သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။
ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်မှ လူအင်အား ၆၀ နှင့် ဘက်ဟိုးယာဉ်ဖြင့် ရောက်လာပြီး ဖြိုချဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ်(၂) လုံး ပျက်စီးခဲ့ရကြောင်း ဖြစ်စဉ်သိရှိသူများက ပြောသည်။
အဆိုပါ တစ်ရက်တည်းတွင် စစ်အစိုးရလက်အောက်ခံ NSPNC နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
“သူတို့(စစ်တပ်)ဘက်က ရွာသားတစ်ယောက်ရဲ့ နေအိမ်ကို SSPP နဲ့ ပတ်သက်နေတယ်လို့ စွပ်စွဲပြီးတော့ ဘက်ဟိုးနဲ့ လာဖျက်ဆီးတာ။ အခု ဖျက်ခံရတဲ့ ၂ အိမ်လုံးကလည်း စစ်သားနေတဲ့အိမ် မဟုတ်ဘူး၊ သာမန်ပြည်သူနေအိမ်ပဲ။ ရွာသားတွေက တောင်းပန်လို့ အိမ်နှစ်လုံးပဲ ဖျက်ခံရတာ၊ သူတို့က ဘာမှမမေးဘဲ ကားနဲ့ ဒီတိုင်း လာဖျက်သွားတာ” ဟု ဖြစ်စဉ်သိရှိသူ မိုးမိတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
မိုးမိတ်မြို့နယ်ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ခဲ့စဉ်ကလည်း မိုးဟောက်ကျေးရွာအုပ်စု အနီးတဝိုက်တွင် SSPP ဘက်မှ တပ်စွဲထားခဲ့ပြီး ဒေသခံများကို လုံခြုံရေးယူပေးခဲ့ကြောင်း သိရသည်။
TNLA ဘက်မှ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့ကို ယမန်နှစ် ၂၀၂၅ နိုဝင်ဘာလကုန်ပိုင်းတွင် စစ်တပ်ထံ ပြန်လည်လွှဲပြောင်း ပေးခဲ့ပြီးနောက်ပိုင်း စစ်တပ်ဘက်မှ SSPP ကိုလည်း အလားတူ တပ်ဆုတ်ပေးရန် ဖိအားပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်တွင် မိုးမိတ်မြို့နယ် လမ်းမကြီးတလျှောက်ရှိ SSPP ဂိတ်စခန်းများ တပ်ဆုတ်ပေးရန်နှင့် ဩဂုတ်လ ၅ ရက်တွင် မိုးဟောက်ကျေးရွာအုပ်စုအတွင်းမှ SSPP တပ်ဆုတ်ခွာရန် စစ်တပ်ဘက်မှ ညွှန်ကြားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“စစ်တပ်က SSPP ကို တပ်ဆုတ်ခိုင်းတာ သျှမ်းတပ်ကလည်း နောက်မဆုတ်ဘူး၊ စစ်တပ်ဘက်က မိုးဟောက်ဘက်ကို စစ်ကြောင်းထိုးလာတာ။ ပြည်သူကတော့ တိုက်ပွဲမဖြစ်အောင် တစ်ဘက်ကိုလည်း ရှောင်ဖို့ ပြောတာပေါ့၊ အဲ့နောက်ပိုင်း SSPP ဘက်က မိုးဟောက်ပတ်လည်မှာ စခန်းချထားတဲ့ နေရာကနေ ယာယီထွက်သွားပေးတာ” ဟု မိုးမိတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထို့နောက် ဩဂုတ်လ ၆ ရက်တွင် စစ်တပ်ဘက်မှ မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်းနေရာကို ဘက်ဟိုးဖြင့် လာရောက်ဖျက်ဆီးခဲ့ပြီး ဩဂုတ်လ ၇ ရက်တွင် မိုးဟောက်ကျေးရွာ အစွန်ရှိ ပြည်သူနေအိမ်များကို ထပ်မံဖျက်ဆီးရန် လာရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အခြားတစ်ဖက်တွင် ဩဂုတ်လ ၇ ရက်က နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်တွင် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့သည်။
NSPNC ဘက်မှ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ SSPP ဘက်မှ ဒုတိယဥက္ကဋ္ဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း စစ်အစိုးရထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။
NSPNC နှင့် SSPP ကြား ဒုတိယအကြိမ် တွေ့ဆုံမှုတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်တိုက်ဖျက်ရေး၊ လက်နက်ကိုင်ပဋိပက္ခ မဖြစ်ပွားရေးတို့ကို ဆွေးနွေးခဲ့ပြီး SSPP ဘက်မှ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုပေါ်ပေါက်လာရေး အခြေခံပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို ကိုင်စွဲထားကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စိတ်ဆန္ဒရှိကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။













Leave a Comments