ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက် အခွန်ယွမ်ငွေ ၇၀၀ (မြန်မာကျပ်ငွေ ၄ သိန်းခွဲခန့်) ကို တစ်ကြိမ်တည်း ပေးဆောင်ရမည်ဖြစ်သည်။
ထို့အပြင် ဆိုလာစနစ် အသုံးပြုသူများအနေဖြင့် မိမိတို့၏ ကိုယ်ရေးအချက်အလက်များအပြင် အသုံးပြုသည့် ဆိုလာပစ္စည်းအမျိုးအစား၊ ဗို့အားနှင့် ဘက်ထရီအသေးစိတ်တို့ကိုပါ အထူးဒေသ (၁) ရေနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကုမ္ပဏီလီမိတွင် မဖြစ်မနေ မှတ်ပုံတင်ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း ၃ နှစ်နီးပါးကြာ မီးပြတ်တောက်နေစဉ် မိမိတို့အစီအစဉ်ဖြင့် ဆိုလာတပ်ဆင်ခဲ့ရသည့် ဒေသခံများမှာ ယခုအခါ မီတာခဈေးကြီးမှုအပြင် ဆိုလာအခွန်ကိုပါ နှစ်စဉ်ပေးဆောင်ရမည့် အခြေအနေကြောင့် အခက်တွေ့နေကြကြောင်း ဒေသခံများက ပြောသည်။
“မီးမရတဲ့ ၃ နှစ်လုံးလုံး ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဆိုလာတပ်ခဲ့ရတာ။ အခု မီးပြန်ရတော့လည်း တစ်ယူနစ် ၄၀၀ ပေးရတယ်။ လားရှိုးမှာက ၁၀၀ တောင် မရှိဘူး။ အခုက ဆိုလာအတွက်ပါ တစ်နှစ်ကို ၄ သိန်းခွဲလောက် ထပ်ဆောင်ရ မယ်ဆိုတော့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေတာ” ဟု သိန္နီမြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
MNDAA ၏ ထုတ်ပြန်ချက်တွင် ဆိုလာစနစ်များကို မြို့ပြလျှပ်စစ်လိုင်းနှင့် သီးခြားခွဲထားရမည်ဖြစ်ပြီး စည်းကမ်းမလိုက်နာပါက ဒဏ်ငွေ ၅ ဆမှ ၁၀ ဆအထိ ပေးဆောင်ရမည့်အပြင် ဥပဒေဖြင့် အရေးယူမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် MNDAA သည် သိန္နီမြို့အနောက်ဘက် ဟိုနားကျေးရွာအနီးရှိ ၁၂,၆၀၀ ကီလိုဝပ် (၁၂.၆ မဂ္ဂါဝပ်) ထွက်ရှိသော ရေအားလျှပ်စစ်စက်ရုံမှတစ်ဆင့် မီးဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။
အဆိုပါ လျှပ်စစ်စီမံကိန်းကို “အထူးဒေသ (၁) ရေပေးဝေရေးနှင့် လျှပ်စစ်စွမ်းအားကုမ္ပဏီလီမိတက် (Myanmar Federal First Special Region Water and Power Co., Ltd.)” က လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ ဒေသတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နိုင်ရန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လည်ပတ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ သိန္နီ၊ ကွတ်ခိုင်နှင့် တာမိုးညဲမြို့များအပြင် လားရှိုးမြို့အစပ်ရှိ ကျေးရွာများအထိ လျှပ်စစ်မီးဖြန့်ဖြူးရန် စီစဉ်နေသော်လည်း အိမ်သုံးမီတာခ တစ်ယူနစ် ၄၀၀ ကျပ်မှ စီးပွားရေးလုပ်ငန်းသုံး ၇၀၀ ကျပ်အထိ သတ်မှတ်ထားသည့် နှုန်းထားများမှာ ဒေသခံများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေဆဲပင် ဖြစ်သည်။













Leave a Comments