငံရေး အကြပ်အတည်းတွေကြားမှာ အာဏာရှင်တွေ စိုးမိုးချယ်လှယ်နေတော့ လူတွေရဲ့ ဘဝက ဈေးပေါသလို ဖြစ်နေရတာ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်ရှိတွင် ကျူးလွန်သူများအား ထိရောက်စွာ အရေးယူနိုင်မည့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ယန္တရားများ အားနည်းလျက်ရှိကြောင်း၊ မိမိတို့ ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဖော်ဆောင်နေကြသည့် အဖွဲ့အစည်းများ အနေဖြင့်လည်း ခိုင်မာသည့် အုပ်ချုပ်ရေးယန္တရားများ ပေါ်ပေါက်လာစေရန် အထူးကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်နေကြောင်း ၎င်းက ပြောသည်။
ထို့အပြင် တစ်ဖက်တွင်လည်း သတင်းမီဒီယာများအနေဖြင့် ယခုကဲ့သို့သော ဖြစ်စဉ်များကို ပိုမိုကျယ်ပြန့်စွာ ဖော်ထုတ်တင်ပြရန် လိုအပ်ပြီး သတင်းအမှောင်ချခံထားရသည့် ဝေးလံခေါင်ဖျားသော ဒေသများတွင် သတင်းအချက်အလက် လက်လှမ်းမမီမှုသည် ကျူးလွန်သူများအတွက် အလွဲသုံးစားပြုလုပ်ရန် အခွင့်အလမ်းကောင်းသဖွယ် ဖြစ်နေကြောင်း ဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးနှင့် ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ဆို့မှုကြောင့် ဒေသခံများ၏ စားဝတ်နေရေးမှာ အလွန်အမင်း ကျပ်တည်းလာကြောင်း သိရသည်။
“အရင်က ရွာမှာ စိုက်ပျိုးရေးလုပ်ရင် စားဝတ်နေရေး ပြေလည်တယ်။ အခုကျတော့ ပအိုဝ်းဒေသမှာ ပြောင်းစိုက်တာပဲဖြစ်ဖြစ်၊ တခြားသီးနှံစိုက်တာပဲ ဖြစ်ဖြစ် ဈေးကွက်မရှိတော့ဘူး။ ဒီတော့ ထွက်ပေါက်ရှာရင်းနဲ့ အလိမ်ခံရတာ” ဟု ပအိုဝ်းအမျိုးသမီးတက်ကြွလှုပ်ရှားသူတစ်ဦးက ရှင်းပြောသည်။
ပြီးခဲ့သည့် မတ်လအတွင်း ပင်လောင်းမြို့နယ် တောင်လေးကျေးရွာမှ မိန်းကလေး ၁၄ ဦးလည်း အွန်လိုင်းမှတစ်ဆင့် အလုပ်ရှာဖွေရင်း ပွဲစားများနှင့် ချိတ်ဆက်မိပြီး တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့သို့ လူကုန်ကူးခံခဲ့ရသည်။
၎င်းတို့အနက် မိန်းကလေး ၁၂ ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ကျန်ရှိနေသည့် ၂ ဦးမှာ အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်ကြောင်း သိရသည်။
အလားတူ မတ်လအတွင်း မူဆယ်မြို့တွင် အလုပ်အကိုင်ရရှိမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ခြင်းခံရပြီး ပြည့်တန်ဆာအလုပ်တွင် အဓမ္မစေခိုင်းခံနေရသည့် နေပြည်တော်မှ အသက် (၂၀) ဝန်းကျင် အမျိုးသမီး ၃ ဦးကို ဒေသတွင်း လူမှုကူညီရေး ပရဟိတအသင်းက ကယ်တင်နိုင်ခဲ့သည်။
ထို့အပြင် ဧပြီလအတွင်း တရုတ်နိုင်ငံသို့ အလုပ်အကိုင် ရရှိမည်ဟုဆိုကာ ပွဲစားများက မူဆယ်မြို့သို့ လိမ်လည်ခေါ်ဆောင်ခဲ့သည့် အသက် (၂၀) အရွယ် ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်မှ အမျိုးသမီး ၁ ဦးကိုလည်း ဒေသတွင်း လူမှုကူညီရေး ပရဟိတအသင်းက ကယ်တင်နိုင်ခဲ့သည်။













Leave a Comments