ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။
သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော နမ့်ခုတ်(Kok)မြစ်ရေသည့် အာဆင်းနစ်နှင့် အခြားသတ္တုအဆိပ်ဓာတ်များရှိနေကြောင်းကို ထိုင်းနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် ညစ်ညမ်းမှုထိန်းချုပ်ရေးရုံးက ရေနမူနာယူပြီး ဓာတ်ခွဲစမ်းသပ်ရာမှ တွေ့ရှိခဲ့သည်။
ထိုမြစ်ရေသည် သျှမ်းပြည်အရှေ့ပိုင်း လက်ရှိတွင် “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် – UWSA ထိန်းချုပ်သည့်ဒေသအတွင်းတူးဖော်နေသည့် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း အလွန်မြန်ဆန် တိုးချဲ့လာမှုကြောင့်နှင့် သတ္တုတူးဖော်ရာတွင် စွန့်ပစ်ပစ္စည်းများက မြစ်ထဲဝင်ရောက်ကာ ထိုင်းနိုင်ငံဘက်အထိ နယ်စပ်ဖြတ်ကျော်ညစ်ညမ်းမှ ဖြစ်ပေါ်စေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က သျှမ်းသံတော်ဆင့်ကို ပြောဆိုခဲ့ဖူးသည်။
ထိုနမ့်ခုတ်မြစ်အဆိပ်သင့်မှုကြောင့် ထိုင်းနိုင်ငံရှိ သဘာဝပတ်ဝန်းကျင် အရေးဆောင်ရွက်သူနှင့် နမ့်ခုတ်မြစ်ကို အားကိုးပြီး စိုက်ပျိုးရေးလုပ်ကိုင်သူများသည် မြန်မာအာဏာပိုင်နှင့် တရုတ်အာဏာပိုင်များကို UWSA ထိန်းချုပ်ဒေသအတွင်း သတ္တုတူးဖော်မှုများရပ်တန့်ရန် မကြာခဏ စာပို့တောင်းဆိုခဲ့သည်။
ထိုတောင်းဆိုမှုနောက် UWSAအထွေထွေ အတွင်းရေးမှူး ပေါင်းအိုက်ခမ်းက ဉီးဆောင်ပြီး ယခု ၂၀၂၆ခုနစ် အတွင်း ရွှေ၊ သတ္ထုအမျိုးမျိုးနဲ့ သံယံဇာတ တူးဖော်တဲ့လုပ်ငန်းတွေမှာ ထိခိုက်နစ်နာမှုမရှိစေရန်နှင့် သတ်မှတ်ထားတဲ့ပြဌာန်းချက်များကို လိုက်နာကြရန် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များကို တွေ့ဆုံအသိပေးခဲ့ခြင်းဖြစ်သည်။

“သတ္ထုတူးဖော်ရေးအတွင်း အသုံးပြုတဲ့ ပစ္စည်းတွေ (ဖောက်ခွဲရေးပစ္စည်း၊ ဓာတုပစ္စည်း) ကို သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်လွန်ပြီးအသုံးမပြုကြဖို့၊ တစ်ချို့လုပ်ငန်းတွေမှာ သတ္ထုအများအပြား ရရှိရေးကိုသာ ရှေ့ရှူးကာသတ်မှတ်ထားတာထက်ကို ကျော်လွန်ပြီး အသုံးပြုတာကြောင့် ထိခိုက်နစ်နာမှုတွေ ရှိခဲ့ပါတယ် (ဥပမာ – အလုပ်သမားပြသနာ၊ ကျန်းမာ ရေးနဲ့ အသက်အန္တာရယ် ထိခိုက်ဆုံးရှုံးမှု)” UWSA အထွေထွေ အတွင်းရေးမှူး ပေါင်အိုက်ခမ်းက စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံစဉ်တွင် ပြောဆိုခဲ့သည်။
ထို့အပြင် သတ္တုတူးဖော်ရေးလုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီး မှန်ကန်သည့် နည်းလမ်းဖြင့် တူးဖော်ကြရန်၊ အချိန်နှင့် အခြေအနေ တူးဖော်မှု ပုံစံနည်းလမ်းနှင့် စီမံကိုင်သွယ်ရေး ပြဌာန်းချက်များကို လိုက်နာကြရန် နှင့် ရရှိလာသည့် အကျိုးအမြတ်များကို ပြည်သူများအတွက် မှန်ကန်သည့်နေရာတွင် အသုံးပြုရန်လည်း ၎င်းက အသိပေးထားသည်။
ဆက်လက်ပြီး လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ပြဿနာတစုံတရာ ပေါ်ပေါက်ခဲ့လျှင် သက်ဆိုင်ရာ ဌာနများကို ဆက်သွယ် အကြောင်းကြားပေးရန် နှင့် သတ်မှတ်ထားသည့် ပြဌာန်းချက်များကို လိုက်နာမှုမရှိလျှင့် ဥပဒေ အရ အရေးယူသွားမည်ဟုလည်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

အဆိုပါ အစည်းအဝေးကို အထွေထွေ အတွင်းရေးမှူး ပေါက်အိုက်ခမ်း၊ စက်မှုဌာနမှ ချိန်ဝေဟိုက်၊ ကြာဖျင်း၊ ကျောက်ညီကြွယ်ဖျင်၊ ရင်းနှီးမြှပ်နှံကြသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူတွေက တက်ရောက်ခဲ့ကြသည်။
UWSA ထိန်းချုပ်နယ်မြေအတွင်း သတ္တုကို အလွန်အကျွံတူးဖော်မှုကြောင့် မိုင်းပေါက်တွင် ရေကြီး၊ ရေလျှံမှု နှစ်စဉ်ဖြစ်ပွားခဲ့ပြီး ၂၀၂၅ခုနစ် ဇူလိုင်လအတွင်း မိုင်းပေါက်မြို့ ရေကြီးမှုကြောင့် ကယ်ဆယ်ရေး ရဲအရာရှိ အပါအဝင် သေဆုံးသူ (၄)ဉီးရှိခဲ့ပြီး ထိခိုက်ပျက်စီးမှုများခဲ့သည်။












Leave a Comments