တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။
ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA ဒုဥက္ကဋ္ဌဖြစ်သူ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် TNLA ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရဘက်မှ NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနိုင်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်အစိုးရလက်အောက်ခံ သတင်းစာများတွင် ဖော်ပြသည်။
အဆိုပါ တွေ့ဆုံပွဲအတွင်း TNLA နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှုသည် ပထမဆုံးဖြစ်ကြောင်း၊ လက်ရှိ စစ်အစိုးရလက်ထက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်နိုင်ကြောင်း၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကိစ္စများ ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့် က ပြောဆိုခဲ့ကြောင်း သိရသည်။
အလားတူ TNLA ဒုဥက္ကဋ္ဌ(၁)ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား က ငြိမ်းချမ်းရေး ဆွေးနွေးရန် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက် မထားဘဲ ဖိတ်ခေါ်သည့်အတွက် များစွာအားရကြောင်း၊ လက်ရှိတွင် တိုက်ပွဲရပ်တန့်ပြီး စတင်အေးချမ်းလာကြောင်းနှင့် ဆွေးနွေးပွဲမှ အပြုသဘောဆောင်သည့် ရလဒ်များ ပေါ်ထွက်လာမည်ဟု ယုံကြည်ကြောင်း စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

စစ်အစိုးရ ပြန်လည်ဖွဲ့စည်းထားသည့် NSPNC နှင့် PSLF/TNLA ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်ကို အသေးစိတ် စုံစမ်းမေးမြန်းနိုင်ရန် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
TNLA နှင့် NSPNC နှစ်ဘက်တွေ့ဆုံမှုအတွင်း စစ်အစိုးရ ရက် ၁၀၀ ငြိမ်းချမ်းရေးအစီအစဉ်ကို ပူးပေါင်းဆောင်ရွက်ရေး၊ ဟိုင်ဂင်သဘောတူညီချက်ကို လေးစားလိုက်နာရေး၊ သဘောတူထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနိုင်ရေး၊ ပညာရေး ကျန်းမာရေး ဒေသဖွံ့ဖြိုးရေးကိစ္စတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း စစ်အစိုးရဘက်မှ ထုတ်ပြန်သည်။
ထို့အပြင် TNLA နှင့် NSPNC နှစ်ဖက်ဆွေးနွေးချက်များကို မှတ်တမ်းတင်နိုင်ရန် ညှိနှိုင်းပြီး လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြောင်း ဆိုသည်။
“ TNLA က ဒီလိုဖြစ်လာမယ်ဆိုတာ ကျနော်တို့ သိပြီးသားပါပဲ။ ဘာမှ ဝမ်းနည်းစရာမရှိပါဘူး။ စစ်ရေးတွေမှာ လူထု ထိခိုက်သေဆုံးပြီး ကျမတို့မြို့တွေပျက်စီးတယ်။ နေစရာအိမ်မရှိတာပဲ အဖတ်တင်တယ်” ဟု နမ့်ခမ်းဒေသခံ အမျိုးသမီးတစ်ဉီးက ပြောသည်။
ထို့ပြင် TNLA နှင့် NSPNC တွေ့ဆုံမှုနှင့်ပတ်သက်ပြီး ပြောရေးဆိုခွင့် လွေးယေဉီးကို သျှမ်းသံတော်ဆင့်က ဖုန်း၊ Telegram နှင့် signal တို့တွင် အကြိမ်ကြိမ် ကြိုးစား ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
၂၀၂၃ အောက်တိုဘာ လကုန်ပိုင်းတွင် စတင်ခဲ့သည့် ညီနောင်မဟာမိတ်တပ်များနှင့် စစ်တပ် “၁၀၂၇ စစ်ဆင်ရေး”အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့ (၁၂) မြို့ကို TNLA ဘက်မှ ထိန်းချုပ်နိုင်ခဲ့သော်လည်း ယမန်နှစ် ၂၀၂၅ တွင် ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်နှင့် မိုးကုတ်မြို့တို့ကို စစ်တပ်ထံ ပြန်လည်လက်လွှတ်ခဲ့ရပြီး ၂၀၂၆ မတ်လတွင် ကွတ်ခိုင်မြို့ကို MNDAA ထံ လက်လွှတ်ပေးခဲ့ရသည်။
လက်ရှိ TNLA လက်အောက်တွင် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံနှင့် နမ့်ခမ်းမြို့တို့၌ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်လျက်ရှိပြီး စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုအတွင်း “တအာင်း(ပလောင်)ပြည်နယ်” ဖွဲ့စည်းပေးရန် တောင်းဆိုခဲ့ကြောင်း ဆွေးနွေးပွဲအကြောင်း သိရှိသူတစ်ဦးကို ကိုးကား၍ ဘီဘီစီ မြန်မာပိုင်းသတင်းတွင် ဖော်ပြသည်။












Leave a Comments