သျှမ်းပြည်တောင်ပိုင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများနှင့် စစ်ဘေးလာရောက်ရှောင်သူများသည် ရာသီတုတ်ကွေးဖြစ်ပွားနေကြပြီး ဆေးဝါးအကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများ နှင့် ၎င်းကျေးရွာသို့ လာရောက်စစ်ဘေးရှောင်ကြသူ (၁၆၀)ကျော်သည် ရာသီတုတ်ကွေးဖြစ်ပွားကာ ဖျားနာနေကြပြီး ဆေးဝါးကုသ ပေးမည့်သူ နှင့် ဆေးဝါးများလိုအပ်နေကြောင်း စစ်ဘေးရှောင်အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ အခုက တရွာလုံးနီးပါး တုတ်ကွေးမိနေတာ။ အချင်းချင်းပြန်ကူးတဲ့သဘောပေါ့။ ကျောင်းလည်း ပိတ်ထားရတယ်။ ဆေးဝါးကလည်း မရှိဘူးလေ။ အခုက အခြေခံဆေးဝါးလည်း မရှိ ဆေးကုပေးမယ့်သူလည်း မရှိဘူးဖြစ်နေတယ်။” ဟု ၎င်းစစ်ဘေးရှောင် အမျိုးသားက ပြောသည်။
ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသဖြစ်ပြီး၊ ယခုကဲ့သို့ မိုးရာသီအချိန်တွင် လမ်းခရီး သွားလာရခက်ခဲကာ လမ်းခရီးကြန့်ကြားမှုရှိကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း သျှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံ၊ မိုးဗြဲဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ များဖြစ်ပွားခဲ့ပြီးနောက် စစ်ကော်မရှင်တပ်က စစ်ကြောင်းနေ့စဉ် ထိုးနေကြောင်း သိရသည်။













Leave a Comments