သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။
ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့ ဝင်ရောက်နိုင်သည့် လမ်းကြောင်းများနှင့် သျှမ်းပြည်တောင်ပိုင်းသို့ ဝင်ရောက်နိုင်သည့် လမ်းကြောင်းမှန်သမျှတွင် တရုတ်ကုန်ပစ္စည်းများအား ဖမ်းဆီးမှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနေကြောင်း ကားသမားအသိုင်းအဝိုင်းနှင့် ကုန်သည်များက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“သူတို့ အဖက်ဖက်ကနေတော့ ဖမ်းနေတယ်။ မိုင်းရယ်-မိုင်းကိုင်ဘက်ကလည်း ဖမ်းတယ်၊ ပြီးတော့ ကုန်းဆာ-နမ့်လန်ဘက်ကလည်း ဖမ်းတယ်။ တချို့ကလည်း လမ်းကြောင်းပြောင်းပြီး နမ့်ဆန်၊ မိုင်းငေါ့၊ မိုင်းလုံဘက်ကနေ ကွေ့ပတ်သွားကြပေမယ့် အဲ့ဒီဘက်မှာလည်း ဖမ်းနေတာပဲ” ဟု လားရှိုးမြို့မှ ကုန်သည်တစ်ဦးက လက်ရှိအခြေအနေကို ပြောသည်။
လက်ရှိတွင် လားရှိုးမြို့အနီးတဝိုက် တရုတ်ကုန်ပစ္စည်းများ ရောက်ရှိနေသော်လည်း မြို့တွင်းသို့ သယ်ယူခွင့်ကို တင်းကြပ်ထားသဖြင့် ကုန်သည်များသည် လာဘ်ငွေပေးကာ ညဘက်တွင် ခိုးသွင်းနေရကြောင်း ကုန်ကားမောင်းသူတစ်ဦးက ပြောသည်။
“မြို့ထဲသွင်းဖို့က အခုလာဘ်ထိုးပြီး ညဘက် ခိုးသယ်ရတယ်။ အရင်က ကားတစ်စီးကို ၈ သောင်းလောက် ပေးရတာ၊ အခုဆို တစ်သိန်းကျော်သွားပြီ။ တရုတ်စာပါတဲ့ မားမားခေါက်ဆွဲလို ပစ္စည်းမျိုးတောင် သူတို့ စစ်တယ်။ ပစ္စည်းများရင်လည်း သိမ်းတယ်” ဟု ၎င်းကားသမားက ဆိုသည်။
ထို့အပြင် တရုတ်နိုင်ငံမှ ၁၂ ဘီးနှင့် ၂၄ ဘီး ကုန်တင်ကားကြီးများ တိုက်ရိုက်ဝင်ရောက်လာမှုကြောင့် ပြည်တွင်းကုန်တင်ယာဉ်မောင်းများမှာ အလုပ်လက်မဲ့ဖြစ်ကာ ကားများကို ဈေးပေါပေါဖြင့် ရောင်းချခြင်း၊ လုပ်ငန်းရပ်နားခြင်းများ ဖြစ်ပေါ်နေကြောင်း ကုန်ကားသမားများက ပြောသည်။
“အရင်က မြန်မာကားနဲ့ တရုတ်ကားက နယ်စပ်မှာပဲ လဲကြတာလေ။ အခုက တရုတ်ကားကြီးတွေက လားရှိုးမြို့ပတ်ပတ်လည်အထိ တိုက်ရိုက်ဝင်လာတာ။ ပြည်တွင်းကားသမားတွေက အလုပ်ဆက်လုပ်ဖို့ မသေချာတော့ဘူး။ တချို့တွေလည်း ကားကို ဈေးပေါပေါနဲ့ ရောင်းလိုက်တာရှိတယ်၊ တချို့တွေလည်း အလုပ်နားထားရတာရှိတယ်” ဟု အထက်ပါ ကုန်တင်ယာဉ်မောင်းတစ်ဦးက ထပ်လောင်းပြောသည်။
အဆိုပါ တရုတ်ကုန်စည်ပိတ်ပင်မှုကြောင့် လားရှိုးမြို့ရှိ ကုန်စည်ဒိုင်များနှင့် ကားဂိတ်အများအပြားလည်း ကုန်လက်ခံမှုများကို ခေတ္တရပ်ဆိုင်းထားရပြီး ခရီးသည်တင်လိုင်းကားများပေါ်တွင် တရုတ်ကုန်ပစ္စည်းများ တစ်စုံတစ်ရာ တင်ဆောင်ခြင်း မပြုရန် တားမြစ်ထားကြောင်း သိရသည်။
ယမန်နေ့ (မေလ ၄ ရက်) တွင် နေပြည်တော်၌ ကျင်းပသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ညှိနှိုင်းအစည်းအဝေးတွင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးအတွက် ပထမရက် ၁၀၀ အတွင်း ဦးစားပေးဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
သို့သော် ရက် (၁၀၀) စီမံကိန်းကာလအတွင်း မြို့အဝင်လမ်းကြောင်းများတွင် တရုတ်ကုန်ပစ္စည်းမှန်သမျှကို ဖမ်းဆီးနေသဖြင့် နောက်ပိုင်းတွင် ကုန်စည်စီးဆင်းမှု ရပ်တန့်နိုင်ကြောင်း ကုန်သည်များက ပြောဆိုသည်။
အဆိုပါ ကုန်စည်ပိတ်ဆို့မှု၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် သျှမ်းပြည်တောင်ပိုင်းနှင့် မန္တလေး၊ ရန်ကုန်မြို့ကြီးများအထိ ကုန်ဈေးနှုန်း ရိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများက ပြောသည်။
တိုက်ပွဲကြောင့် ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် သိန္နီမြို့ခံတစ်ဦးက “အခုရန်ကုန်မှာ ကြက်ဥ တစ်လုံးကို ၅၅၀ လောက်ရှိတယ်။ သိန္နီမှာ နေတုန်းကတော့ တစ်လုံးကို ၂၀၀ လောက်ပဲရှိတာ။ တခြားမြို့တွေလည်း ဈေးကြီးကုန်ပါပြီ” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် သြဂုတ်လအတွင်း စစ်ကော်မရှင်၏ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက ပြည်ပမှ တင်သွင်းသော စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများအပါအဝင် ကုန်ပစ္စည်း ၃၅ မျိုးအား ပင်လယ်ရေကြောင်းအပြင် နယ်စပ်ပေါက်များမှ တင်သွင်းမှုကို ယာယီပိတ်ပင်ရန် ညွှန်ကြားထားသည့် ကြေညာချက်များ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လာခဲ့ဖူးသည်။












Leave a Comments