“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး”

သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင် ပြီးခဲ့သည့် (မေလ ၄ ရက်) ညက အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ဝေတစ်ယောက် ညှဉ်းပန်းရိုက်နှိက်ခံရပြီး သေဆုံးသွားခဲ့သည်။

ထိုညက ဖြစ်ရပ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး အခန်းတွင်း ပိတ်လှောင်ခံထားရသည့် သေဆုံးသူ၏ သူငယ်ချင်း ဖြစ်သူ ဆုမြတ် (အမည်လွှဲ) က တုန်ရီနေသော လေသံဖြင့် ယခုလို ပြန်ပြောင်းပြောပြနေခြင်း ဖြစ်သည်။

“အဲ့ဒီညက ဧည့်သည်က သမီးသူငယ်ချင်းကို ပိုက်ဆံ ၅,၀၀၀ ပေးခဲ့တယ်။ အဲ့ဒါကို ဆိုင်ရှင်ကို မပြောလို့ဆိုပြီး ခေါ်ပြီးတော့ ရိုက်တာ။ ဖိနပ်တွေနဲ့လည်း ရိုက်တယ်၊ သူ့ကို ရေထဲ နစ်နေတဲ့ အသံလည်း ကြားရတယ်” ဟု ကိုယ်တိုင်မျက်မြင်တွေ့ ခဲ့ရသည့် ဆုမြတ်က ရှင်းပြသည်။

ဆိုင်ရှင်ဖြစ်သူ အောင်မျိုးသူ (ခ) ပီတာသည် သေဆုံးသူ မိန်းကလေးကိုသာမက မျက်မြင်သက်သေဖြစ်သူ အသက် (၁၆) နှစ်အရွယ် ဆုမြတ်ကိုပါ ကိုယ်ထိလက်ရောက် ရိုက်နှက်ကျူးလွန်ခဲ့သည်။

“သမီးကိုလည်း ရိုက်တယ်၊ ခေါင်းကို ရိုက်တာ။ သမီးက သူ့ကို လှမ်းဆွဲတော့ သူက သမီးကို တွန်းလှဲပြီး အခန်းထဲ သွားထည့်ပြီး ပိတ်ထားတယ်” ဟု သူမက ဆက်ပြောသည်။

ထိုညက ဆိုင်အတွင်း သေဆုံးသွားသည့် အသက် (၁၆) နှစ်အရွယ် မဖူးပွင့်ဝေ၊ မျက်မြင်သက်သေ မိန်းကလေးနှင့် ဆိုင်ရှင်၏ သမီးနှစ်ဦးသာ ရှိနေခဲ့ပြီး ဆိုင်ရှင်က ၎င်းတို့အားလုံးကို အခန်းအသီးသီးတွင် သော့ခတ်ပိတ်လှောင်ထားခဲ့ကြောင်း ဆိုသည်။

တစ်ညလုံး အခန်းထဲ ပိတ်ခံထားရသည့် ဆုမြတ်သည် အပြင်ဘက်မှ သူငယ်ချင်းဖြစ်သူ၏ “နာတယ်…နာတယ်” ဟု အော်ဟစ်ငိုယိုသံများကိုသာ ဘာမှမတတ်နိုင်ဘဲ ကြောက်လန့်တကြား နားစွင့်နေခဲ့ရသည်။

Peter ဘားဆိုင်

“သမီး တစ်ညလုံး အဲ့ဆိုင်မှာ အိပ်ရတယ်။ သမီး ကြောက်တယ်။ တစ်ညလုံး မအိပ်ဘဲ အခန်းထဲမှာ ထိုင်နေတာ။ တစ်ညလုံး တံခါး မဖွင့်ပေးဘူး” ဟု ဆုမြတ်က ဝမ်းနည်းစွာဖြင့် ပြောပြေသည်။

တစ်ညတာလုံး မည်သူတစ်ဦးတစ်ယောက်မျှ လာရောက်ကူညီခြင်း မရှိခဲ့သကဲ့သို့ နံနက် မိုးလင်းချိန်အထိလည်း လာရောက်ကြည့်ရှုသူ မရှိကြောင်း ၎င်းက ပြောသည်။

နောက်တစ်နေ့ (မေလ ၅ ရက်) နံနက် ၇ နာရီခန့်တွင် သူမအား အခန်းတွင်းမှ ပြန်လွှတ်ပေးခဲ့သော်လည်း
သူငယ်ချင်းဖြစ်သူမှာ အသက်မရှိတော့ဘဲ အခန်းအပြင်ဘက်ရှိ စားပွဲပေါ်တွင် မှောက်လျက် လဲကျနေသည်ကို တွေ့ခဲ့ရသည်ဟု ဆုမြတ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ထိုသို့ အခင်းဖြစ်ပွားပြီးနောက် ကျူးလွန်သူ အောင်မျိုးသူ (ခ) ပီတာမှာလည်း (မေလ ၅ ရက်) နံနက် ၄ နာရီတွင် ဆိုင်မှ မော်တော်ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

သို့သော် ဆိုင်ရှင်၏ ဇနီးဖြစ်သူကမှု ၎င်းအမျိုးသား၏ ကျူးလွန်မှုကို ဖုံးကွယ်ရန်အတွက် မိန်းကလေးမှာ ရေချိုးခန်းအတွင်း ချော်လဲ၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း လိမ်လည်ပြောဆိုခဲ့သည်။

ထို့နောက် မဖူးပွင့်ဝေ၏ ရုပ်အလောင်းကို သာမန်သေဆုံးမှုပုံစံဖြင့် သုဿာန်သို့ ပို့ဆောင်၍ သဂြိုလ်ရန် ပြင်ဆင်နေစဉ် သံသယဖြစ်ဖွယ်ရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှ လူသတ်မှုအဖြစ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဲ့ဒီ မနက်ခင်းတုန်းက သမီးကို ပြန်လွှတ်ပေးတော့ သူငယ်ချင်းက ရေချိုးခန်းထဲမှာ မှောက်လဲပြီး သေသွားတယ်လို့ ပြောတယ်။ ဒါပေမယ့် သမီး သူငယ်ချင်းရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက အသက်မရှိတော့ဘူး” ဟု ဆုမြတ်က တုန်ရီနေသော လေသံဖြင့် ပြောပြသည်။

သေဆုံးသွားသည့် မိန်းကလေး၏ ရုပ်အလောင်းကိုလည်း စောင်တစ်ထည်ခြုံကာ ဆိုင်ရှေ့တွင် မိုးလင်းသည့်အထိ ထားရှိခဲ့ကြောင်း ဆုမြတ်က ပြောပြသည်။

နွေရာသီကျောင်းပိတ်ရက် ဖြစ်ရပ်ဆိုး

သေဆုံးသူမှာ အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ဝေဖြစ်ပြီး ၎င်းနှင့်အတူ ငယ်သူငယ်ချင်းဖြစ်သူ ဆုမြတ်တို့သည် (၈) တန်းစာမေးပွဲဖြေဆိုပြီး နွေရာသီကျောင်းပိတ်ရက်အတွင်း ဝင်ငွေရရှိရန်အတွက် တောင်ကြီးမြို့ရှိ အဆိုပါဘားဆိုင်သို့ (ဧပြီလ ၉ ရက်)က အလုပ်စတင်ဝင်ရောက်ခဲ့ကြသည်။

ထိုဘားဆိုင်တွင် လုပ်အားခ တစ်လလျှင် ၁၈၀,၀၀၀ (တစ်သိန်းရှစ်သောင်း) ကျပ် ရရှိသည်။ သို့သော် ၎င်းတို့နှစ်ဦးသည် အလုပ်ဝင်ရောက်ပြီး တစ်လပြည့်ရန် ငါးရက်အလို၌ မမျှော်လင့်ဘဲ ယခုကဲ့သို့သော ကြေကွယ်ဖွယ်ရာ ဖြစ်ရပ်ဆိုးနှင့် ရင်ဆိုင်ခဲ့ရပြီး လုပ်အားခလည်း မရရှိကြတော့ပေ။

၎င်းတို့နှစ်ဦးသည် ညောင်ရွှေမြို့နယ် မင်းချောင်းလယ်ကျေးရွာတွင် နေထိုင်ပြီး တစ်ရွာတည်းသား ငယ်သူငယ်ချင်းများ ဖြစ်ကြကာ အင်းလေးဒေသမှတစ်ဆင့် ရရှိသော အဆက်အသွယ်ဖြင့် ဆိုင်ရှင်အပေါ် ယုံကြည်စိတ်ချပြီး အလုပ်လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါဆိုင်ရှင်မှာ ယခင်က ညောင်ရွှေမြို့တွင် ဆိုင်ဖွင့်လှစ်ခဲ့ဖူးသူ ဖြစ်ပြီး၊ ဒေသခံများနှင့်လည်း ရင်းနှီးကျွမ်းဝင်သူ တစ်ဦးဖြစ်ကာ ယုံကြည်ခဲ့ခြင်း ဖြစ်သည်။

“အရင်တုန်းက ညောင်ရွှေမှာ ဖွင့်ဖူးတယ်။ ညောင်ရွှေမှာ ပိတ်ပြီးတော့ ကလောကို ရောက်သွားသေးတယ်။ ကလောမှာ ရေကြီးလို့ တောင်ကြီးကို ပြောင်းလာတာ။ တောင်ကြီးမှာ လာဖွင့်ထားတာ တစ်နှစ်မရှိသေးဘူး” ဟု ကျူးလွန်သူ အောင်မျိုးသူနှင့် ရင်းနှီးသူ စိန်း (အမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် အောင်မျိုးသူသည် ဇနီးဟောင်းအပေါ် အိမ်တွင်းအကြမ်းဖက်မှုများ မကြာခဏ ကျူးလွန်ခဲ့သဖြင့် အိမ်ထောင်ရေး ပြိုကွဲကာ ကွာရှင်းပြတ်စဲခဲ့ရခြင်း ဖြစ်ကြောင်း၊ အိမ်ထောင်သစ်တစ်ခုကို ထပ်မံထူထောင်းသည်မှာလည်း မကြာသေးကြောင်း ၎င်းက ပြောသည်။

“အရင်မိန်းမတုန်းကလည်း သူအရမ်းရိုက်လို့ ကွာရှင်းလိုက်တာ။ အသက် ၁၀ နှစ်နဲ့ ၁၀ နှစ်အောက် သမီးလေး နှစ်ယောက် ရှိတယ်။ အခုမိန်းမယူထားတာလည်း မကြာသေးဘူး။” ဟု စိန်းက ပြောသည်။

ယခင်က မည်သည့် ပြဿနာမျှ ကြားသိခဲ့ရခြင်း မရှိသော်လည်း ယခုကဲ့သို့ အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားခဲ့ပြီးနောက် ဆွေမျိုးများက ဖြစ်ရပ်မှန်ကို လိုက်လံစုံစမ်းခဲ့ကြရသည်။

“နွေရာသီ ကျောင်းပိတ်ရက်ဆိုတော့ ခဏတစ်ဖြုတ်ဆိုပြီး သွားလုပ်ကြတာ။ အဲ့အရှေ့ပိုင်းမှာတော့ ပြဿနာတက်တယ်တို့ ဘာတို့ ဘာမှမကြားဘူး။ အခုလို ဖြစ်သွားတော့မှပဲ ကျနော်တို့ အမျိုးတွေ ဝိုင်းစုပြီးလိုက်သွားတာ” ဟု မဖူးပွင့်ဝေ၏ မိသားစုဝင်တစ်ဦးဖြစ်သည့် ကိုဟိန်း (အမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မွေးချင်းမောင်နှမ သုံးဦးရှိသည့်အနက် မဖူးပွင့်ဝေသည် အလတ်ဖြစ်ပြီး အစ်ကိုတစ်ဦးနှင့် ညီမတစ်ဦး ရှိသည်။

ထို့အပြင် သူမသည် မိဘစကားကို နားထောင်တတ်သည့် လိမ္မာယဉ်ကျေးသော သမီးတစ်ဦးဖြစ်ကြောင်း သိရသည်။

မဖူးပွင့်ဝေ သေဆုံးပြီးနောက် တစ်ရက်အကြာ (မေလ ၆ ရက်) တွင် ၎င်း၏ ရုပ်အလောင်းကို နောက်ဆုံးခရီးအဖြစ် တောင်ကြီးမြို့တွင် မီးသဂြိုလ်ခဲ့ကြောင်း ၎င်းက ပြောသည်။

မဖူးပွင့်ဝေ၏ နောက်ဆုံးခရီးတွင် တွေ့မြင်ခဲ့ရသော မျက်နှာပေါ်မှ ညှိုပုတ်နေသည့် ဒဏ်ရာများနှင့် ဦးခေါင်းခွံ ပျက်စီးသွားသည့် အခြေအနေများမှာ ဆိုင်ရှင်ဖြစ်သူ၏ ရက်စက် နှိပ်စက်မှုကို သက်သေပြနေကြောင်း မိသားစုဝင်များက ပြောသည်။

“အမှန်ဆိုရင် ကလေးမလေးရဲ့ ခေါင်းဦးခွံက မာနေရမှာပေါ့။ အခုတော့ မာရမယ့် ခေါင်းဦးခွံက ပျော့သွားတဲ့အထိ ဘယ်လောက်တောင် ရက်ရက်စက်စက် ရိုက်နှက်ခဲ့ကြလဲ မသိဘူး။ မျက်နှာကလည်း ညှိုပုတ်နေပြီး ဒဏ်ရာတွေက တော်တော်ပြင်းမယ့်ပုံပဲ” ဟု ကိုဟိန်းက ဆက်ပြောသည်။

ကျူးလွန်သူကို ဘယ်လိုအမှုဖွင့်ထားလဲ

မဖူးပွင့်ဝေ၏ မိသားစုဝင်များနှင့် ဆွေမျိုးများမှ နာရေးကိစ္စများ ဆောင်ရွက်ပြီးစီး၍ အင်းလေးဒေသသို့ ပြန်လည်ရောက်ရှိချိန်တွင် အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားသော ဆိုင်ရှင်ဖြစ်သူ အောင်မျိုးသူ (ခ) ပီတာအား သျှမ်းပြည်အရှေ့ပိုင်းတွင် ဖမ်းဆီးရမိထားပြီ ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

“သူ့ကိုတော့ ဖမ်းမိပြီ၊ တောင်ကြီးမြို့ အမှတ် (၁) မှာ ရောက်နေတယ်။ သူ့ကို လူသတ်မှုနဲ့ ယစ်မျိုး တွဲပြီးဖွင့်ထားတယ်” ဟု ကိုဟိန်းက ပြောသည်။

ကျူးလွန်သူ ဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာကို သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် တုံတာမြို့ နယ်မြေရဲစခန်းတွင် (မေလ ၆ ရက်) မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

၎င်းကို လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သျှမ်းပြည်အရှေ့ပိုင်းမှ တောင်ကြီးမြို့ မြို့မရဲစခန်းသို့ (မေလ ၇ ရက်)တွင် လွှဲပြောင်းလိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် ကျူးလွန်သူ အောင်မျိုးသူ (ခ) ပီတာကို လူသတ်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အပြင် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၁၀၀ (က)၊ ၁၀၁ (ခ) နှင့် ယစ်မျိုးဥပဒေ ပုဒ်မ ၇၄ (ဃ)တို့ဖြင့် အမှုဖွင့်ထားသည်။

ထို့အပြင် လူသတ်မှု ဖြစ်ပွားခဲ့သည့် အဆိုပါဘားဆိုင်ကိုလည်း (မေလ ၁၁ ရက်)တွင် တောင်ကြီးမြို့မ ရဲစခန်းမှ ယာယီ လာရောက်ချိတ်ပိတ်ခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် တောင်ကြီးမြို့ အမှတ် (၁) ရဲစခန်းကို သျှမ်းသံတော်ဆင့်မှ ကြိုးစား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

တောင်ကြီးမြို့ ရှေ့နေတစ်ဦးက “ရဲစခန်းမှာ အမှုဖွင့်ပြီလား၊ ကာယကံရှင်ဖြစ်တဲ့ မိဘ သို့မဟုတ် ဆွေမျိုးမိတ်ဆွေတွေ အမှုဖွင့်လား။ ဘယ်လိုဖွင့်လဲ ဖွင့်တဲ့အမှုပေါ်မှာ မူတည်ပါတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ အသက်မပြည့်သေးသည့် ကလေးသူငယ်တစ်ဦးကို သေဆုံးသည်အထိ ရိုက်နှက်ခြင်းသည် အလွန်ကြီးလေးသော ပြစ်မှုဖြစ်ပြီး လူသတ်မှုမြောက်ကြောင်း ဖော်ပြထားသည်။

ကလေးငယ်ကို သေစေလိုသော ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ ထိုသို့ ရိုက်နှက်လျှင် သေဆုံးနိုင်သည်ကို သိလျက်နှင့် ဖြစ်စေ ကျူးလွန်ပါက ရာဇသတ်ကြီးပုဒ်မ (၃၀၂) အရ လူသတ်မှု မြောက်နိုင်ကြောင်း ၎င်းက ဆိုသည်။

ကျူးလွန်မှု အခြေအနေအပေါ် မူတည်၍ သေဒဏ် သို့မဟုတ် တစ်သက်တစ်ကျွန်း သို့မဟုတ် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အနှစ် ၂၀ အထိ ပြစ်ဒဏ်များ ချမှတ်ခံရနိုင်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ အသက် (၁၈) နှစ်မပြည့်သေးသူကို ကလေးငယ်ဟု သတ်မှတ်ထားပြီး ကလေးသူငယ်အား ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အသက်ဆုံးရှုံးစေခြင်းသည် အကာအကွယ်ပေးရမည့် ဥပဒေကို အဆိုးရွားဆုံး ချိုးဖောက်ခြင်း ဖြစ်သည်။

“ဖမ်းမိပြီးရင် တရားဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်စေချင်တယ်။ တစ်နှစ်၊ နှစ်နှစ်လောက်နေပြီး လွတ်ငြိမ်းနဲ့ လွတ်လာတာမျိုး မဖြစ်စေချင်ဘူး” ဟု အင်းလေးဒေသခံ လူငယ်တစ်ဦးက ပြောသည်။

တရားမျှတမှုရရှိရန်အတွက် မိသားစုဝင်နှင့် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

အပြစ်မဲ့သော ကလေးငယ်တစ်ဦးအပေါ် ယခုကဲ့သို့ လူမဆန်စွာ သတ်ဖြတ်ခဲ့မှုအတွက် ထိရောက်သော တရားမျှတမှု ရရှိရန်သာ မိသားစုဝင်များက မျှော်လင့်လျက်ရှိသည်။

နောင်တွင် ယခုကဲ့သို့သော ကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးများ ထပ်မံမပေါ်ပေါက်စေရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးအနေဖြင့် ကျူးလွန်သူအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်ပေးစေလိုကြောင်း မိသားစုဝင်များက တောင်းဆိုသည်။

လူမဆန်စွာဖြင့် အပြစ်မဲ့သည့် အသက်တစ်ချောင်းအား ရက်စက်စွာ နုတ်ယူခဲ့သည့်အတွက် ကျူးလွန်သူကိုလည်း ထိုက်တန်သည့် သေဒဏ်သာ ချမှတ်ပေးစေလိုကြောင်း သေဆုံးသူ၏ မိသားစုဝင်များက တောင်းဆိုသည်။

“သူ့ကို သေဒဏ်ပဲ ပေးစေချင်တယ်။ သူသာ အသက်ရှင်နေဦးမယ်ဆိုရင် နောက်ထပ် မိန်းကလေးတွေ ဘယ်နှယောက်လောက် ထပ်ပြီး အသက်ပျောက်ရဦးမလဲ မသိနိုင်ဘူး။ ဒီလိုမကောင်းတဲ့သူကို လောကကနေ ဖယ်ရှားပစ်လိုက်မှသာ ဆုံးသွားတဲ့ ကလေးမလေးရဲ့ ဝဋ်ကြွေးတွေ ကျွတ်လွတ်မှာပါ” ဟု ၎င်းက တောင်းဆိုသည်။

ကျူးလွန်သူတွင်လည်း သားသမီးများ ရှိနေပါလျက်နှင့် မိဘချင်း ကိုယ်ချင်းစာနာစိတ် ကင်းမဲ့စွာဖြင့် ယခုကဲ့သို့ ပြုမူခဲ့ခြင်းမှာ ခွင့်မလွှတ်နိုင်စရာ ဖြစ်ကြောင်း ကိုဟိန်းက ပြောသည်။

“သူ့မှာလည်း သားသမီးရှိရဲ့သားနဲ့ သားသမီးချင်း ကိုယ်ချင်းမစာခဲ့ဘူး။ ကိုယ့်သားသမီးကို ဒီလိုရက်ရက်စက်စက် အသတ်ခံရရင် ဘယ်မိဘမဆို ခံစားရမယ့် အဖြေက တစ်ခုတည်းပါပဲ။ ကျနော်တို့က တောသူတောင်သားတွေမို့ ငွေရေးကြေးရေး အခက်အခဲရှိပေမယ့် အမှန်တရားအတွက် ကူညီမယ့်သူတွေ ပေါ်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ကိုဟိန်းက ဆက်ပြောသည်။

အလားတူ အင်းလေးအမျိုးသမီးသမဂ္ဂ (IWU) ကလည်း အသက် (၁၆) နှစ်အရွယ် မဖူးပွင့်ဝေကို မတရားရိုက်နှက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူအား ထိရောက်စွာ အရေးယူ အပြစ်ပေးရန် (မေလ ၇ ရက်)တွင် တောင်းဆိုလိုက်သည်။

၎င်းက အင်းလေးဒေသခံ လူထုတစ်ရပ်လုံး၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ တရားမျှတမှုကို မြတ်နိုးကြသော လူထုအခြေပြု အစုအဖွဲ့များအားလုံးအနေဖြင့် ဝိုင်းဝန်းကူညီ ဖေးမကြရန်နှင့် တရားမျှတမှု ရရှိသည်အထိ အတူတကွ အသံထုတ်ဖော်ပေးကြရန် တောင်းဆိုထားသည်။

“တရားမျှတမှု ရဖို့၊ ကျူးလွန်သူကို အပြစ်ပေး အရေးယူနိုင်ဖို့၊ ပြစ်ဒဏ်က ကင်းလွတ်မနေဖို့ကို လုပ်ဆောင်ကြဖို့ လိုပါတယ်” ဟု အင်းလေးအမျိုးသမီး တက်ကြွလှုပ်ရှားသူ နောင်း (အမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် အိမ်တွင်းအကြမ်းဖက်မှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာရခြင်းမှာ အမျိုးသားကြီးစိုးမှုဝါဒ အမြစ်တွယ်နေပြီး ဂျဲန်တာတန်းတူညီမျှမှု ကင်းမဲ့နေခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ရှေးရိုးစွဲဝါဒကြောင့် ကျူးလွန်ခံရသူများအပေါ် လူမှုရေးအရ ဖိနှိပ်မှုများရှိနေသည့်အပြင် တရားဥပဒေအရ အကာအကွယ်ပေးနိုင်သည့် ယန္တရားများမှာလည်း အစဉ်တစိုက် အားနည်းခဲ့ကြောင်း ဆိုသည်။

အထူးသဖြင့် လက်ရှိကာလတွင် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး ပိုမိုပျက်ပြားလာခြင်းနှင့်အတူ တရားစီရင်ရေး ကဏ္ဍ၏ အကာအကွယ်ပေးနိုင်စွမ်းမှာလည်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေသဖြင့် အခြေအနေများမှာ ယခင်ကထက် ပိုမိုဆိုးရွားလာနေကြောင်း နောင်းက ပြောသည်။

ဤသို့ တရားဥပဒေအရ အားကိုးရာမဲ့ဖြစ်နေခြင်းနှင့် အကာအကွယ်ပေးမှု နည်းပါးခြင်းတို့ကြောင့် အကြမ်းဖက်ခံရသူများသည် မတရားမှုကို ငုံ့ခံရသည့် ဘဝသို့ ရောက်ရှိနေရကာ ပတ်ဝန်းကျင်ကပါ လျစ်လျူရှုတတ်သည့် လူမှုစရိုက်များမှာ ပိုမိုအသားကျလာနေခြင်းက လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အဆိုးရွားဆုံးသော လမ်းဖွင့်ပေးမှုတစ်ခု ဖြစ်နေကြောင်း ဆိုသည်။
“အဓိက မတရားမှုတွေကိုသိရင် အားလုံးက ရဲရဲဝံ့ဝံ့ ကူညီရပ်တည်ပေးရင်း နစ်နာသူအတွက် တရားမျှတမှုနဲ့ ကုစားမှုတွေ ပြန်လည်လုပ်ဆောင်ပေးဖို့ လိုပါတယ်” ဟု နောင်းက ဆက်ပြောသည်။

တစ်ဦးတစ်ယောက်ချင်းစီမှအစပြု၍ မိသားစုနှင့် ပတ်ဝန်းကျင်အထိ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများကို နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း၊ ခွဲခြားဆက်ဆံမှုနှင့် အနိုင်အထက်ပြုမူမှုများကို အဆုံးသတ်ကာ တန်းတူညီမျှသော အခွင့်အရေးများ ဖော်ဆောင်ပေးနိုင်ရန် လိုအပ်ချက်များကို ဝိုင်းဝန်းဖြည့်ဆည်း ကူညီဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အိပ်မက်များ ရပ်တန့်နေသည့် လူငယ်များနှင့် ကလေးအလုပ်သမား ပြဿနာ

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း၌ ကလေးသူငယ်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်များမှာ ယခင်ကထက် ၄ ဆအထိ စိုးရိမ်ဖွယ်ရာ မြင့်တက်လာကြောင်း ကုလသမဂ္ဂ၏ ၂၀၂၅ ခုနှစ် ဧပြီလထုတ် အစီရင်ခံစာအရ သိရသည်။

အစီရင်ခံစာအရ ၂၀၂၀ ခုနှစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ ကလေးသူငယ် ၄,၀၈၉ ဦးအပေါ် ချိုးဖောက်မှု ၅,၁၄၁ ခုကို အတည်ပြုနိုင်ခဲ့သည်။ ယင်းချိုးဖောက်မှုများ၏ ၈၀ ရာခိုင်နှုန်းနီးပါးကို မြန်မာစစ်တပ်နှင့် ၎င်းနှင့် ဆက်နွယ်သည့် တပ်ဖွဲ့များက ကျူးလွန်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အများဆုံး ဖြစ်ပွားခဲ့သည့် ချိုးဖောက်မှုမှာ ကလေးသူငယ် ၂,၁၉၅ ဦးကို စစ်သားအဖြစ် စုဆောင်း အသုံးပြုခြင်း ဖြစ်သည်။

ထို့အပြင် ကလေးသူငယ် ၁,၆၃၅ ဦး သေဆုံးခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်းကို ကြုံတွေ့ခဲ့ရပြီး၊ ၅၁၉ ဦးမှာ ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရသည်။

ကျောင်းနှင့် ဆေးရုံများကို တိုက်ခိုက်မှု ၂၈၈ ကြိမ် ဖြစ်ပွားခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပိတ်ပင်တားဆီးမှု ၄၉၇ ကြိမ်ကိုလည်း အတည်ပြုနိုင်ခဲ့သည်။

ကလေးသူငယ်များအပေါ် ချိုးဖောက်မှုအများဆုံး ဖြစ်ပွားခဲ့သည့် ဒေသမှာ ရခိုင်ပြည်နယ်ဖြစ်ပြီး၊ စစ်ကိုင်းတိုင်း၊ သျှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင်လည်း အလားတူ ဖြစ်စဉ်များ အများအပြား ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မွန်၊ ကရင်၊ ကယား (ကရင်နီ) နှင့် သျှမ်းပြည်တို့တွင် ကလေးအလုပ်သမား အခြေအနေသည် ဆိုးရွားစွာ မြင့်တက်လာနေကြောင်း International Labour Organization (ILO) ၏ ၂၀၂၄ စက်တင်ဘာလထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး ကျဆင်းမှုနှင့် နေရပ်စွန့်ခွာရမှုများကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ်များပင် အလုပ်ခွင်ထဲသို့ ရောက်ရှိနေကြကြောင်း သိရသည်။

ကလေးငယ်များသည် လက်နက်ကိုင်အဖွဲ့များ၏ အဓမ္မတပ်သား စုဆောင်းခံရခြင်း၊ တရားမဝင် လုပ်ငန်းများနှင့် ရာဇဝတ်ဂိုဏ်းများတွင် ခိုင်းစေခံရခြင်းကြောင့် အသက်အန္တရာယ်ရှိသော အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း ဆိုသည်။

ထို့အပြင် ယောက်ျားလေးများသည် စစ်မှုထမ်းရန် စုဆောင်းခံရခြင်းနှင့် ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ပင်ပန်းစွာ လုပ်ကိုင်နေရပြီး မိန်းကလေးများသည် အိမ်အကူလုပ်ငန်းနှင့် အရွယ်မတိုင်မီ အိမ်ထောင်ပြုခြင်း ခံနေရကြောင်း သိရသည်။

“ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခုမဟုတ်မှန်း သိပေမယ့် ရွေးချယ်စရာမရှိတဲ့အတွက် မိန်းကလေးငယ် အများစုမှာ စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ရင်း KTV နဲ့ Bar ဆိုင်တွေမှာ အလုပ်လုပ်ကြရတယ်။ ဒါတွေကလည်း စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေပါပဲ” ဟု သျှမ်းအမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြန်မာနိုင်ငံတွင် လူငယ်သန်းပေါင်းများစွာသည် ပညာသင်ကြားခွင့်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးကာ ၎င်းတို့၏ အနာဂတ်များ ရပ်တန့်နေကြောင်း UNDP ၏ ၂၀၂၅ အောက်တိုဘာလထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံးရှိ လူငယ် ၇,၀၀၀ ကျော်ကို လေ့လာချက်အရ အသက် ၁၈ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ် ၄ ဦးတွင် ၃ ဦးမှာ ပညာသင်ကြားမှု သို့မဟုတ် သင်တန်းများပြင်ပသို့ ရောက်ရှိနေပြီး ၄ ဦးတွင် ၁ ဦးမှာ အလုပ်လက်မဲ့ ဖြစ်နေကြောင်း သိရသည်။

အထူးသဖြင့် အမျိုးသမီးငယ်များသည် အလုပ်အကိုင်နှင့် ပညာရေး လမ်းကြောင်းများတွင် အခက်ခဲဆုံး အတားအဆီးများကို ရင်ဆိုင်နေရပြီး ဤအခြေအနေမှာ မြန်မာ့မျိုးဆက်သစ် လူငယ်များ၏ အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တောင်ကြီးမြို့ Peter ဘားဆိုင်မှ လူသတ်မှုဖြစ်စဉ်သည် မြန်မာနိုင်ငံအတွင်းရှိ အသက်မပြည့်သေးသော ကလေးသူငယ်များ၏ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် အကာအကွယ်ပေးနိုင်မှု အားနည်းချက်များကို မီးမောင်းထိုးပြနေသည်။

လက်ရှိတွင် သံသယရှိသူအား ရဲတပ်ဖွဲ့က ထိန်းသိမ်းစစ်ဆေးနေပြီဖြစ်သော်လည်း အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားစီရင်ရေးကဏ္ဍအပေါ် လူထု၏ ယုံကြည်မှုမှာ အာဏာပိုင်များ၏ ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်နိုင်မှု အပေါ်တွင်သာ မူတည်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

တောင်ကြီး ရွှေဘုန်းပွင့်သွားလမ်းတွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်လုယက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့ ရွှေဘုန်းပွင့်သွားလမ်းတွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ပစ္စည်းများ လုယက်ခံရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ (၂) ရက် နေ့လည် ၁၁နာရီတွင် ရွှေဘုန်းပွင့်ဘုရား လမ်းအတက်တွင် နေ့လည်ခင်း အချိန်တွင် အမျိုးသားနှစ်ဦးမှ ဓာတ်ပုံလာရိုက်သည့် အမျိုးသမီးနှစ်ဦးထံသို့ ကပ်လာပြီး ဓားဖြင့်ထောက်ကာ ပါလာသည့် ပစ္စည်းများကို...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...