သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက ပြောသည်။
“ရှေ့ရက်က Y-12 လေယာဉ် လာဝဲတော့ ဒီကလူတွေ အကုန်လုံး ကြောက်နေတာ။ TLEC စာသင်ကျောင်းက စာမေးပွဲ ဖြေနေတာလည်း ခနနားလိုက်ရတယ်။ မနေ့က ကျောင်းတွေ ပြန်ဖွင့်ပေမယ့် စာမေးပွဲတော့ ရက်ရွှေ့လိုက်တယ် ကြားတယ်။ ဗုံးကြဲခံရမှာနဲ့ အဓိကတော့ စကစ ဝင်လာပြီး တိုက်ပွဲ ပြန်ဖြစ်မှာ ကြောက်တာ” ဟု နမ္မတူဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထိုသို့ စစ်တပ်လေယာဉ် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် နမ္မတူမြို့နယ်ရှိ အထက(၁)၊ အထက(၂)၊ အလက(၂) နှင့် အမက-ဆိုက်ခေါက်တို့တွင် တအာင်းပြည်ပညာရေးကောင်စီ TLEC မှ ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများကို ယာယီပိတ်ထားခဲ့ရပြီး ယမန်နေ့ (ဇွန်လ ၈ ရက်) တွင် ကျောင်းပြန်ဖွင့်သော်လည်း စာမေးပွဲဖြေဆိုမှုကို လုံခြုံရေး အခြေအနေအရ ရက်ပြောင်းရွှေ့ထားရကြောင်း အဆိုပါဒေသခံအမျိုးသားက ဆက်ပြောသည်။
ပြီးခဲ့သည့် မေလ ၁၂ ရက်နှင့် ၁၃ ရက်တွင် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်ပေးမှုဖြင့် TNLA နှင့် စစ်တပ် နှစ်ဘက်ကိုယ်စားလှယ်များ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံခဲ့စဉ် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့၊ နမ္မတူမြို့၊ မိုင်းလုံမြို့နှင့် မိုင်းငေါ့မြို့ (၄) မြို့တို့ကို ၁ လအတွင်း ထပ်မံ တပ်ဆုတ်ခွာပေးရန် စစ်တပ်ကိုယ်စားလှယ်ဘက်မှ တောင်းဆိုခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။













Leave a Comments