သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက် မူရင်းနှင့် မိတ္တူ၊ ယာဉ်ပိုင်ရှင်၏ မှတ်ပုံတင်မိတ္တူ၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ် နှင့် မိမိပိုင်ယာဉ်နံပါတ်ဖြင့် အခြားဆိုင်များတွင် စက်သုံးဆီဝယ်ယူခဲ့မှု အထောက်အထားများကို ပြည့်စုံစွာ တင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
QR Code အသစ်ထုတ်ပေးပြီးနောက် အဆိုပါယာဉ်အတွက် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ်တွင် ပါရှိသည့် Barcode သို့မဟုတ် ယခင်အရောင်းဆိုင်မှ ထုတ်ပေးထားသည့် QR ကုတ် များဖြင့် စက်သုံးဆီဝယ်ယူခွင့် ရရှိတော့မည်မဟုတ်ဘဲ အသစ်ထုတ်ပေးသည့် QR Code ဖြင့်သာ စက်သုံးဆီဝယ်ယူခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့တွင် လက်ရှိ စက်သုံးဆီဝယ်ယူရာ၌ QR စနစ်ကို ဆက်လက်အသုံးပြုနေရပြီး ယခင်က အခြားသူ၏ QR ကုတ် ကို အသုံးပြုကာ မိမိယာဉ်အတွက် စက်သုံးဆီဝယ်ယူနိုင်သည့် အခြေအနေများလည်း ရှိခဲ့ကြောင်း တောင်ကြီးမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အခုနောက်ပိုင်း လိုင်စင်မရှိတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကတော့ အပြင်မှာ မှောင်ခိုရောင်းနေတဲ့ ဆီကို ဝယ်ထည့်ကြတာများတယ်။ စက်သုံးဆီဈေးနှုန်းကတော့ ဆိုင်နဲ့ တစ်ဝက်လောက်ကွာတယ်။ အခုက QR စနစ်နဲ့ ထည့်ရတုန်း။ ထပ်ပြောင်းလဲမယ်လို့လည်း သိရတယ်။ အခုထိတော့ ထူးခြားတာတွေ မရှိသေးဘူး။ အရင်တုန်းကတော့ သူများ QR Code နဲ့ ကိုယ့်ဆိုင်ကယ်ကို ထည့်လို့ရတယ်” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။
လက်ရှိ သျှမ်းပြည်တောင်ပိုင်းအတွင်း စက်သုံးဆီခွဲတမ်းရရှိမှု လျော့နည်းနေခြင်းနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းတို့ကြောင့် အချို့စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချချိန်နှင့် ဝယ်ယူခွင့်ပမာဏကို ကန့်သတ်ထားကာ ဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းမှုများ ပြန်လည်ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။
“ဒီတစ်ရက်နှစ်ရက် စက်သုံးဆီတွေ မရမှာစိုးလို့ တန်းစီနေကြတာများပါတယ်။ ဆီတွေကလည်း ဈေးနှုန်းတွေ တက်ပါတယ်။ ပြီးတော့ အကန့်အသတ်နဲ့ ရောင်းနေတာကြောင့်လည်း ပါတယ်” ဟု တောင်ကြီးမြို့ ဒေသခံ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် သျှမ်းပြည်အတွင်း စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နေပြီး စက်သုံးဆီအရောင်းဆိုင်များတွင် အကန့်အသတ်ဖြင့် ရောင်းချမှုများရှိနေသဖြင့် ယာဉ်ပိုင်ရှင်များနှင့် နေ့စဉ်စက်သုံးဆီ အသုံးပြုသူများအကြား စက်သုံးဆီရရှိရေးအတွက် စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲများ၏ သက်ရောက်မှုကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံတွင် စစ်ကောင်စီက “စက်သုံးဆီချွေတာရေး” ခေါင်းစဉ်ဖြင့် မော်တော်ယာဉ်များကို စုံ/မ နေ့အလိုက် မောင်းနှင်စေကာ စည်းကမ်းမလိုက်နာသူများကို အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။












Leave a Comments