“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ ၁၆ရက်)အထိ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပသွားမည်။
ညီလာခံတွင် လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်း၊ လက်နက်ကိုင်ပဋိပက္ခနှင့် လူသားချင်းစာနာမှုအရေး၊ နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု၊ မြေရှားသတ္တုတူးဖော်မှု၊ တရားမဝင်စီးပွားရေးနှင့် ကျားဖြန့် (အွန်လိုင်းလိမ်လည်မှု) စင်တာများ၊ ရွှေ့ပြောင်းအလုပ်သမားအရေး နှင့် ကျန်းမာရေး ဆိုင်ရာကိစ္စ အပါအဝင် မြန်မာ့ အနာဂတ်နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်သည်။
လက်ရှိ ညီလာခံသည် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး ၅နှစ်အကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး “ ဒီနေရာ ကနေ မြန်မာနိုင်ငံဘယ်လို ဆက်သွားမလဲ ဆိုသည့် မေးခွန်းကို ပေါ်ပေါက်စေကြောင်း ICBMS ညီလာခံ ဉက္ကဌ ဒေါက်တာ Chayan Vaddhanaphuti က အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒေါက်တာာ Chayan Vaddhanaphuti က “ ဒီညီလာခံက အတိတ်က ပြဿနာတွေ နဲ့ လက်ရှိ ပြဿနာတွေကိုပဲ ဆွေးနွေးရုံ မဟုတ်ဘဲ ရှေ့ကို ဘယ်လိုဆက်သွားနိုင်မလဲဆိုတာကိုပါ ဆွေးနွေးနိုင်အောင် ဘယ်လိုလုပ်ကြမလဲ။ ဒီနိုင်ငံရေး အကူးအပြောင်းကာလကနေ ထွက်ပေါက်ကဘာလဲ” ဆိုတာလည်း မေးခွန်းထုတ်ခဲ့သည်။

လက်ရှိ (၅)ကြိမ်မြောက် ICBMS ညီလာခံကို မြန်မာ့အရေးကို ပညာရှင်များ၏ သုတေသန ရှုထောင့်မှ ဆွေးနွေးသွားမည် သာမက မြန်မာ့နိုင်ငံ၏ နိုင်ငံရေးအကူးအပြောင်း၊ ပထဝီဝင်နိုင်ငံရေးနှင့် ပိုမိုးကျယ်ပြန့်သော နိုင်ငံရေးအမြင်များဖလှယ်ရန်၊ ဘုံသဘာထားများရှာဖွေရန် ပူးပေါင်းဆောင်ရွက်မှုပြီး တည်ဆောက်ရန် အတွက် အရေးပါသော ပညာရပ်ဆိုင်ရာ ညီလာခံဖြစ်သည်။
ယခု (၅) ကြိမ်မြောက်ညီလာခံတွင် တက်ရောက်ရန် စာရင်းပေးသည့် လူဦးရေ ၉၀၀ ကျော် ရှိပြီး၊ မြန်မာနိုင်ငံ၏ လက်ရှိပဋိပက္ခနှင့် အကျပ်အတည်းများကို ရှုထောင့်ပေါင်းစုံမှ ဆွေးနွေးရန် သုတေသနစာတမ်းများ အများအပြား တင်သွင်းထားပြီး ခေါင်းစဉ်ခွဲ ၁၄ ခု ပါဝင်ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ ညီလာခံ၏ အဖွင့်ရက် (သြဂုတ် ၁၄)ရက်တွင် စစ်အာဏာသိမ်းမှုကြောင့် ကြုံတွေ့လာသည့် မြန်မာ့ပညာရေးဆိုင်ရာ စိန်ခေါ်မှု ဇာတ်ကားဖြစ်သည့် Sayama (Teaching between Worlds) နှင့် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာသည့် သျှမ်းလူငယ်အကြောင်း ရိုက်ကူးထားသည့် “ Letter to a Friend” ဇာတ်ကားနှစ်ကားကိုလည်း ပြသခဲ့သည်။
မြန်မာ့အရေးလေ့လာမှုညီလာခံကို မြန်မာနှင့် ထိုင်းပညာရှင်များ ပူးပေါင်းကာ ၂၀၁၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။













Leave a Comments