အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။
ထိုကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့် ရှေ့ဆက်လုပ်ဆောင်မည့် လမ်းပြမြေပုံကို ရှင်းလင်းတင်ပြသည်။
၎င်းဆွေးနွေးပွဲအပေါ် NDAA ဥက္ကဋ္ဌ ဦးထိန်လင်းက လှိုက်လှိုက်လှဲလှဲ ကြိုဆိုတုံ့ပြန်ခဲ့ပြီး နိုင်ငံတော်သမ္မတအဖြစ် မင်းအောင်လှိုင် ရာထူးတာဝန်ယူမှုအပေါ် “အလွန်ဝမ်းမြောက်ဂုဏ်ယူကြောင်း” ထုတ်ဖော်ပြောဆိုခဲ့သည်။
NDAA ခေါင်းဆောင်ပိုင်းက ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပညာရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် အာဏာသိမ်းသမ္မတ၏ ဆောင်ရွက်မှုများကို ပေါ်ပေါ်ထင်ထင် ချီးကျူးခဲ့ပြီး၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ကာကွယ်ရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့အတွက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ကြေညာခဲ့သည်။
ဆွေးနွေးပွဲအပြီးတွင် NDAA ဒုတိယဥက္ကဋ္ဌ ဦးစံပေက လက်ရှိဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၏ လက်ရှိအခြေအနေကို တင်ပြခဲ့သည်။
ထို့နောက် ဇွန်လ ၁၈ ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၏ ကိုယ်စားလှယ်အဖွဲ့သည် ‘ဝ’ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA)နှင့် ဆွေးနွေးရန် ပန်ဆန်း မြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး၊ ငြိမ်းချမ်းရေး ကော်မတီသုံးရပ် ဖွဲ့စည်းကာနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။

UWSP ၏ ပြန်လည်တုံ့ပြန်မှုအနေဖြင့် UWSP ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ပြည်ထောင်စုမပြိုကွဲရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးတို့အပေါ် ၎င်းတို့၏ ခိုင်မာသောကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့သည်။
၎င်းက အာဏာသိမ်း စစ်ခေါင်းဆောင်မှ သမ္မတအသစ်ဖြစ်လာသူ မင်းအောင်လှိုင်နှင့် ၎င်း၏ ပြည်ထောင်စု အစိုးရအသစ် ဦးဆောင်မှုအောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုမိုတိုးမြှင့်လုပ်ဆောင်လိုကြောင်း၊ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန်နှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများကို ဆက်လက်လုပ်ဆောင်သွားသွားရန် ရည်ရွယ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
သို့သော် ယခုတွေ့ဆုံမှုများသည် တော်လှန်ရေးအင်အားစုများအကြား ပြင်းထန်သည့် အမြင်ကွဲလွဲမှုများကို မီးမောင်းထိုးပြလာသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့က အာဏာသိမ်း စစ်အစိုးရ၏ တရားဝင်မှုကို ငြင်းပယ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အားလုံးပါဝင်နိုင်သည့် ညှိနှိုင်းဆွေးနွေးမှုများကို တောင်းဆိုနေကြသော်လည်း၊ NDAA နှင့် UWSA တို့ကမူ စစ်အစိုးရ၏ ကမ်းလှမ်းမှုများကို ကြိုဆိုခဲ့ကြသည်။
၎င်းတို့၏ အပြုသဘောဆောင်သည်ဟုဖော်ပြသော လက်ခံမှုနှင့် အုပ်ချုပ်ရေးသစ်၏ မူဘောင်အောက်တွင် နှစ်ဦးနှစ်ဖက် ဆွေးနွေးပွဲများ ပြုလုပ်ရန် ဆန္ဒရှိခြင်းတို့က စစ်အစိုးရ၏ တရားဝင်မှုကို ထိရောက်စွာ အသိအမှတ်ပြုပေးရာရောက်နေပြီး ခုခံတော်လှန်ရေးအင်အားစုများကို ဖယ်ကြဉ်၊ အထီးကျန်ခံရစေကာ စစ်အစိုးရအတွက် မြောက်ပိုင်းနယ်စပ်ကို လုံခြုံစေမည့် အလားအလာ ရှိနေသည်။
သို့သော်လည်း ယခုကဲ့သို့ ရွေးချယ်ထိတွေ့ဆက်ဆံမှုသည် ပိုမိုကျယ်ပြန့်သော “ရက် ၁၀၀ ငြိမ်းချမ်းရေးစီမံချက်” ၏ အခြေခံကျသော အားနည်းချက်များကိုမြင်သာလာစေသည်။

၁။ ယုံကြည်ရသည်ဟု ထင်ယောင်ထင်မှားဖြစ်ခြင်း (The Mirage of Credibility)
အာဏာသိမ်းအစိုးရ၏ ဇူလိုင်လ ၃၁ ရက်တွင် ကုန်ဆုံးမည့် “ရက် ၁၀၀ ငြိမ်းချမ်းရေးစီမံချက်” သည် အပြန်အလှန်ယုံကြည်မှု လုံးဝမရှိခြင်းကြောင့် အုတ်မြစ်တည်သည့် အချိန်ကတည်းက ယိုယွင်း ပျက်ပြားနေသည်။
ယခုမဟာဗျူဟာ၏ ထိပ်ဆုံးတွင် ဦးဆောင်မှုပြုနေသူမှာ မင်းအောင်လှိုင်ဖြစ်ပြီး ၎င်းကို ဖက်ဒရယ် ဒီမိုကရက်တစ်ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် စစ်ဘက် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) နှင့် အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး (EAOs) လေးဖွဲ့အပါအဝင် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုက ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ ပျက်စီးဆုတ်ယုတ်လာမှုများ၏ အဓိကလက်သည်အဖြစ် ရှုမြင်ကြသည်။
ထို့ကြောင့် မင်းအောင်လှိုင် အာဏာဆုပ်ကိုင်ထားသမျှကာလသည် စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် မဖြစ်နိုင်ကြောင်း တော်လှန်ရေးအင်အားစုများက တစ်စိုက်မတ်မတ် ရပ်တည်ထားကြသည်။
ထိုကြောင့် ယခုစီမံချက်သည် ရိုးသားပြီး ပြန်လည်သင့်မြတ်ရန် ကမ်းလှမ်းမှုအဖြစ် မရှုမြင်ကြဘဲ အချိန်ဆွဲရန်အတွက် စနစ်တကျ တွက်ချက်ထားသည့် အချိန်ဆွဲဆန့်ထားမည့် ဗျူဟာတစ်ခုအဖြစ်သာ သတ်မှတ်ထားကြသည်။
ထိုသို့ သံသယကြီးစွာဖြင့် ယုံကြည်မှုမရှိရခြင််းမှာ ယခင်ကာလတလျှောက် ကတိဖျက်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သမိုင်းကြောင်းများစွာပေါ်တွင် အမြစ်တွယ်နေသည်။
စစ်တပ်သည် ၂၀၂၃ ခုနှစ် စစ်ဆင်ရေးများနှင့် “၁၀၂၇” စစ်ဆင်ရေးကာလအတွင်း၌ ဖြစ်ပွားခဲ့သကဲ့သို့ ၎င်းတို့၏ စစ်ရေးနှင့််အကျိုးစီးပွားအတွက် အသုံးတည့်သည့်အခါ သဘောတူညီချက်များကို ထပ်ခါတလဲလဲ လက်မှတ်ရေးထိုးပြီးမှ ပြန်လည်ဖျက်ဆီးလေ့ရှိခြင်းကြောင့် ဖြစ်သည်။
၂။ သျှပ်လျှိုဖြိုခွဲရေးဝါဒ၏ ကျရှုံးမှု (The Failure of Divide and Rule)
တော်လှန်ရေးအင်အားစုများကို “သွေးခွဲအုပ်ချုပ်ရေး” သို့မဟုတ် “သျှပ်လျှိုဖြိုခွဲရေး” (Divide and Rule) နည်းလမ်းဖြင့် အစိတ်စိတ်အမွှာမွှာဖြစ်စေရန် စစ်အစိုးရ၏ မဟာဗျူဟာသည် အောင်မြင်မည့်အစား ပြောင်းပြန်အကျိုးသက်ရောက်မှုများ (Backfiring) ဖြစ်ပေါ်နေပုံရသည်။
ရက္ခိုင့်တပ်တော် (AA) ကို တစ်ခုတည်း အထီးကျန်စေရန် သို့မဟုတ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို သီးသန့်ဆွေးနွေးပွဲများပြုလုပ်ပြီး ဆွဲဆောင်ရန် ကြိုးပမ်းရမည့်အစား ရည်ရွယ်ချက်ရှိရှိဖယ်ကြဉ်ထားသော နည်းဗျူဟာများသည် ဖယ်ထုတ်ခံရသော အဖွဲ့များအကြား ပို၍နီးစပ်သွားစေပြီး၊ ချိတ်ဆက်မှုများကို ပိုမိုခိုင်မာလာစေသည်။
KIA သည် စစ်တပ်နှင့် သီးသန့်ဆွေးနွေးပွဲပြုလုပ်မည့် လမ်းစဉ်ကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပြီး မည်သည့်ဆွေးနွေးမှုမဆို အားလုံးပါဝင်နိုင်ရမည်ဖြစ်ကြောင်း၊ NUG နှင့် အခြားသော တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုများလည်း ပါဝင်ရမည်ဟု အခိုင်အမာဆိုထားသည်။
အလားတူပင် AA ကို ရည်ရွယ်ချက်ရှိရှိ ဖယ်ထုတ်ထားခြင်းကလည်း ၎င်းတို့၏ စိတ်ဓာတ်ကို အားနည်းမသွားစေဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် ဧရာဝတီ၊ မကွေးနှင့် စစ်ကိုင်းတိုင်းတို့အပြင် ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်ပါ စစ်မျက်နှာစုံ စစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ရာ စစ်တပ်၏ စစ်ရေးအရ ဖိအားပေးမှုများက ရက္ခိုင့်တပ်တော်၏ စိတ်ဓာတ်ကို ချိုးနှိမ်နိုင်ခြင်းမရှိကြောင်း သက်သေပြနေသည်။
တိုင်းရင်းသားအင်အားစုများနှင့် ဒီမိုကရေစီအင်အားစုများအကြား သွေးခွဲမည့်အစား စစ်အစိုးရ၏ လုပ်ရပ်များသည် AA၊ KIA နှင့် အခြားအဖွဲ့များကို SCEF နှင့် အခြားမဟာမိတ်များအတွင်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် တွန်းအားပေးနေပြီး စစ်တပ်ကို ပြန်လည်တွန်းလှန်ရန် စည်းလုံးညီညွတ်သည့် မျက်နှာစာတစ်ခု ခိုင်ခိုင်မာမာ ဖြစ်ပေါ်လာစေသည်။
၃။ နိုင်ငံရေးစကား – အပြောနှင့် လက်တွေ့မြင်ပြင် ကွဲလွဲနေခြင်း (The Disconnect Between Rhetoric and Reality)
စစ်အစိုးရ၏ ငြိမ်းချမ်းရေး နိုင်ငံရေးအပြောနှင့် မြေပြင်က စစ်ရေးအရှိတရားအကြားတွင် ရှေ့နောက်မညီမှု ကြီးကြီးမားမားဖြစ်နေသည်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဥက္ကဌအဖြစ် ဦးဆောင်နေသော NSPNC သည် သံတမန်ရေးအရ ငြိမ်းချမ်းရေးကမ်းလှမ်းမှုများ ပြုလုပ်နေသော်လည်း တစ်ချိန်တည်းမှာပင် စစ်တပ်သည် ရခိုင်၊ ချင်းနှင့် စစ်ကိုင်းတို့တွင် ပြင်းထန်သော စစ်ဆင်ရေးများကို ဆင်နွှဲနေရသည်။
“ရက် ၁၀၀” အဆိုပြုချက်သည် စစ်ရှိန်လျှော့ချရန် သဘောရိုးဖြင့် ကြိုးပမ်းနေခြင်းထက် ရက္ခိုင့်တပ်တော်အပေါ် အကြီးအကျယ် ထိုးစစ်ဆင်နိုင်ရေးအတွက် တပ်ဖွဲ့များကို ပြန်လည်စုဖွဲ့ရန်နှင့် အင်အားဖြည့်တင်းနေခြင်းကို ဖုံးကွယ်ပေးနေသည့်် အကာအကွယ်တစ်ခုအဖြစ်သာ ပိုမိုရှုမြင်လာကြသည်။
ထို့အပြင် ၎င်းစီမံချက်သည် တော်လှန်ရေးအင်အားစုများ၏ အဓိကနိုင်ငံရေးတောင်းဆိုချက်များဖြစ်သည့် – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရေး၊ စစ်တပ်၏ နိုင်ငံရေးအာဏာကို ရုပ်သိမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရေး စသည်တို့ကို ဖြေရှင်းပေးခြင်းမရှိပေ။ တိုင်းရင်းသားအဖွဲ့အစည်းများကို “အနှစ်သာရမရှိသော” ဖက်ဒရယ်စနစ်ကို လက်ခံရန် သို့မဟုတ် လက်နက်စွန့်ရန်သာ တောင်းဆိုနေသည်။

ယခုကဲ့သို့ အခြေခံကျသော လိုက်လျောမှုများ မရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် အနှစ်သာရမရှိသော လုပ်ရပ်တစ်ခုအဖြစ်သာ အဆုံးသတ်ရန် အစတည်းက သေချာနေပြီးဖြစ်သည်။
၄။ အကန့်အသတ်ရှိနေသော ပြင်ပမှလွှမ်းမိုးမှုများ (The Limits of External Influence)
နိုင်ငံတကာမှ ပါဝင်ပတ်သက်နေသူများ၏ အခန်းကဏ္ဍ၊ အထူးသဖြင့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည်လည်း ယခုစီမံချက်၏ အောင်မြင်နိုင်ခြေကို ကန့်သတ်ထားသည်။
တရုတ်နိုင်ငံသည် နယ်စပ်တည်ငြိမ်ရေး သေချာစေရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထောက်ခံနေသော်လည်း ၎င်းတို့၏ အဓိကအကျိုးစီးပွားများအတွက် ပဋိပက္ခ၏အဓိကဇစ်မြစ်ကို ဖြေရှင်းရန်ထက် တည်ငြိမ်မှုနှင့် အမိန့်အာဏာကို ထိန်းသိမ်းထားရန်သာ ဖြစ်သည်။
တရုတ်နိုင်ငံသည် ဒေသတွင်းကို မတည်မငြိမ်ဖြစ်စေမည့် သို့မဟုတ် ၎င်း၏အကျိုးစီးပွားများကို ခြိမ်းခြောက်လာနိုင်မည့် စစ်မှန်သော လိုက်လျောမှုများကိုပြုလုပ်ရန် အာဏာသိမ်းအစိုးရကို တိုက်တွန်းဖိအားပေးမည်မဟုတ်ပေ။
ပေကျင်းအနေဖြင့် ဆွေးနွေးပွဲများဖြစ်လာအောင် တွန်းအားပေးနိုင်သော်လည်း စစ်တပ်မှ တိုင်းရင်းသားလက်နက်ကိုင်များကို အာဏာခွဲဝေပေးရန် သို့မဟုတ် တော်လှန်ရေးအင်အားစုများကို စစ်တပ်ဦးဆောင်သော အစိုးရကို လက်ခံရန် အတင်းအကျပ် လုပ်ဆောင်းနိုင်ခြင်းမရှိနိုင်ပေ။
ထိုအကန့်အသတ်များကြောင့် အာဏာသိမ်းအစိုးရ၏ တောင်းဆိုချက်များနှင့်် တော်လှန်ရေးအင်အားစုများ၏ မျှော်လင့်ချက်ကြားတွင် ကြီးမားသော ကွာဟချက်ကြီးတစ်ခုဖြစ်နေပြီး လက်ရှိ “ရက် ၁၀၀ စီမံချက်” သည်လည်း ထိုကွာဟချက်ကို ပေါင်းကူးပေးနိုင်ရန် စွမ်းဆောင်နိုင်စွမ်းမရှိကြောင်း သိသိသာသာတွေ့မြင်နိုင်ပေသည်။
မလွှဲမရှောင်သာသော နိဂုံး (The Inevitable Conclusion)
အဆုံးသတ်ရသော် လက်ရှိတွင် စစ်မျက်နှာစုံတွင် တိုက်ပွဲများ ပြင်းထန်နေပြီး ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော ပဋိပက္ခများကို ဖြေရှင်းရန်အတွက် ‘ရက် ၁၀၀’ ကာလအပိုင်းအခြားသည် တိုတောင်းလွန်းသည်။ ထိုစီမံချက်သည် ပြည်တွင်းနှင့် နိုင်ငံတကာမှ စောင့်ကြည့်နေသူများအတွက် တိုးတက်မှုအသွင်သဏ္ဌာန် ပြသနိုင်ရန်သာ ရည်ရွယ်သည့် ဟန်ပြလုပ်ရပ်တစ်ခုသာ ဖြစ်နိုင်သည်။
ဇူလိုင်လ ၃၁ ရက် နောက်ဆုံးသတ်မှတ်ရက် ရောက်ရှိလာသည့်အခါ အာဏာသိမ်းအစိုးရမှ UWSA နှင့် မိုင်းလား (NDAA) ကဲ့သို့သော အဖွဲ့များနှင့် ယာယီအပစ်ရပ်စဲမှုများမှတစ်ဆင့် မြောက်ပိုင်းနယ်စပ်ကို လုံခြုံစေခြင်းဖြင့် “တစ်စိတ်တစ်ပိုင်း အောင်မြင်မှု” ရရှိသည်ဟု ကြေညာနိုင်ခြေ အလွန်မြင့်မားသည်။
အဆိုပါအဖွဲ့များသည် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ပြိုကွဲပြီးနောက် ၁၉၈၉ ခုနှစ်ကတည်းက စစ်တပ်နှင့် နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို ထိန်းသိမ်းလာခဲ့ကြသော်လည်း၊ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင်မူ လက်မှတ်ရေးထိုးရန် သိသာစွာ ငြင်းဆန်ခဲ့ကြသည်။
လက်ရှိသမိုင်းဝင်လာနိုင်သည့်် ဖြစ်စဉ်က ပြသနေသည်မှာ အာဏာသိမ်းအစိုးရသည် ပိုမိုကြီးမားသော နိုင်ငံရေးအကျပ်အတည်းကို ဥပေက္ခာပြုပြီး အကန့်အသတ်များစွာရှိနေသော အိုဟောင်းနေသည့် နည်းလမ်းဟောင်းကို ပြန်လည်အသက်သွင်းနေခြင်း ဖြစ်သည်။
စစ်တပ်က ၎င်း၏ အင်အားအပြည့်အစုံကို AA နှင့် အခြားတော်လှန်ရေးလှုပ်ရှားမှုများအပေါ်သို့ ပြန်လည်ဦးတည်လာနိုင်သောကြောင့် သြဂုတ်လတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာနိုင်ခြေရှိနေသည်။
စစ်တပ်၏ နိုင်ငံရေးရပ်တည်ချက်အပေါ် အခြေခံကျသော အပြောင်းအလဲတစ်ခု မရှိသရွေ့ (လက်ရှိတွင် ထိုအခြေအနေမှာ လုံးဝမဖြစ်နိုင်ဟု သတ်မှတ်ထားသည်) ရက် ၁၀၀ ငြိမ်းချမ်းရေးစီမံချက်သည် ၎င်း၏ချမှတ်ထားသော ရည်မှန်းချက်များကို အောင်မြင်အောင် စွမ်းဆောင်နိုင်မည်မဟုတ်ဘဲ ပိုမိုကြီးမားသော စစ်ပွဲကြီးအတွင်း ဗျူဟာအရ ခေတ္တရပ်နားမှုတစ်ခုအဖြစ်သာ အသုံးပြုသွားမည့်ပုံရှိနေသည်။
ရှေ့ဆက် လမ်းကြောင်း (The Path Forward)
အဆုံးသတ်တွင် စစ်အုပ်စုနှင့် ၎င်းတို့၏ ဂိုဏ်းဂဏများသည် ပကတိအရှိတရားကို လက်ခံရမည်ဖြစ်ပြီး “စစ်တပ်အထွတ်အထိပ်ဝါဒ” သို့မဟုတ် “နိုင်ငံရေးတွင် စစ်တပ်ကသာ အဆုံးအဖြတ်ပေးလိုသည့် မူဝါဒ” (Military supremacy) ဟူသော ထာဝရအယူဝါဒကို စွန့်လွှတ်ရမည်ဖြစ်သည်။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူနည်းစုအခွင့်အရေးများ၊ တန်းတူညီမျှမှုနှင့် စစ်မှန်သော ဒီမိုကရေစီတို့ကို ရရှိရန်အတွက် စစ်တပ်အနေဖြင့် ပြည်သူလူထု၏ မျှော်မှန်းချက်များကို စိတ်ရင်းမှန်ဖြင့် ဖြေရှင်းပေးရမည်ဖြစ်ပြီး လူ့အဖွဲ့အစည်းကို စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ်သို့ ကူးပြောင်းနိုင်ရေးအတွက် လမ်းဖွင့်ပေးရမည်ဖြစ်သည်။
“စစ်တပ်အထွတ်အထိပ်ဝါဒ”ကိုသာ ခေါင်းမာစွာ ဖက်တွယ်နေခြင်းသည် နိုင်ငံတော်ပြိုကွဲပျက်စီးခြင်းကိုသာ ကျိန်းသေဖြစ်ပေါ်စေမည်ဖြစ်ပြီး၊ မလွှဲမရှောင်နိုင်သော အစိတ်စိတ်အမွှာမွှာ ပြိုကွဲခြင်း သို့မဟုတ် မြန်မာနိုင်ငံအား ကျရှုံးနိုင်ငံ (Failed state) အဖြစ်သို့ ကူးပြောင်းသွားစေခြင်းသို့သာ ဦးတည်သွားစေမည် ဖြစ်သည်။
ဤဆောင်းပါးပါ အချက်အလက်နှင့် သုံးသပ်ချက်များသည် စာရေးသူ စိုင်းဝမ်းဆိုင်၏ အာဘော်နှင့် ရှုမြင်ချက်သာဖြစ်သည်။
*အထက်ပါဆောင်းပါးမှာ စိုင်းဝမ်းဆိုင် ရေးသားထားသော THE ILLUSION OF PEACE: Why the Junta’s 100-Day Initiative is Doomed to Fail၏ အင်္ဂလိပ်ဘာသာဆောင်းပါးအား ယူဂျင်းမှ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။













Leave a Comments