မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။
လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အကြီးစား သတ္တုတူးဖော်ရေး လုပ်ငန်းများကို စတင်လည်ပတ်ခဲ့ကြောင်း သိရသည်။
အခြားတစ်ဖက်တွင်လည်း ရုရှားကုမ္ပဏီတစ်ခုသည် မြန်မာစစ်တပ်နှင့် ပူးပေါင်းကာ အဆိုပါတောင်၏ မြောက်ဘက်တောင်စောင်းများတွင် သတ္တုတူးဖော်ရန် ပြင်ဆင်နေကြောင်း SHRF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာစစ်တပ်နှင့် ရုရှားကုမ္ပဏီတို့ ပူးပေါင်းပြီး သတ္တုတူးဖော်မည့် နေရာသည် ထိုင်းနယ်စပ်မှ ၂၀ ကီလိုမီတာခန့် အကွာတွင် တည်ရှိကြောင်း ဆိုသည်။
အဆိုပါ သတ္တုတူးဖော်နေသော တရုတ်ကုမ္ပဏီနှင့် ရုရှားကုမ္ပဏီတို့၏ အမည်ကို သိရှိရန် SHRF ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်ခဲ့ရာတွင် ကုမ္ပဏီ၏ အချက်အလက် အသေးစိတ်ကို မသိရှိရကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
သတ္တုတူးဖော်ရန်အတွက် ပြင်ဆင်မှုများကို အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်တွင် တရုတ်အင်ဂျင်နီယာများ လာရောက်ကွင်းဆင်း စစ်ဆေးစဉ်ကတည်းက ဒေသခံများ စတင်သတိပြုမိခဲ့ကြခြင်း ဖြစ်ကြောင်း SHRF က ဆိုသည်။
၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း သတ္တုတွင်းသို့ သွားလာမည့် လမ်းကြောင်းများကို ဖောက်လုပ်ခဲ့ပြီး မြေအောက်လိုဏ်ဂူများကို တူးဖော်ခဲ့ကြကြောင်း သိရသည်။
၂၀၂၅ ခုနှစ်အတွင်းတွင် ၃ ကီလိုမီတာခန့် ရှည်လျားသော သတ္တုတွင်းသုံး စက်ကိရိယာများနှင့် စက်ယန္တရားများကို တရုတ်နိုင်ငံမှတစ်ဆင့် မဲခေါင်မြစ်ကြောင်းအတိုင်း သယ်ယူခဲ့ကာ တာချီလိတ်မြို့ အရှေ့ဘက်ရှိ ဝမ်ပုံဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။
ထိုမှတစ်ဆင့် မိုင်းဆတ်မြို့နယ် ဝမ်ဟုန်နှင့် မိုင်းတုံမြို့နယ် နားကောင်းမှုကျေးရွာအုပ်စုတို့ကို ဖြတ်ကျော်ကာ မိုင်းကျွတ်သတ္တုတွင်းသို့ ကုန်တင်ကားများဖြင့် ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်သတ္တုတွင်းမှ စွန့်ပစ်ရေများကြောင့် အနီးနားရှိ ဝမ်ဝကျေးရွာမှ ကလေးငယ်များသည် ၂၀၂၅ ခုနှစ်မှ စတင်ကာ အရေပြားရောဂါများ ဖြစ်ပွားနေကြောင်း သိရသည်။
အဆိုပါ သတ္တုတွင်းမှ ဓာတုညစ်ညမ်း မှုများသည် ပတ်ဂွတ်ချောင်းနှင့် နမ့်ကျွတ်မြစ်ကို ဖြတ်ကျော်ပြီး သံလွင်မြစ်အတွင်းသို့ စီးဝင်သွားသည်။
ထို့အပြင် သတ္တုတွင်းမှ ထွက်လာသော သဲနုန်းနှင့် နုန်းမြေများကြောင့် ချောင်းအောက်ခြေရှိ လယ်ယာမြေများ ပျက်စီးကာ စိုက်ပျိုး၍မရတော့ကြောင်း၊ ကုမ္ပဏီက တည်ဆောက်ထားသော ရေလှောင်တမံကြောင့် ဒေသခံများအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေ ရှားပါးမှုပြဿနာနှင့်ပါ ရင်ဆိုင်နေရကြောင်း SHRF က ပြောသည်။
“အခုထိတော့ ကုမ္ပဏီ ဒါမှမဟုတ် သက်ဆိုင်ရာ အဖွဲ့အစည်းဘက်က တာဝန်မယူဘူး” ဟု SHRF ၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
သတ္တုတွင်းမှ တူးဖော်ရရှိသော အဖြိုက်နက်မှုန့်များကို တာချီလိတ်နှင့် မိုင်းဖြတ်လမ်းကြောင်းမှတစ်ဆင့် တရုတ်နယ်စပ် မိုင်းလားသို့ ၁၂ ဘီးတပ် ကုန်တင်ကားများဖြင့် ပုံမှန်ပို့ဆောင်နေကြောင်း SHRF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် လုပ်ငန်းခွင်အတွင်း တရုတ်ကျွမ်းကျင်ပညာရှင် ၁၀၀ ခန့်နှင့် ဒေသခံလုပ်သား ၂၅၀ ခန့် လုပ်ကိုင်နေပြီး အလုပ်သမားများ၏ အခြေခံလစာမှာ တစ်လလျှင် ၃ သိန်းမှ ၅ သိန်းအထိ (အမေရိကန်ဒေါ်လာ ၇၅ မှ ၁၂၅ ခန့်) သာ ရရှိကြောင်း သိရသည်။
အဖြိုက်နက်သည် လေကြောင်းအာကာသ၊ အီလက်ထရွန်နစ်၊ ကာကွယ်ရေးနှင့် သတ္တုတူးဖော်ရေး ကဲ့သို့သော လုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သည့် သတ္တုဖြစ်ပြီး တရုတ်နိုင်ငံက ကမ္ဘာ့ထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။

မြန်မာနိုင်ငံ၏ သယံဇာတများကို အိမ်နီးချင်း တရုတ်နှင့် ရုရှားတို့က ဒေသခံများ၏ အခွင့်အရေးကို လျစ်လျူရှုကာ အပြိုင်အဆိုင် ထုတ်ယူနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ဒုတိယအကြီးဆုံး ခဲမဖြူ ထုတ်လုပ်သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း နိုင်ငံအတွင်းရှိ အရေးပါသော သတ္တုတွင်းအများအပြားမှာ အစိုးရ၏ တရားဝင် စာရင်းများတွင် ပါဝင်ခြင်းမရှိဘဲ ပွင့်လင်းမြင်သာမှု အားနည်းနေကြောင်း သတ္တုတွင်းဆိုင်ရာ အချက်အလက်များနှင့် ထုတ်ပြန်ထုတ်များအရ သိရသည်။













Leave a Comments