သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။
အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။
“တံတားရှိလျက်နဲ့ ပြည်သူတွေ တံတားမသုံးနိုင်တဲ့ အခြေအနေဟာ ဒီထက်ပိုပြီး ဆက်မဖြစ်သင့်တော့ပါဘူး။ အကြောင်းပြချက်တွေပဲ ထပ်ပေးနေမယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့ ဖြစ်စဉ်ကြီး (၃) ခုကို အထောက်အထား၊ အချက်အလက် (Data) အပြည့်အစုံနဲ့ လွှတ်တော်မှာ တင်ပြသွားမှာပါ” ဟု စိုင်းကောင်းသက်စံက ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် သတိပေးထားသည်။
အဆိုပါဖြစ်စဉ်များကြောင့် လူတစ်စုမှ မတရားသော နည်းလမ်းများဖြင့် အကျိုးအမြတ်ရယူခဲ့မှု၊ အိမ်ခြံမြေဈေးကွက်အပေါ် ရိုက်ခတ်မှုများနှင့် ငွေကြေးအမြောက်အမြား ကိုယ်ကျိုးစီးပွား ဖြစ်ထွန်းခဲ့မှုများကို ခိုင်လုံသော အထောက်အထားများဖြင့် တင်ပြသွားမည်ဟု ၎င်းက ဆိုသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလကတည်းက စတင်ပိတ်ထားခဲ့သည့် အဆိုပါတံတားနှင့် ပတ်သက်၍ လာမည့်တနင်္လာနေ့ လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရန် ပြင်ဆင်ထားကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောသည်။
အစိုးရဘက်မှ ခိုင်လုံသော အဖြေမပေးနိုင်ပါက နောက်ကွယ်မှ အဂတိလိုက်စားမှု ဖြစ်စဉ်ကြီး (၃) ခုကို ပြည်သူ့ရှေ့မှောက် ချပြသွားမည်ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် သီပေါတံတား၏ တစ်ဖက်ခြမ်းကို စစ်ကော်မရှင်က ထိန်းချုပ်ထားပြီး ကျန်တစ်ဖက်ခြမ်းကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ထိန်းချုပ်ထားသည်။
သို့သော်လည်း တံတားပိတ်ထားမှုကြောင့် ဒေသခံများမှာ အန္တရာယ်ရှိသော ဒုဋ္ဌဝတီမြစ်ကို စက်လှေဖြင့် စွန့်စားကူးနေရကာ စက်လှေခအဖြစ် တစ်ဦးလျှင် ကျပ် ၅,၀၀၀ မှ ၂၀,၀၀၀ အထိ ပေးဆောင်နေရသဖြင့် ခရီးစရိတ်မှာ ပုံမှန်ထက် အဆမတန် မြင့်တက်နေသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့တွင်လည်း ဒုဋ္ဌဝတီမြစ်ကို ဖြတ်ကူးလာသည့် ကူးတို့လှေတစ်စီးသည် ကမ်းကပ်ရန် ကြိုးပမ်းစဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်အတွင်း လူတစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘဲ မြစ်အတွင်းသို့ ကျသွားသည့် ပစ္စည်းများကိုမူ ပြန်လည် ဆယ်ယူနိုင်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အလားတူ ယနေ့ (ဇူလိုင် ၁၉ ရက်) တွင်လည်း တာလုံလှေဆိပ်၌ ကူးတို့လှေတစ်စီး ကြိုးပြတ်ကာ ကားနှင့်အတူ မျောပါတိမ်းမှောက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သီပေါမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ဒီနေ့တောင် တာလုံလှေဆိပ်မှာ လှေထပ်မှောက်သေးတယ်။ ကြိုးပျက်သွားတော့ လှေနဲ့ကားနဲ့ ပါသွားတာ။ နှစ်ယောက်ပဲ ပြန်တက်လာသေးတယ် ပြောတယ်။ အခု မိုးရွာနေတော့ မြစ်ရေကလည်း တက်နေတော့ လူတွေက ပိုကြောက်သွားကြတယ်” ဟု အဆိုပါ ဒေသခံက ဆိုသည်။
တံတားပိတ်ထားမှုကြောင့် သီပေါမြို့အတွင်း စီးပွားရေးမှာလည်း ပျက်ကပ်နှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ဆိုသည်။
“မြို့ထဲမှာတော့ စီးပွားရေးက အလုပ်မဖြစ်တော့ဘူး။ တံတားပိတ်ထားတော့ ဟိုးဘက်ကမ်းကလူတွေ မြို့ထဲဈေးလာမဝယ်နိုင်တော့ဘူး။ ဈေးဝယ်ပါးကုန်ပြီ။ တခြားလမ်းဆိုတဲ့ တောင်ကြီး-နမ့်လန်လမ်းကလည်း ဝှက်ပြီး သွားနေရတာ” ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင်လည်း အခြားမြို့များသို့ လွှဲပြောင်းရမည့် ရွှေ့ပြောင်းလူနာများအတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြီးစွာ ကြုံတွေ့နေရကြောင်း သိရသည်။
သီပေါတံတားသည် သျှမ်းပြည်မြောက်ပိုင်း ကုန်သွယ်ရေးအတွက် အချက်အခြာကျသော လမ်းမကြီးပေါ်တွင် တည်ရှိပြီး ပိတ်ထားသည်မှာ ၈ လကျော် ကြာမြင့်နေပြီဖြစ်သည်။
ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဂတိလိုက်စားမှု အထောက်အထားများဖြင့် လူသိရှင်ကြား တင်ပြမည်ဟု ကြေညာလိုက်ခြင်းကြောင့် လာမည့်အပတ် လွှတ်တော်အစည်းအဝေးသည် ဒေသခံများအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်နေသည်။
သီပေါမြို့ခံ လူငယ်တစ်ဦးက “အခုလက်ရှိ သီပေါလွှတ်တော်ကိုယ်စားလှယ်က တင်ပြမယ်လို့လည်း မျှော်လင့်တယ်။ တင်ပြမယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ အဆင်ပြေသွားမယ်၊ ပြည်ထောင်စုလမ်းမကြီးလည်း ပွင့်သွားမယ်။ တင်ပြပါစေလို့လည်း တိုက်တွန်းပါတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများထံမှ တရားဝင် တုံ့ပြန်ချက်တစ်စုံတစ်ရာ မရရှိသေးပေ။












Leave a Comments