မူဆယ်မြို့ စစ်ကောင်စီထိန်းချုပ် ဆင်ဖြူနယ်စပ်ဂိတ်တွင် ကုန်သယ်ယူခွင့် ထပ်မံတင်းကြပ်ပြီး ပစ္စည်းဆွဲချ ဖမ်းဆီးနေ

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ စစ်ကောင်စီထိန်းချုပ်ထားနိုင်သည့် ဆင်ဖြူနယ်စပ်ဂိတ်တွင် ကုန်စည်စီးဆင်းမှုကို တပိုင်တနိုင်ခွင့်ပြုထားရာမှ ထပ်မံတင်းကြပ်ပြီး ပစ္စည်းဆွဲချ ဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (နိုဝင်ဘာလ ၂၇ ရက်) နံနက်ပိုင်းမှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ စစ်ကောင်စီထိန်းချုပ်ထားသည့် ဆင်ဖြူစစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်း သယ်ယူခွင့်ကို ထပ်မံတင်းကြပ်လိုက်ပြီး သတ်မှတ်ချက်အတိုင်း သယ်ယူလာသည့် တပိုင်တနိုင် ကုန်ပစ္စည်းများကိုပါ အကောက်ခွန်နှင့် ကညန ပူးပေါင်းအဖွဲ့များက ဆွဲချသိမ်းယူထားကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“ကြေညာချက် ထုတ်ပြန်ပေမဲ့ စစ်ကောင်စီဘက်က ဆိုင်ကယ်ပေါ်ကနေ အထုပ်တွေ ဆွဲချထားတုန်းပဲ ဒီမနက်တင်ဖြစ်တာ။ သူတို့ custom စည်းကမ်းအတိုင်း လုပ်တာတောင် ဖမ်းချင်တဲ့ သဘောပေါ့။ အခု ဆင်ဖြူဂိတ်ကနေလည်း ဆိုင်ကယ်ပေါ် တင်လာတဲ့ ပစ္စည်းအကုန် ဆွဲချပြီး ယူထားတယ် ပေးမသယ်ဘူး”ဟု ကျယ်ဂေါင်ဘက်မှ ကုန်ပစ္စည်းသယ်ယူလာသည့် လူငယ်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – မူဆယ်မြို့ ဆင်ဖြူဂိတ်တွင် တပိုင်တနိုင်ကုန် ပစ္စည်းများကို အကောက်ခွန်နှင့် ကညနပူးပေါင်းအဖွဲ့များ ဆွဲချဖမ်းဆီးထားပုံ

အလားတူ တရုတ်ဘက်ခြမ်းမှ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများကလည်း နေ့စဉ် အဝင်အထွက် ပြုလုပ်နေသည့် ဒေသခံများကိုပါ နယ်စပ်ဂိတ်တွင် ဖြတ်သန်းခွင့် မပေးတော့ဘဲ အနွေးထည်ကဲ့သို့ အဝတ်အစားများနှင့် တပိုင်တနိုင် သယ်ယူလာသည့် စက်သုံးဆီတို့ကို လုံးဝ ပိတ်ပင်ထားကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

“အနွေးထည်တို့ အဝတ်အစားတို့ဆိုရင် ဖမ်းထားတယ်၊ စက်သုံးဆီတော့ လုံးဝ မရတာ။ နေ့တိုင်း အဝင်အထွက်ရှိတဲ့လူကို ပေးမဖြတ်တော့ဘူး။ အဝတ်အစားတောင် နှစ်ထပ်သုံးထပ် ဝတ်ပြီး သယ်လာရတယ်။ ခါးစည်းလာတာ၊ ခေါင်းပေါင်းလာတာ၊ အမျိုးသမီး အပေါ်ဝတ်တွေထဲ ထည့်လာရတဲ့အထိ လုပ်ရတယ်။ အထုပ်လိုက် ဆိုင်ကယ်နဲ့ တင်လာလို့ မရတော့ဘူး”ဟု ဒေသခံ ကုန်သည်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – မူဆယ်မြို့ ဆင်ဖြူဂိတ်တွင် တပိုင်တနိုင်ကုန် ပစ္စည်းများကို အကောက်ခွန်နှင့် ကညနပူးပေါင်းအဖွဲ့များ ဆွဲချဖမ်းဆီးထားပုံ

မူဆယ်မြို့ရှိ စစ်ကောင်စီထိန်းချုပ် နယ်စပ်ဂိတ်များဖြစ်သည့် ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ်တို့တွင် ကုန်ပစ္စည်း တပိုင်တနိုင် သယ်ယူခွင့်ကို မူဆယ်မြို့တွင်း လောက်ငှရုံသာ ခွင့်ပြုထားခြင်းကြောင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာကြောင်း ကုန်သည်များထံမှ သိရသည်။

ထို့အပြင် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နှင့် MNDAA ထိန်းချုပ်ထားသည့် ပန်ဆိုင်းမြို့ဘက်သို့ ကုန်စည် သယ်ယူခွင့်မရအောင် မူဆယ်မြို့ အထွက်ဂိတ်များတွင် စစ်ကောင်စီတပ်များက တင်းတင်းကြပ်ကြပ် ထပ်မံစစ်ဆေးကြောင်း ဒေသခံများက ပြောဆိုသည်။

“မူဆယ်ကနေ နမ့်ခမ်းသွားတဲ့ ပန်ခမ်းတံတားနဲ့ လမ်းမှာဆိုရင် ရွာသားတွေ ဝယ်လာတဲ့ အစားအသောက် အထုပ်လေးကအစ ပေးမဖြတ်ဘူး။ မနေ့က စပြီး အရင်ကထက် ပိုစစ်လာတယ်။ လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပိတ်ဆို့ပြီး ဖြတ်လေးဖြတ် လုပ်ချင်တာ”ဟု အသက် (၄၀) ကျော်အရွယ် မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လာမည့် ဒီဇင်ဘာလ (၁) ရက်မှ စတင်ပြီး မူဆယ်မြို့နယ်အတွင်း မီးဖိုချောင်သုံး အသီးအနှံများ၊ အသားနှင့် ငါးများကို ခွင့်ပြုမိန့်ရသည့် ကားနှင့် ဆိုင်ကယ်များသာ သယ်ယူနိုင်မည်ဖြစ်ပြီး အခြားလူသုံးကုန်ပစ္စည်းများကို တင်ဆောင်ခွင့် ပြုမည်မဟုတ်ကြောင်း ဆင်ဖြူစစ်ဆေးရေးဂိတ်မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက် ညပိုင်းတွင် ကချင်လွတ်လပ်ရေးတပ် KIA ၏ ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲအတွင်း တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား (၃၀၀) ကျော်ကို တရုတ်အာဏာပိုင်များမှ မူဆယ်မြို့ မန်ဝိန်းနယ်စပ်ဂိတ်မှတဆင့် လွှဲပြောင်းပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အွန်လိုင်းအလုပ်ခေါ်စာမှတဆင့် ပင်လောင်းမိန်းကလေးများ တရုတ်နယ်စပ်တွင် လူကုန်ကူးခံရ

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို ယုံစားမိသည့် ပင်လောင်းမြို့နယ်မှ မိန်းကလေး ၁၄ ဦး လူကုန်ကူးခံရကြောင်း သတင်းရရှိသည်။ အဆိုပါ လူကုန်ကူးခံရသည့် မိန်းကလေးများသည် အသက် ၁၈ နှစ်မှ အသက် ၂၅ နှစ်အရွယ်ရှိကြသည်။ ပြီးခဲ့သည့် မတ်လအတွင်း ပင်လောင်းမြို့နယ် တောင်လေးကျေးရွာမှ မိန်းကလေးများသည် အွန်လိုင်းမှတစ်ဆင့်...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် (၂၈) ဦး ထပ်မံဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၂၈) ဦး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သတင်းအရ ဝင်ရောက်ရှာဖွေခြင်းကြောင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...