သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း သိုလှောင်ထားသည့် ယမ်းအိတ်များ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါ ပေါက်ကွဲမှုပြင်းအားကြောင့် အနီးအနားရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ်အချို့တွင် ပြတင်းပေါက်များ ပြုတ်ထွက်ခြင်း၊ အိမ်ခေါင်မိုးများ လန်ထွက်ခြင်းနှင့် ခြံစည်းရိုးများ အတန်းလိုက် ပြိုကျခြင်းများအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အရမ်းပြင်းတယ်၊ မြို့ထဲမှာတောင် မြေကြီးတုန်သွားတာ။ တချို့အိမ်တွေဆို ပြတင်းပေါက်တွေပါ ပြုတ်ထွက်ကုန်တယ်။ ခြံစည်းရိုးတွေဆိုလည်း အတန်းလိုက်ကြီး ပြိုကျသွားတာ။ အခုဖြစ်တာက ရွာထဲမှာ မဟုတ်ဘူး၊ ရွာနောက်ဘက်က တောထဲမှာလို့ ပြောတယ်။ အဲ့ဒီနားက ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားတယ်” ဟု သိန္နီဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာ၌ ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်များ တပ်စွဲထားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“အရပ်သားတော့ ထိခိုက်တာ မကြားမိဘူး။ သူတို့လူတွေ (MNDAA) ထိခိုက်ရင်လည်း အပြင်ကို သတင်းပေါက်ကြားတာ သိပ်မရှိတတ်ဘူး” ဟု အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။
လက်ရှိတွင် ပေါက်ကွဲမှုဖြစ်ပွားရာ မန်မိုင်ရွာအနီးတစ်ဝိုက်နှင့် လမ်းပိုင်းများကို MNDAA က ပိတ်ဆို့ထားပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
သိန္နီမြို့ကို “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်း စတင်ခဲ့ချိန် ၂၀၂၃ စက်တင်ဘာလကုန်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ချင်းရွှေဟော်မြို့နည်းတူ ပထမဆုံး ထိန်းချုပ်နိုင်ခဲ့သည့် မြို့ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များကို မူလ (၄) ရပ်ကွက်မှ (၆) ရပ်ကွက်အဖြစ် ပြောင်းလဲသတ်မှတ်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည်။
သျှမ်းပြည်မြောက်ပိုင်းတွင် ယခုကဲ့သို့ လက်နက်ကိုင်အဖွဲ့များ၏ ခဲယမ်းသိုလှောင်ရုံများ ပေါက်ကွဲမှုမှာ ယခုတစ်ကြိမ်တင်မကဘဲ ပြီးခဲ့သည့် မေလ (၃၁) ရက်နေ့ကလည်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ တအာင်းတပ်ဖွဲ့ (TNLA) ၏ စီးပွားရေးဌာနမှ သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူးသည်။
နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာပေါက်ကွဲမှုတွင် သေဆုံးသူ (၄၃) ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၁၁၂) ဦး ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ခဲ့သော်လည်း ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ စာရင်းအရ သေဆုံးသူ (၆၀) ကျော်နှင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူ (၆၀၀) ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။
ယခု သိန္နီမြို့နယ်အတွင်း ဖြစ်ပွားသည့် ပေါက်ကွဲမှုသည်လည်း လူနေကျေးရွာများနှင့် နီးကပ်သည့်နေရာတွင် ခဲယမ်းများ သိုလှောင်ထားခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆနေကြပြီး ယင်းကဲ့သို့ လက်နက်ခဲယမ်းများ သိုလှောင်မှုအပေါ် ဒေသခံပြည်သူများက ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအတွက် အထူးစိုးရိမ်နေကြသည်။













Leave a Comments