သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယမ်းမှုန့်များ နှင့် မီးလောင်ရာမှ ထွက်လာသည့် ပြာမှုန့်များသည် ကျေးရွာအတွင်းရှိ ဟင်းသီးဟင်းရွက် စိုက်ခင်းများ နှင့် ရေတွင်း၊ရေချောင်းများထဲသို့ ပျံ့နှံ့ခဲ့သည်။
ထိုမှတဆင့် သောက်သုံးရေနှင့် စိုက်ခင်းများ အဆိပ်သင့်လာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြောင်း ကောင်းတပ်ကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ယမ်းရုံပေါက်ကွဲပြီးပြီးချင်းတော့ ကျမတို့ရဲ့ စိုက်ခင်းကို မသွားကြည့်နိုင်သေးဘူး။ နောက်မှ သွားကြည့်တော့ စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်ပင်တွေပေါ်မှာ အဖြူရောင် အမှုန့်တွေ ကပ်နေတာ တွေ့ရတယ်။ အဲ့အရွက်တွေ အဆိပ်သင့်၊ မသင့်လည်း စစ်ဆေးပေးသူမရှိဘူး။ ဒါကြောင့် ဟင်းသီး ဟင်းရွက်တွေ ချက်မယ်ဆိုရင် ဆားရည်နဲ့ အရင်စိမ်ပြီး သေချာဆေးပြီးမှ ချက်စားနေကြတယ်။” ဟု ကောင်းတပ်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် ကျေးရွာဒေသခံများ သောက်သုံးနေသည့်ရေကိုလည်း သေချာကျိုချက်ပြီးမှ သောက်သုံးရန် နှင့် စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များကိုလည်း သေချာဆေးကြာပြီး ချက်ပြုတ်စားသုံးရန် ကျိုချက်ပြီးမှသာ လူမှုကူညီရေအသင်းအဖွဲ့၏ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ဆက်ပြောသည်။
“အခုဆိုရင် ယမ်းရုံပေါက်ကွဲတဲ့ နေရာအနီးမှာရှိတဲ့ ရေတွင်း ရေချောင်းတွေကို ဒေသခံတွေ သုံးနေကြတုန်းပါ။ အဲ့ယမ်းမှုန့်တွေ ရေထဲကျသွားတာ၊ သစ်ပင် နဲ့ ဟင်းသီးဟင်းရွက်တွေပေါ် ကပ်နေတာတွေက လူတွေ အသုံးပြုရင် အန္တရာယ် ရှိ ၊ မရှိ မသိသေးလို့ စိုးရိမ်နေကြတယ်။ ဒါကြောင့် ရေကို သုံးမယ်ဆိုရင် ကောင်းကောင်းကျိုပြီးမှ သုံးဖို့နဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း ဆားရည်နဲ့ အရင်စိမ်ပြီး ချက်ပြုတ် စားသုံးဖို့ ဒေသခံတွေကို အသိပေးချင်ပါတယ်” ဟု ၎င်းအမျိုးသားက ဆိုသည်။
ဆက်လက်ပြီး ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် နေအိမ်များ ပျက်စီးခဲ့သည့် ဒေသခံအများအပြားမှာလည်း လက်ရှိအချိန်အထိ ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ကောင်းတပ်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ထပ်လောင်းပြောသည်။
“လိုအပ်ချက်တွေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။လငွေကြေးအခက်အခဲတွေကတော့ လူတိုင်း ရှိကြတယ်။ အိမ်တွေက ကြေမွသွားတော့ ပြန်ထူထောင်ဖို့လည်း ခက်ခဲနေတယ်။ အလုပ်လည်း မလုပ်ဖြစ်ကြသေးဘူး။ ရွာကလူတွေလည်း ငွေကြေးတတ်နိုင်တဲ့သူတွေ မဟုတ်တော့ လုံးဝ မတတ်နိုင်တဲ့ မိသားစုတွေဆိုရင် အခုထိ ပြန်လည်ထူထောင်ရေးကို မစနိုင်သေးဘူး” ဟု ၎င်း ပြောသည်။
လက်ရှိတွင် ကောင်းတပ်ကျေးရွာ ဒေသခံအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် အခြေခံအသုံးအဆောင်များကို လာရောက်လှူဒါန်းသူများ ရှိသော်လည်း ငွေကြေးအကူအညီများမှာ ခက်ခဲသူများထံ အပြည့်အဝ မရောက်ရှိ သေးကြောင်း ၎င်းကဆက်ပြောသည်။
“လှူတဲ့လူတွေတော့ ရှိပါတယ်။ စားနပ်ရိက္ခာတွေ၊ မိုးကာတွေ လာလှူကြတယ်။ ဒါပေမယ့် လှူဒါန်းထားတဲ့ ငွေတွေကတော့ ကျွန်တော်တို့လက်ထဲ အကုန်မရောက်သေးဘူး။အခက်ခဲတော့ ဖြစ်တာပေါ့။တစ်အိမ်ကို ၅ သိန်းပဲရထားတာ။အဲ့ထပ်ရမဲ့ငွေတွေကိုတော့ မျှော်နေရတာပေါ့။ ရထားတာငွေနဲ့လည်း ဝယ်ရင်ဘာမှ ဝယ်လို့မရဘူးလေ” ဟု ကောင်းတပ်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးကပြောသည်။
ထိုပေါက်ကွဲမှုကြောင့် မြေပြင် ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ စာရင်းအရ သေဆုံးသူ (၇၀)ဉီး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ကျော် နှင့် အိုးမဲ့အိမ်မဲ့ ၆၀၀ကျော်ရှိပြီး ပေါက်ကွဲမှုဒဏ်ခံရသည့်ရွာ ကျေးရွာ နှင့် ရပ်ကွက် ၁၅ ခုခန့်ရှိကြောင်း သိရသည်။
ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဒဏ်ကို ဒေသခံအများအပြား ခံစားခဲ့ရသော်လည်း ယနေ့အချိန်အထိ ထိခိုက် ခံစားရသူများသည် လုံလောက်သော အကူအညီများ မရရှိသေးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။













Leave a Comments