“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို အမြစ်ဖြတ်တိုက်ခိုက်ချေမှုန်းမည်ဟု ကြွေးကြော်ခဲ့သည့် တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ကြိုဆိုကြောင်း စာထုတ်ပြန်လာခဲ့ပါတယ်။ ဒီထုတ်ပြန်စာနဲ့အတူ လူထု တရပ်လည်း အံ့သြခဲ့ရပြီး TNLA အနေနဲ့ ဘာကြောင့် သမ္မတကို ကြိုဆိုကြောင်းထုတ်ပြန်လဲ။ ကိုးကန့်တပ် (MNDAA) အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဘယ်လိုဆက်ရှိလာနိုင်လဲ။ သျှမ်းမြောက်စစ်ရေးအခြေအနေဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်စိုင်ကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လျန်က ဆက်သွယ် မေးမြန်ထားပါတယ်။

မေး။ ။ လက်ရှိ သျှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေး အပြောင်းအလဲတွေအပေါ် ဘယ်လို သုံးသပ်မိပါသလဲ။

ဖြေ။ ။ သျှမ်းပြည်မြောက်ပိုင်းရဲ့ အခြေအနေ အဓိကဇာတ်မြစ်က တရုတ်နိုင်ငံရဲ့ CMEC (China-Myanmar Economic Coordinator) နဲ့ BRI (Belt and Road Initiative) အစီအစဉ်ကြောင့်ဖြစ်တယ်လို့ ယေဘုယျအားဖြင့် ကျနော်တို့ ပြောလို့ရတယ်။ နောက်ပိုင်း သျှမ်းပြည်မြောက်မှာရှိတဲ့ EAOs အပေါ် တရုတ်ရဲ့ လွှမ်းမိုးမှု၊ အမိန့်ပေးမှုတွေက အဓိကအခန်းကဏ္ဍက ပါဝင်နေတယ်လို့ ကျနော်တို့ ပြောရမှာပါ။ MNDAA ကိုးကန့်တပ်နဲ့ TNLA တို့ကတော့ အဓိကအခန်းကဏ္ဍကနေ ပါဝင်တာပေါ့။ UWSA ကလည်း တရုတ်ရဲ့ Proxy နံပါတ် (၁) ဖြစ်ပြီး NDAA ကတော့ ဒုတိယ တပည့်ကျော်လို့ ပြောလို့ရတာပေါ့။ အဲတော့ စစ်အစိုးရ မင်းအောင်လှိုင်ကတော့ Government to Government (G to G) အနေထားကို တရုတ်က အသုံးချဖို့အတွက် EAOs တွေနဲ့ မင်းအောင်လှိုင်ကို တရုတ်က ညွှန်ကြားထားတဲ့အတိုင်းလုပ်ဖို့ အတွက် ပြင်ဆင်လုပ်ဆောင်တယ်လို့ ယေဘုယျအားဖြင့်ပြောလို့ရတယ်။

မေး။ ။ ပြီးခဲ့တဲ့ ဧပြီလ (၁၅) ရက်က TNLA က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်လာတာကို ကြိုဆိုတဲ့စာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ TNLA အနေနဲ့ ဘယ်လို အကျပ်အတည်းတွေရှိနေလို့လဲ၊ ဘာကြောင့် အခုလို လုပ်ဆောင်ရတာလဲ။

ဖြေ။ ။ ဒါက အဖွဲ့အစည်းအချင်းချင်း အားပြိုင်မှုလို့ ပြောလို့ရပါတယ်။ အထူးသဖြင့် MNDAA နဲ့ TNLA ကြား အားပြိုင်မှုတွေ ရှိနိုင်ပါတယ်။ MNDAA ရဲ့ အပေါ်စီးရနေမှုကို ခြေဖျက်ဖို့အတွက် TNLA က ကြိုစားတယ်လို့ ကျနော်တို့ ခန့်မှန်းလို့ရတယ်။


TNLA အနေနဲ့ သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့၊ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေရန်က ကာကွယ်ဖို့နဲ့ မင်းအောင်လှိုင်ရဲ့ သနားညှာတာမှုကို ရဖို့အတွက် အခုလို ထုတ်ပြန်တာလို့ ပြောရမှာပါ။ ပြီးတော့ သူရဲ့နယ်မြေချဲ့ထွင်မှုကို အသိမှတ်ပြုဖို့ကို သူကလိုလားတာလည်းဖြစ်နိုင်တယ်။ အဲဒီတော့ TNLA ရဲ့ ကြိုးစားမှုက ပြည်သူလူထုရဲ့ စားဝတ်နေရေး ၊ ငြိမ်းချမ်းသာယာရေးဟာ ပထမနေရာမှာမနေဘဲ သူတို့အဖွဲ့အစည်း ရပ်တည်ရေးကို ဦးစားပေးတဲ့ သဘောမျိုး သုံးသပ်နိုင်ပါတယ်။

မေး ။ ။ TNLA က သမ္မတအသစ် မင်းအောင်လှိုင်ကို ကြိုဆိုလိုက်တဲ့အပေါ်မှာ အနာဂတ်မှာ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ဘယ်လိုဖြစ်လာနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ TNLA ကတော့ တရုတ်အစိုးရ နဲ့ စစ်အစိုးရ မင်းအောင်လှိုင်တို့ရဲ ပူးပေါင်းပြီးတော့ ဖိအားပေးမှုကြောင့် ရပြီးသား နယ်မြေတွေကို ဆုတ်ပေးရတာကို ဆက်တိုက်လုပ်လာပေမဲ့ အချို့ သူသိမ်းထားတဲ့နယ်မြေတွေကို ဆက်ပြီးသိမ်းထားနိုင်ဖို့အတွက် ကြိုးစားတဲ့အပိုင်းလည်းရှိတာပေါ့။ MNDAA က ပြန်ဆုတ်ဖို့သူက ဘာကြောင့်မလို့မလုပ်လဲဆိုတော့ MNDAA ကို တရုတ်က သုံးဖို့အတွက် လိုအပ်နေသေးတယ်။ နောက်ပြီး SSPP ၊ KIA စသဖြင့် EAO တွေက အဲဒီကုန်သွယ်ရေးလမ်းကြောင်းတွေကို မပိတ်ဆို့ဖို့အတွက် တရုတ်က သူကိုလိုလားနေတာရယ်၊ တရုတ်ရဲ့ထောက်ခံအားပေးမှုကိုရနေတယ်ဆိုတဲ့ဟာလည်း ထင်ရှားနေတယ်။ အဲ့ဒီအတွက်ကြောင့် SSPP နဲ့ KIA တို့ကလည်း MNDAA ကို အားနာပါနာနဲ့ ပြန်ပြီး တုံ့ပြန်တာမလုပ်ဘူးလို့ ကျနော်တို့ ယူဆလို့ရတယ်။

မေး ။ ။ လက်ရှိ MNDAA ကလည်း တရုတ်ကျောထောက်နောက်ခံရထားတယ်လို့ ပြောလို့ရတာပေါ့။ ဆိုတော့ တရုတ်အနေနဲ့ကလည်း G to G သွားမယ်လို့လည်းပြောတယ်။ တစ်ဖက်မှာလည်း MNDAA ကို အသုံးချဖို့လည်း ထားတယ်။ နောက်တစ်ခုကတော့ MNDAA ဟာ သျှမ်းမြောက် နယ်မြေအများအပြားကိုထိန်းချုပ်ထားနိုင်တယ်။ အခုဆိုရင် ကွတ်ခိုင်မြို့ကိုပါ ထပ်မံထိန်းချုပ်နိုင်ခဲ့တယ်။ ဒီတော့ စစ်တပ်ကကော ဘာကြောင့်မလို့ MNDAA ကို နယ်မြေဆုတ်ခွာဖို့အတွက် ဖိအားမပေးတာလဲ။

ဖြေ။ ။ စစ်တပ်က MNDAA တပ်ဆုတ်ခွာဖို့ ဖိအားတည့်တည့်ပေးတာ၊ ဒါမှမဟုတ် တပ်အင်အားနဲ့ပေးတာတော့မရှိဘူး။ ဒါပေမဲ့ သွယ်ဝိုက်ပြီးတော့ သိန္နီကနေ ဆုတ်ခွာရမယ်လို့ပြောတာတော့ရှိတယ်။ MNDAA ကိုမောင်းထုတ်ပြီး သူကဝင်ရောက်အခြေချနိုင်ဖို့ သူမှာလုံလောက်တဲ့အင်အားမရှိလို့လည်းဖြစ်နိုင်တယ်။

နောက်တစ်ခုကတော့ MNDAA လက်ထဲမှာထားလည်း သူအတွက် ဘာမှမဖြစ်လာဘူး။ MNDAA ဖြစ်ဖြစ် ၊ TNLA ဖြစ်ဖြစ် အဲဒါတွေကို ထိန်းချုပ်တာဟာ သူအတွက် အဓိက ပြဿနာမဟုတ်ဘူး။ အဓိက ပြဿနာကပြည်ထောင်စုလမ်းမကြီးကို EAOs ကင်းရှင်းတဲ့လမ်းမကြီးအဖြစ်လုပ်ပြီး နယ်စပ်ကုန်သွယ်ရေး မူဆယ် ၊ နမ့်ခမ်း ၊ MNDAA ထိန်းချုပ်တဲ့နယ်မြေကနေ မန္တလေးအထိ ပေါက်သွားအောင် သူအတွက် အဓိကလိုးလာချက်ဖြစ်တယ်။ အဲဒါကြောင့် MNDAA ကို ဘာကြောင့်မဆုတ်ခိုင်းတာလဲဆိုတာလည်းဖြစ်နိုင်တယ်လို့ ကျနော်ကတွက်ဆလို့ရတယ်။

မေး။ ။ သင်္ကြန် ကာလမှာ တရုတ်က သျှမ်းမြောက်မှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံမှုတွေရှိခဲ့တယ်။ အဓိကအားဖြင့် သျှမ်းမြောက်မှာ တရုတ်စီမံကိန်း (BRI)ကိစ္စကို ဆွေးနွေးတယ်လိုကြားတယ်။ တရုတ်၊ စစ်ကော်မရှင်တပ်နဲ့ MNDAA တပ်တို့ က သဘောထားကိုက်ညီ ညှိလို့ရရင် ရှေ့လအတွင်းမှာ BRI ကပြန်စနိုင်ပြီးလို့လည်း အခြားနိုင်ငံရေးလေ့လာသူကလည်းသုံးသပ်ထားတာရှိတော့ ဒီကိစ္စရောဘယ်လိုမြင်မိပါသလဲ။

ဖြေ။ ။ တရုတ်၊ စစ်ကောင်စီနဲ့ MNDAA တို့ ပေါင်းပြီး ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပြန်ဖွင့်ချင်ကြတာ အသိသာကြီးပါ။ အဲဒါကို တစိုက်မက်မက်ဆက်လုပ်ဖို့အတွက်လည်း တရုတ်ကလည်း MNDAA ကို အသုံးပြုပြီး လမ်းရှင်းတာတွေလုပ်ပြီပြီဆိုတော့ သူဆက်လုပ်မယ်လို့ ကျနော်တို့ ယုံကြည်လို့ရတယ်။ ကုန်သွယ်ရေးလမ်းကြောင်းဖွင့်မှ ယူနန်ပြည်နယ်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေလည်း လည်ပတ်မယ်။ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတော့ အကျိုးအမြတ်ရနိုင်တဲ့ MNDAA ကလည်း အကျိုးအမြတ်ရမယ်။ စစ်အုပ်စုကလည်း အကျိုးအမြတ်ရမယ်။ တရုတ်ကလည်းသူဖြစ်စေချင်တဲ့ China – Myanmar Economic Coordinator ကိုလည်းအကောင်ထည်ဖော်လို့ရမယ်။ အဲဒီအတွက်ကြောင့်မလို့ သူတို့ကဒီ Project ကြီးကို မဖြစ်မနေလုပ်ဖို့ အားလုံးကလည်း မြင်နေတယ်။ ကျနော်ကလည်း အဲဒီလိုဖြစ်လာလိမ့်မယ်လို့ ပြောလို့ရတာပေါ့။

မေး။ ။ ဒီလထဲမှာလည်း အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း သမ္မတအသစ်ဖြစ်လာပြီ။ လွှတ်တော်လည်းပြန်ပေါ်ပေါက်လာပြီးဆိုတော့ သျှမ်းပြည်တွင်းက စစ်ရေးအခြေအနေက ဘယ်လိုမျိုးဆက်ရှိလာနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ အရင်တုန်းက ကျနော်တစ်ခါပြောဖူးသလိုပါပဲ။ မြောက်ပိုင်းမှာတော့ စစ်ရေးပဋိပက္ခကတော့ တောင်ပိုင်းလောက်မမြင့်မားလာနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ အခုမြောက်ပိုင်းမှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခက MNDAA နဲ့ TNLA တို့ဖြစ်မယ်။ အခု TNLA က နောက်ဆုတ်ပေးလိုက်ပြီးတော့ မြောက်ပိုင်းမှာတော့ စစ်မီးငြိမ်သွားပြီးလို့တောင်ပြောလို့ရတယ်။ မြောက်ပိုင်းရဲ့ စစ်ရေးပဋိပက္ခကတော့ တရုတ်လိုချင်တဲ့ အခြေနေတော့ဖြစ်လောက်ပြီးလို့ ပြောလိုရတယ်။ ဒါပေမဲ့ တောင်ပိုင်းကျတော့ KNDF တို့နဲ့ သျှမ်းတပ် SSNDF တို့နဲ့ ဆက်ပြီးတိုက်ပွဲဝင်နေတဲ့အခါကျတော့ ဗမာစစ်တပ်နဲ့ PNO နဲ့ပေါင်းပြီးတော့ ဆင်နွဲနေတဲ့စစ်က ပိုပြီးတော့ မြင့်မားလာနိုင်တဲ့ အနေထားမျိုးရှိတယ်လို့ ကျနော်တို့တွေ့ရတဲ့အခြေနေကိုကြည့်ပြီး ခန့်မှန်းလို့ရတာပေါ့။

မေး ။ ။ အခုလည်း လွှတ်တော်ပြန်ရှိလာပြီဆိုတော့ လက်ရှိ နိုင်ငံရေးအကြပ်တည်အတွက် ထွက်ပေါက်တစ်ခုဖြစ်မယ် လို့ထင်ပါသလား။ ဒီလွှတ်တော်ကိုယ်စာလှယ်တွေ လူထု အသံကို တကယ်ရော နားထောင်ပြီး ပုံဖော်နိုင်မှာလား။ လူထုက နစ်နာမှုတွေပဲဆက်ရှိနေမှာလား ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ။ ။ အခု လွှတ်တော်အခင်းအကျင်းကို ကြည့်မယ်ဆိုရင်တော့ စစ်တပ်က လုံးဝကြီးစိုးထားတဲ့ လွှတ်တော်လို့ ကျနော်တို့ပြောလို့ရတယ်။ အခုအချိုးကျ တိုင်းရင်းသားနိုင်ငံရေးအဖွဲ့အစည်း ၊ အချို့ကိုယ်စာလှယ်တွေ ၊ နောက်ပြီး ပြည်မမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက ရာခိုင်နှုန်းနည်းနည်းပဲပါတယ်။ အဲဒါကြောင့်မလို အခုမင်းအောင်လှိုင်ဦးစီးတဲ့ စစ်အစိုးရဟာ ဦးသိန်းစိန်လက်ထက်မှာ NLD ဝင်မလာခင်အချိန်ထက်တောင် ပိုပြီးတော့ ဆိုးတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ အဲဒါကြောင့်မလို့ အခုဖြစ်နေတဲ့ လွှတ်တော်အခင်းအကျင်းက ပြည်သူလူထုကို ဖိနှိပ်ဖို့ ၊ ဖိစီးမှုတွေ လျော့ပါးသက်သာလာဖို့အတွက် ဦးဆောင်လုပ်ကိုင်လိမ့်မယ်လို့ကျနော်တို့ မြင်လို့မရဘူး။ အခုလည်း သင်္ကြန်အတွင်းမှာ ဗုံးကြဲနေတာတွေရှိတယ်။ သူတို့ရဲ့ စစ်ရေးဗျူဟာအရ တဖက်က ဗုံးကြဲမယ်။ တဖက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်မယ် ဆိုတဲ့ ပုံစံမျိုးကို သူချိုးထားတာလေ။ ပြီးခဲ့တဲ့နေ့က မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက် ၁၀၀ အတွင်းမှာခေါ်တာတွေပြောဆိုလာခဲ့တယ်။ ချုပ်ပြီးပြောရမယ်ဆိုရင် စစ်ရေး ၊ နိုင်ငံရေးကော သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်လို့ ယူဆရတဲ့အတွက်ကြောင့်မလို့ ဒီလွှတ်တော်မှာလည်း သူတို့စိုးမိုးထားတဲ့အတွက်ကြောင့် ကျနော်အနေနဲ့တော့ ဘာမှ ထူးထူးခြားခြား ပြောင်းလဲစရာအကြောင်းမရှိဘူးလို့ ကျနော်သုံးသပ်ချင်ပါတယ်။

မေး။ ။ ကျနော်တို့ မျှော်လင့်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာကော ဘယ်လောက်အလှမ်းဝေးနေဦးမလဲ။

ဖြေ။ ။ ဖက်ဒရယ်နိုင်ငံဆိုတာကတော့ ၁ နှစ် ၂ နှစ်အတွင်းဖြစ်ဖို့ကတော့ ခက်တယ်လို့ ယေဘုယျအားဖြင့် ခန့်မှန်းလို့ရတယ်။ အခုတော်လှန်ရေးအင်းအားစုတွေဖြစ်တဲ့ EROတွေ ၊ NUG ဦးစီးတဲ့ PDF တွေကော SCEF (Steering Committee for National Revolution) လို ဖယ်ဒရယ်ကောင်စီတစ်ခုကို ဖွဲ့စည်းထားပြီး အဲဒါကို စုပေါင်းအင်အားအနေနဲ့ စစ်တပ်ကို တန်ပြန်ဖို့အတွက် ကြိုးစားနေတဲ့အချိန်ကာလဖြစ်တာပေါ့။ ဆိုတော့ ၅ နှစ်လောက်တိုက်ပြီးမှ ဒီအဆင့်ကိုရောက်လာတယ်ဆိုတော့ နောက်ထပ်ပိုပြီးဆက်လုပ်ဖို့လည်းလိုတာပေါ့။ သူတိုရဲ့ချမှတ်ထားတဲ့ လမ်းစဉ်တွေက အရင်NUCC ချမှတ်ထားတဲ့ လမ်းစဉ်ထက်ဘာမှသိပ်ပြီးကွာမှာမဟုတ်ဘူး ။

နောက်ပြီးအခုဖွဲ့စည်းထားတဲ့အဖွဲ့စည်းတွေကလည်း အရင်ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းအတိုင်း ဆိုင်ဘုတ်ပြောင်းပြီး ပြန်ပြီးဝင်လာတယ်ဆိုတဲ့ ပုံစံဖြစ်တယ်လို့ ဝေဖန်သုံးသပ်သူတွေကလည်း ဝေဖန်ကြတယ်။အဓိက အရေးကြီးတာကတော့ တပ်ပေါင်းစုလို့ခေါ်တဲ့ SCEF ပေါ့၊ ကျန်ရှိနေသေးတဲ့ တော်လှန်ရေးအင်အားစုတွေကို ဘယ်လောက်များများ စည်းရုံနိုင်မလဲ ၊ သူကျယ်ပြန့်လာအောင်ဘယ်လို လုပ်နိုင်မလဲ၊ နောက်ပြီး အပြည်ပြည်ဆိုင်ရာ မျက်နှာစာမှာ သူတို့က ဒီထက်ပိုပြီး အားကောင်းလာအောင် ဘယ်လိုလုပ်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။ အဲဒီအတွက်ကြောင့်မလို့ ဒီတိုက်ပွဲက ကြည့်ရတာကြာအုံးမယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ စစ်အုပ်စုကို တရုတ် ၊ ရုရှားတို့ကလိုအပ်တဲ့ အကူအညီတွေကို အားပေးနေတဲ့အတွက်ကြောင့်မလို့ သူမှာ သူကိုတော်လှန်နေတဲ့သူတွေကိုခြေဖျက်ဖို့အတွက် အင်အားရှိတယ်။ တော်လှန်ရေးအင်အားစုတွေကလည်း လူထုရဲ့အားပေးထောက်ခံမှုရှိတယ်။ ဆိုတော့ဘယ်သူမှ ဘယ်သူကို အချိန်တိုအတွင်းမှာ အပြီးသတ်နိုင်ဖို့ မမြင်ရတဲ့အတွက်ကြောင့် ကျနော်ထင်တာ ပြည်တွင်းစစ်ကတော့ နည်းနည်းပိုပြီးဆက်ကြာအုံးမယ်လို့ ကျနော်ကတော့ သုံးသပ်လို့ရပါတယ်။

မေး ။ ။ ၁၀၂၇ တော်လှန်ရေးကိုစတင်ခဲ့တဲ့အချိန်မှာဆိုရင် ညီနောင်မဟာမိတ် MNDAA, TNLA , AA တို့ ၃ ဖွဲ့ပေါင်းပြီးစတင်ခဲ့တယ်။ အခုကျတော့ MNDAA နဲ့ TNLA တို့က စစ်တပ်နဲ့ပြန်ပူးပေါင်းနေတဲ့အရိပ်ယောင်မျိုးလည်း တွေ့ရပြန်တယ်ပေါ့။ ဒါကြောင့် သူတို့ပြောခဲ့တဲ့ စစ်အာဏာရှင်ကို အမြစ်ဖြုတ်သွားမယ်လို့ ကြွေးကြော်ခဲ့ပြီး အခုတော့ ပြည်သူတွေကို သစ္စာဖောက်သွားတဲ့ အဖွဲ့စည်းမျိုးပြန်ဖြစ်နေပြီးလား။

ဖြေ ။ ။ MNDAA နဲ့ TNLA တို့ကိစ္စမှာ လူတွေကတော့ သဘောထားနည်းနည်းကွဲလွဲတာပေါ့နော်။ ဒါမဲ့ ကျနော်တို့ သေချာပြန်စမ်းစစ်ကြည့်ရင်တော့ သူတို့ပေးခဲ့တဲ့ နိုင်ငံရေးကြွေးကြော်သံ ၊ နိုင်ငံရေးလမ်းစဉ်ကို သူတို့က သွေးဖည်တယ်လို့ မညာတမ်းပြောရရင် အဲလိုပဲပြောရမှာပေါ့။ သူတို့က စစ်တပ်အမြစ်ဖြုတ်ရေး ၊ ဖယ်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုတည်ဆောက်ရေး ၊ အဲဒီ ၂ ချက်နဲ့ ဒီတိုက်ပွဲထဲကို သူတို့ကဝင်လာခဲ့တယ်။ အခုက စစ်တပ်အမြစ်ပြုတ်ရေးကို သူတို့က လုံးဝလက်လွှတ်လိုက်တဲ့ပုံစံမျိုးပေါက်တယ်။

စစ်တပ်ရှိနေသ၍ ဖယ်ဒရယ်ဒီမိုကရက်တစ် မဖြစ်နိုင်ဘူးဆိုတာ လူတိုင်းသိထားပြီးသား။ သူတို့က စစ်တပ်ကို ထောက်ခံလိုက်တယ်ဆိုတော့ ဖယ်ဒရယ်ဒီမိုကရက်တစ်ကိုလည်း အားမပေးဘူး ၊ ဆန့်ကျင်တယ်ဆိုတဲ့သဘောမျိုးကို သူကသက်ရောက်သွားတာပေါ့။

အချို့တွေကလည်း အဲ့နှစ်ဖွဲ့ကို ပစ်မထားပါနဲ့ ၊ သူတို့ကလည်းကျနော်တို့က ကျောသတ် ၊ ရင်သတ်လုပ်ပြီးတော့ အဖွဲအ့စည်းလုံးဝမပျက်စီးသွားအောင်လုပ်လိုက်ရတာပါ။

အဲတာကိုနားလည်ပေးပါ ၊ ဘာညာတွေတော့ ပြောတာပဲ။ ဒါမဲ့ သူတို့ရဲ့ အဓိကနိုင်ငံရေးရည်မှန်းချက်ကို ဖောက်ဖျက်လိုက်တဲ့အတွက်ကြောင့် လူထုက သူတို့ကို သစ္စာဖောက်လို့ပြောရုံကလွှဲပြီး တခြားလမ်း မရှိတော့ဘူးဖြစ်နေတာ။

အဲဒါကြောင့်မလို့ SCEF တို့ အစည်းရုံကောင်စီက သူတို့တော်လှန်ရေးအမြစ်ဖြတ်ဖို့လိုမယ်လို့ ကျနော်တော့ထင်တယ်။ မလုပ်နိုင်တဲ့သူကို ကျနော်တို့သွားပြီးတော့ ကျောသတ် ၊ ရင်သတ်လုပ်နေရင်လည်း ဘာမှအကျိုးရှိမှာမဟုတ်ဘူး။ သူတို့လုပ်သင့်တာက ဘာလဲဆိုရင်တော့ အရက္ခိုင်တပ်တော် (AA) လို အပြတ်တိုက်နေတဲ့အဖွဲ့မျိုးကို သူတို့ထဲပါလာအောင်စည်းရုံဖို့လိုတယ်။ AA က အခုတိုက်နေတာကလည်း မြို့နယ် ၃ ခုလောက်ပဲကျန်တော့တယ်။ ကျန်တဲ့ဟာတွေကလည်း သိမ်းပြီးသား။ အဲဒီကျန်တဲ့ မြို့နယ် ၃ ခုကလည်း စစ်တွေ ၊ ကျောက်ဖြူတို့က အဓိကပေါ့။

အဲဒီ ၂ ခုကလည်း တရုတ်က စီးပွားရေးအခြေစိုက်ထားတဲ့နေရာ၊ Gas (ဂတ်စ်) နဲ့ ရေနံပိုက်လိုင်းတွေရှိတဲ့နေရာ ၊ စီးပွားရေးဇုန်တွေတည်ဆောက်မဲ့နေရာဆိုတော့ တရုတ်က AA နဲ့ ဘယ်လိုအပေးအယူလုပ်မလဲဆိုတာကိုတော့ စမ်းစစ်ကြည့်ရမှာပေါ့။

နောက်ပြီးနေပြည်တော်မှာထိုင်နေတဲ့ စစ်အုပ်စုနဲ့လည်း G to G ဆက်ဆံရေးကလည်း ဆက်ဆံနေရမယ်။ ဆိုတော့ လမ်း ၂ လမ်းကို သူကကိုင်ပြီးတော့သွားနေမယ်လို့သုံးသပ်လို့ရတယ်။

မေး။ ။ တော်လှန်ရေးအင်အားစုတွေထဲမှာ AA ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ ။ ။ AA ကတော့ စံနမူနာပြ အဖွဲ့အစည်းတစ်ခုလို့ ပြောလို့ရပါတယ်။ သူ့ရည်မှန်းချက်ကို လုံးဝမသွေဖည်ဘူး။ မသွေဖည်ပဲ ဦးနှောက်ကိုလည်း သုံးတယ်။ တရုတ်နဲ့လည်းတည့်အောင်ပေါင်းတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နဲ့လည်း တည့်အောင်ပေါင်းတယ်။ တည့်အောင်ပေါင်းတော့ တရုတ်ကလည်းသူကို ဘာမှမသိတဲ့ ကောင်လေးဆိုပြီး ခေါင်းပုတ်ပြီးတော့ TNLA နဲ့ MNDAA တို့ကိုခိုင်းချင်သလိုမျိုး လုပ်လို့မရဘူး။

နိုင်ငံ ၂ နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယနဲ့လည်း အဆက်သွယ်ရှိနေတယ်။ ရောင်းဝယ်ဖောက်ကားမှု တွေရှိနေတယ်။ တရားဝင်မဟုတ်ပေမဲ့သူတို့က လုပ်နေတယ်။

ဘင်္ဂလားဒေ့ရှ်ကလည်း ရိုဟင်ဂျာတွေကို ပြန်ပို့ချင်တဲ့အတွက်ကြောင့်မလို့ AA နဲ့ ဘယ်နည်းနဲ့မဆို အဆက်အသွယ်လုပ်နေမှာပဲ။ အိန္ဒိယကလည်း မီဇိုရမ်ပြည်နယ်ကို အသုံးပြုပြီးတော့ State to State အဆက်အသွယ်လုပ်နေတာကို စောင့်ကြည့်နေတာပဲ။ အခု AA ကတရုတ်ကိုပဲ အားကိုးဖို့မလိုဘူးလေ။ တရုတ်ကလည်းသူတို့ သတိထားပြီး ဆက်ဆံရမှာပေါ့။ အပေးအယူလည်းလုပ်ရမှာပေါ့။ အဲမှာရှိနေတဲ့ စီးပွားရေးအမြတ်အစွန်းတွေကိုလည်း သူကိုလည်း ခွဲပေးရမှာပေါ့။ ဆိုတော့ အဲဒီအခြေနေကိုရောက်နေတဲ့အတွက်ကြောင့်မလို့ AA ကတကယ်ကို အရေးကြီးတဲ့အခန်းကဏ္ဍကနေ မြန်မာတစ်ပြည်လုံး လွတ်မြောက်ရေးအခန်းကဏ္ဍကနေပါဝင်နေတယ်လို့ ကျနော်တို့မြင်လို့ရတာပေါ့။

မေး ။ ။ နောက်ဆုံးအနေနဲ့ ကျနော်မမေးမိတဲ့အရာတွေပေါ်မှာကော ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော်ပြောချင်တာတော့ ခုနက SCEF တွေပေါ့။ သူတို့ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တွေကို မြန်မြန်ဆန်ဆန်လုပ်ဖို့ ၊ နောက်ပြီး ဒေါက်တာညိုထွန်းအောင်ပြောသလို နှစ် ၁၀၀ မှာ တစ်ခါပဲရှိတဲ့အခွင့်ရေးကို ရနိုင်သမျှအသုံးပြုပြီး နေ့မအား ၊ ညမအားအသုံးပြုဖို့ သူတိုက်တွန်းထားတယ်။ သူရဲ့တိုက်တွန်းချက်ကိုပဲ ကျနော်က ဆက်ပြီးထောက်ခံချင်တယ်။ အဲလိုပဲ SCEF ကို အကြံပေးချင်တယ်။

အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သိန္နီမြို့ လမ်းမကြီးဘေးရှိ လယ်ယာမြေများကို တရုတ်လုပ်ငန်းရှင်များ လုယက်ဝယ်ယူနေ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ လမ်းမကြီးဘေးတစ်လျှောက်ရှိ လယ်ယာမြေများကို တရုတ်လုပ်ငန်းရှင်များက ဈေးကြီးပေး၍ လုယက်ဝယ်ယူလာနေကြောင်း ဒေသခံများထံမှ သိရသည်။ သိန္နီတံတားကြီးအနီးနှင့် လမ်းမကြီး၏ အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်းရှိ လယ်ကွက်များကို တရုတ်ရင်းနှီးမြှုပ်နှံသူများက အဓိကပစ်မှတ်ထား၍ ဝယ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ လက်ရှိ ဒေသတွင်းကာလပေါက်ဈေးအရ လမ်းမကြီးဘေးရှိ လယ်မြေတစ်ဧကလျှင် မြန်မာကျပ်ငွေ သိန်း...