Tuesday, January 27, 2026

“ ကျားဖြန့်လုပ်ငန်း နည်းမျိုးစုံကြီးထွားနေဆဲ”

မြေကော်ကားတွေနဲ့ ထိုးညှိထားပြီး အတော်အတန် ကျယ်ဝန်းတဲ့ မြေနီနီတောင်ကုန်းတွေပေါ်မှာ အပြာရောင် သွပ်ပြားတွေနဲ့ ဆောက်လုပ်ထားတဲ့ တန်လျားက အစီအရီနေရာယူထားပါတယ်။ 

ဒီအဆောက်အဉီးကို ကြည့်လိုက်ရင်တော့ ဒေသအတွင်း ပုံမှန် သမားရိုးကျ စီးပွားရေး လုပ်ကိုင်နေတဲ့ ပြောင်းသီးနှံတွေ သိုလှောင်ထားရာ ဂိုဒေါင်ကြီးတွေလို့ ထင်မြင်စရာနေရာတစ်ခုပါ။

ဒါပေမယ့် အဲ့ဒီဂိုဒေါင်ကြီးထဲမှာက အွန်လိုင်းကနေ ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ မကြာသေးခင် လတွေအတွင်းက ဆောက်ထားတဲ့ “ကျားဖြန့်ရုံ”တွေ ဖြစ်တယ်လို့ တန့်ယန်းဒေသခံတွေက ပြောပါတယ်။

 အဲ့ဒီနေရာကတော့ တန့်ယန်းမြို့နယ်အတွင်း မန်ပန်ပြည်သူ့စစ်ပိုင် ရာဘာခြံနေရာပါပဲ 

“အရင်က ပြည်သူ့စစ်တွေရဲ့ ရော်ဘာခြံတွေကို အခု အကုန် မြေကော်ကား ကော်ပြီး လောင်းကစားရုံတွေ လုပ်နေကြပြီ။ တောထဲမှာပဲ တော်ရုံလူတောင် မဝင်နိုင်ဘူး၊ အလုပ်က ဒီဒေသက လူပဲခေါ်တာ တခြားဒေသဆို မယူဘူး။ လစာက ၁၅၀၀ ယွမ်က စတယ်”လို့ တန့်ယန်းမြို့နယ်မှာ နေထိုင်တဲ့ စိုင်းဝင်းက မျှော်လင့်ချက်ရှိဟန်နဲ့ ပြောပါတယ်။

ကျားဖြန့်လုပ်ကိုင်သူ တစ်လလျှင် လစာယွမ် ၁၅၀၀ ဟာ မြန်မာငွေ ဒေသ ကာလပေါက်စျေး ကျပ်ကိုးသိန်းကျော် ရှိပါတယ်။

မြန်မာ-တရုတ် နယ်စပ်မှာ ကြီးထွားလာနေတဲ့ အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူတွေကို တိုက်ဖျက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ “၁၀၂၇ စစ်ဆင်ရေး”ကိုသျှမ်းပြည်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်က ညီနောင်မဟာမိတ်တွေ စတင်ခဲ့ပါတယ်။

အဲ့ဒီအချိန်ကာလ အတောအတွင်းမှာပဲ မြန်မာ-တရုတ် နယ်စပ်က ကျားဖြန့်လုပ်ကိုင်သူတွေဟာ သျှမ်းပြည်အနှံ့ ပြည်သူ့စစ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေထဲ အခြေချဖို့ နည်းမျိုးစုံနဲ့ လှုပ်ရှားလာခဲ့ပါတယ်။

အရင်က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် နယ်မြေတွေမှာ လောင်းကစားဝိုင်းတွေကို ဆက်ကြေးပေးပြီး လုပ်ကိုင်ခဲ့ကြရာကနေ နိုင်ငံရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး ၂၀၂၄ နှစ်ဦးပိုင်းက စလို့ ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်လူမျိုးတွေက ပြည်သူ့စစ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို ငွေကြေးအများအပြား ပုံပေးကာ သယ်ယူပို့ဆောင်ခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျားဖြန့်တရုတ်တွေကို ခေါ်သွင်းတာ လက်နက်ကိုင်ခေါင်းဆောင်တွေပဲလေ၊ တစ်ယောက်ကို အနည်းဆုံး ယွမ် ၁ သောင်းကနေ ၅ သောင်းအထိရတယ်။ စစ်ကားနဲ့ပဲ ဖွက်ပြီး ရုံတွေကိုပေါ့ ခေါ်လာတယ်လေ။ နိုင်ငံရေးရှုပ်ရင် ရွှေ့ကြတယ်၊ တည်ငြိမ်ရင် ပြန်စတယ်။ တရုတ်တွေကိုအပြောင်းအရွှေ့ လုပ်ပေးတာ လက်နက်ကိုင်တွေပဲ”လို့ ဒေသအခြေအနေကို စိုင်းထွန်းက မဝံ့မရဲ ဖွင့်ဟပြောပါတယ်။

တန့်ယန်းမြို့နယ်ထဲက မန်ပန်ပြည်သူ့စစ် ထိန်းချုပ်နေရာဟောင်းတွေနဲ့ သံလွင်မြစ်ကမ်း တလျှောက်မှာ စစ်ရေးပဋိပက္ခထဲ အလုပ်အကိုင် ရှားပါးမှုကို အခွင့်ကောင်းယူကာ လူငယ်တွေကို မက်လုံးပေး ဖြားယောင်းပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း လုပ်ငန်းများ ပြန်လည်ပတ်နေတာ တစ်နှစ်နီးပါး ရှိကြောင်း ဆိုပါတယ်။

၎င်းကျားဖြန့်လုပ်ငန်းတွေက ‘ဝ’ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ရဲ့ တပ်မဟာ (၃၁၈) နဲ့ (၇၁၃) က တာဝန်ရှိသူတချို့ထံ အခွန်သဘော ဆက်ကြေးထည့်ဝင်ကာ လောင်းကစားဝိုင်းနဲ့ ကျားဖြန့်ရုံတွေကို လုံခြုံရေး ယူပေးခိုင်းထားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

စစ်ရေးနယ်မြေ မဟုတ်တဲ့ တန့်ယန်းမြို့နယ်ထဲကို စစ်ကောင်စီရဲ့ သဘောတူညီချက်နဲ့ ဇူလိုင်လ ပထမပတ်က စလို့ ‘ဝ’တပ်ဖွဲ့ UWSA က စစ်အင်အား ၂၀၀၀ ကျော် ဝင်ရောက်တပ်စွဲခဲ့ပါတယ်။

အဲ့ဒီနောက် (၄) လခန့်အကြာ နိုဝင်ဘာလအတွင်းမှာ တန့်ယန်းမြို့နယ် နမ့်ဟူးကျေးရွာနဲ့ ပိန်းကောင်းကျေးရွာဘက်မှာ ရှိတဲ့ ကျားဖြန့်ရုံတွေကနေအွန်လိုင်းငွေလိမ် လုပ်ကိုင်နေတဲ့ တရုတ်လူမျိုး (၈၀၀) နီးပါးနဲ့ တိုင်းရင်းသားလူငယ် (၃၀၀) ကျော် စုစုပေါင်း (၁၀၀၀) ကျော်ကို UWSA က ပထမဆုံးအကြိမ် ဖမ်းဆီးခဲ့ပါတယ်။

အလားတူ ဒီဇင်ဘာလ (၂) ရက်ကလည်း စစ်ကောင်စီ ရဲတပ်ဖွဲ့အပြင် “ဝ”တပ်ဖွဲ့ UWSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်သားများလည်း တန့်ယန်းမြို့နယ်အတွင်း ကျားဖြန့်နေရာတွေကို ထပ်မံဖမ်းဆီးခဲ့ရာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူ (၅၀) ဝန်းကျင်ကို ထပ်မံဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။   

“ပိန်းကောင်းမှာ ဖမ်းပြီး ၇၀၀ ကျော် ရတဲ့ဟာ တရုတ်ကို အပ်ပေးလိုက်တယ်ဆိုတာ အဲ့ကနေ ရွှေ့လာတာ။ ထပ်သွားရှာတော့ ထပ်ဖမ်းမိတာပေါ့။အရင်တခေါက် ဖမ်းတုန်းက တရုတ်ဝရမ်းပြေး ပြစ်ချက်ရှိတဲ့ လူတွေဆိုရင် ရှောင်ခိုင်းထားတာ ရှိတယ်။ တရုတ်ကို ‘ဝ’က သွားအပ်တဲ့အချိန် အဲ့လူတွေ မပါလို့ ထပ်ရှာဖမ်းတာမျိုးပေါ့”လို့ စိုင်းဝင်းက တန့်ယန်းမြို့နယ်အတွင်း ကျားဖြန့်ဖမ်းဆီးမှု အခြေအနေကို ရှင်းပြပါတယ်။

တန့်ယန်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ အွန်လိုင်းကျားဖြန့် လုပ်ကိုင်နေသူ (၁၀၀၀) ကျော်အထဲက တရုတ်နိုင်ငံသား (၇၆၂) ဦးကို ပန်ဝိုင်မြို့နယ်ရှိ‘ဝ’တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ မြန်မာ-တရုတ် နယ်စပ်ဂိတ်မှတဆင့် တရုတ်ရဲတပ်ဖွဲ့လက်ထဲ လွှဲပြောင်းပေးလိုက်တယ်လို့ နိုဝင်ဘာလ (၁၉) ရက်မှာUWSA က ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ပါတယ်။

UWSA ရဲ့ ဖမ်းဆီးမှုအတွင်း တရုတ်နိုင်ငံသား (၇၆၂) ဦးနဲ့အတူ Starlink စတားလင့် အင်တာနက် (၇၆) လုံး၊ မိုဘိုင်းလ်ဖုန်း (၁၅၀၀) ကျော်၊ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေကို တရုတ်ရဲတပ်ဖွဲ့ထံ တပါတည်း လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အခုလို လွှဲပြောင်းပေးခဲ့ရာမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ ပြည်သူ့လုံခြုံရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အရ UWSA တရားရေးကော်မရှင်၊ နိုင်ငံခြားရေးဌာနနဲ့ တန့်ယန်းမြို့နယ် ကိုယ်စားလှယ်တွေက ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားနဲ့ သက်သေပစ္စည်းတွေကိုတရုတ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့တယ်လို့ UWSA ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အလားတူပဲ တန့်ယန်းမြို့နယ်မှာ လုပ်ဆောင်ခဲ့တဲ့ ပူးတွဲစစ်ဆင်ရေးအတွင်းမှာ ဖမ်းဆီးရမိတဲ့ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား သံသယတရားခံ (၇၆၂) ဦးအထဲ တရုတ်နိုင်ငံရဲ့ အလိုရှိဆုံး ရာဇဝတ်သားစာရင်းမှာ ပါဝင်နေတဲ့ ဝရမ်းပြေး (၆၉) ယောက်လည်း ပါဝင်နေတယ်လို့ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက နိုဝင်ဘာလ (၂၂) ရက်မှာ ဖော်ပြပါတယ်။

‘ဝ’တပ်ဖွဲ့က အခုလို ဖမ်းဆီးရမိတဲ့ ကျားဖြန့်လုပ်ကိုင်သူ တရားခံတွေကို နယ်စပ်ဂိတ်တွေကနေ တရုတ်အစိုးရကို တိုက်ရိုက်လွှဲပြောင်းပေးတာနဲ့ပတ်သက်ပြီး ဒွိဟဖြစ်စရာ အကြောင်းအချက်တွေလည်း ရှိနေပါတယ်။

ပုံမှန်အားဖြင့် တရားခံလွှဲပြောင်းမှု ပြုလုပ်တာဟာ နှစ်နိုင်ငံအကြား သဘောတူစာချုပ်တွေ ဒါမှမဟုတ် ဒေသဆိုင်ရာ စာချုပ်တွေအရ နိုင်ငံအချင်းချင်း လွှဲပြောင်းပေးတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။

တရားခံလွှဲပြောင်းမှုကို ဆောင်ရွက်နိုင်ခွင့်ရှိတဲ့ အစိုးရဟာ အများအားဖြင့် ဗဟိုအစိုးရ ဒါမှမဟုတ် ပြည်ထောင်စု အစိုးရကပဲ လုပ်လေ့ရှိပြီး ဥပဒေသဘောတရားအရ ဒေသန္တရ အစိုးရသည်ပင်လျှင် တရားခံ လွှဲပြောင်းမှုကို လုပ်ခွင့်မရှိကြောင်း CDM တရားသူကြီးတစ်ဦးက ဥပဒေကြောင်းအရသုံးသပ်ပြောကြားပါတယ်။

“တရားခံ လွှဲပြောင်းမှုကို လုပ်တဲ့အခါမှာ နိုင်ငံခြားရေး ဝန်ကြီးဌာန ကနေပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာန ဆီကိုတောင်း၊ ပြည်ထဲရေးကနေမှရှေ့နေချုပ်ရဲ့ အကြံဉာဏ်ကို ယူပြီးတော့ နောက်ဆုံး သမ္မတ ကနေ အတည်ပြု အဲ့လိုသွားတာ။ အဲ့တော့ အောက်အဆင့်ဆင့်ပေါ့လေ ပြည်နယ်တို့တိုင်းတို့၊ ပြီးသွားရင် ဒေသန္တရ အစိုးရတို့ စတဲ့ အစိုးရသည်ပင်လျှင် တရားခံ လွှဲပြောင်းမှုကို လုပ်ခွင့်မရှိဘူး”လို့ CDM တရားသူကြီးက သုံးသပ်ပြောဆိုပါတယ်။

ပြည်သူရွေးချယ်တင်မြောက်ထားတဲ့ အစိုးရကို အာဏာသိမ်းထားတဲ့ စစ်ကောင်စီလည်း တရားဝင် အစိုးရ မဟုတ်ခြင်းကြောင့် အိမ်နီးချင်းနိုင်ငံကိုတရားခံလွှဲပြောင်းခြင်း ဆောင်ရွက်ရာမှာ အငြင်းပွားဖွယ် ဖြစ်နေတယ်လို့ ၎င်းက ဆိုပါတယ်။

သို့သော် မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ အခြေအနေအလျောက် ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ ‘ဝ’တပ်ဖွဲ့ UWSA တို့လို ဒေသအာဏာပိုင်များမှတဆင့်အိမ်နီးချင်း တရုတ်နိုင်ငံသို့ တရားခံလွှဲပြောင်းသည့် ပုံစံမျိုး ဖြစ်လာကြောင်း ၎င်းတရားသူကြီးက ဆက်ပြောပါတယ်။

“တကယ်တော့ ဒါက နိုင်ငံရေးအရ ဆောင်ရွက်ချက်လို့ မြင်တယ်၊ ဥပဒေအရ ဆောင်ရွက်ချက် မဟုတ်ဘူး။ KNU ကလည်း ဒီလိုမျိုး လွှဲပိုင်ခွင့် ရှိသလို တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း နယ်စပ်မျဉ်းတွေမှာ ရှိတဲ့ တခြားသော အစိုးရတွေနဲ့ ညှိနှိုင်းပြီးတရားခံလွှဲပြောင်းတာတွေကို နိုင်ငံရေးဆောင်ရွက်ချက်အရ လုပ်တာ ဖြစ်ပါလိမ့်မယ်”လို့ တရားခံလွှဲပြောင်းမှုနဲ့ ပတ်သက်ပြီး CDM တရားသူကြီးက မှတ်ချက်ပြုပါတယ်။

မူဆယ်ကျားဖြန့်

‘ဝ’တပ်ဖွဲ့အနေနဲ့ သူ့ရဲ့ထိန်းချုပ်နယ်မြေထဲမှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလက စတင်ပြီး အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၁၂၀၀) ကျော်ကို နယ်စပ်ဂိတ်ကနေ တရုတ်ရဲတပ်ဖွဲ့ထံ ပထမဆုံးအကြိမ် လွှဲပြောင်းပေးခဲ့ပါတယ်။

အဲ့ဒီနောက် ၂၀၂၄ ခုနှစ်ထဲမှာ ‘ဝ’ဒေသအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၄၀၀) ကျော်ကို UWSA က ထပ်မံဖမ်းဆီးပြီးတရုတ်ရဲတပ်ဖွဲ့ထံ (၃) ကြိမ်ထက်မနည်း လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ‘ဝ’တပ်ဖွဲ့ ထုတ်ပြန်ချက်တွေအရ သိရတယ်။

အခြားတစ်ဘက်မှာ တရုတ်နိုင်ငံက အလိုရှိနေတဲ့ ‘ဝ’တပ်ဖွဲ့ UWSA ရဲ့ ဆောက်လုပ်ရေးဌာနမှူးဟောင်း ပေါက်အိုက်ပန်း (Chen Yanban)နဲ့ မိုင်းလင်းခရိုင်မှူး အိုက်ဟော့ (Sheng Yankui) တို့ကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ သူတို့နှစ်ဦးမှာ လွတ်မြောက်နေပါသေးတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနဲ့ ဇူလိုင်လတွေ အတွင်းမှာ တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကားတွေနဲ့ တရုတ်အလိုရှိနေတဲ့ ‘ဝ’အရာရှိဟောင်း နှစ်ဦးကို မိုင်းရှူးမြို့နယ်နဲ့ တန့်ယန်းမြို့နယ်ထဲအထိ လာရောက်ရှာဖွေခဲ့တယ်လို့ ဒေသခံတွေဆီက ကြားသိရပါတယ်။

ကျားဖြန့် ဖမ်းဆီးပြီး တရုတ်လက်ထဲအပ်နေပုံ

‘ဝ’တပ်ဖွဲ့ UWSA အရာရှိဟောင်း ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၂ ဦးကို တရုတ်နိုင်ငံက ၂၀၂၃ အောက်တိုဘာလ ၁၂ ရက်ကတည်းက ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဖမ်းမိပါက တရုတ်ယွမ် တစ်သိန်းမှ ငါးသိန်းအထိ ဆုကြေးပေးမည်ဟု ကြေညာထားသော်လည်း လက်ရှိအချိန်ထိ ဖမ်းဆီးရမိကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

တရုတ်နိုင်ငံရဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ‘ဝ’တပ်ဖွဲ့ အရာရှိ ၂ ဦးကို ၂၀၂၃ အောက်တိုဘာလ ၁၆ ရက်မှာ UWSAက ရာထူးကနေ ချက်ချင်းထုတ်ပယ်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ၂၀၂၃ အောက်တိုဘာလ ၁၈ ရက်မှာ ဖမ်းဝရမ်း ထပ်မံထုတ်ထားခဲ့ပါတယ်။

ဒါပေမယ့် စစ်ကောင်စီဟာ တရုတ်နိုင်ငံက ဖမ်းဝရမ်း ထုတ်ထားတဲ့ ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင်ဟောင်းနဲ့ လုပ်ငန်းရှင် အပါအဝင် အွန်လိုင်းကျားဖြန့် အဓိကလုပ်ကိုင်သူ တရားခံ (၁၀) ဦးကို နေပြည်တော်လေဆိပ်မှတဆင့် တရုတ်ထံ ဇန်နဝါရီလ (၃၀) ရက်နေ့က လွှဲပြောင်းပေးခဲ့ပါတယ်။

စစ်ကောင်စီက တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သူများထဲတွင် ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်နှင့် သားဖြစ်သူ ပယ်ရင်ချန်၊ ကိုးကန့်ဒေသ (၁၀၀၆) နယ်ခြားစောင့်တပ်ရင်းဥက္ကဋ္ဌ ဝေဆန်း၊ ဖူလီလိုက်ကုမ္ပဏီမှ လျိုအာပေါင်နှင့် ရှုလောက်ဖာ အပါအဝင် အခြားသောအဓိကတရားခံ(၁၀)ဦးတို့ ပါဝင်ပါတယ်။

စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ တရုတ်အာဏာပိုင်အကြား ပထမဆုံး ဥပဒေစိုးမိုးရေး ပူးတွဲစစ်ဆင်ရေးကို မူဆယ်မြို့မှာ မတ်လက ဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီဘက်က ကျားဖြန့်လုပ်ကိုင်သူ သံသယတရားခံ (၅) သောင်းကျော်ကို တရုတ်ဘက် လွှဲပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

“၁၀၂၇ စစ်ဆင်ရေး”ရဲ့ ရိုက်ခတ်မှုနဲ့အတူ ကိုးကန့်တပ်ဖွဲ့ MNDAA ကလည်း ကျားဖြန့် သံသယရှိသူ (၄) သောင်းကျော်ကို တရုတ်နိုင်ငံဘက် ပြန်လွှဲခဲ့ပြီး ‘ဝ’တပ်ဖွဲ့ UWSA၊ မိုင်းလားတပ်ဖွဲ့ NDAA နဲ့ SSPP/SSA တို့ကလည်း တရုတ်ဘက်ကို လွှဲပြောင်းပေးခဲ့သူ (၁၃၀၀၀) ကျော် ရှိတယ်လို့ ISP-Myanmar က မတ်လအတွင်းမှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံရဲ့ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်မှ စတင်ပြီး ကျားဖြန့်နှိမ်နှင်းရေး စီမံကိန်းကို ချမှတ်ခဲ့ပြီး မြန်မာနိုင်ငံ အခြေစိုက်ဆိုက်ဘာရာဇဝတ်ဂိုဏ်းများကို ဖြိုခွင်းရေးအတွက် ထိုင်း၊ လာအိုနိုင်ငံတွေနဲ့ ပူးတွဲလုပ်ဆောင်သွားမယ်လို့ ၂၀၂၃ ခုနှစ်အတွင်း ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် သျှမ်းပြည်မြောက်ပိုင်းရှိ တရုတ်နယ်စပ်ဒေသမှ ထိုင်းနိုင်ငံ နယ်စပ်အထိ ပျံ့နှံ့နေသည့် ကျားဖြန့်လုပ်ငန်းများမှာ မြန်မာနိုင်ငံတွင် အမြစ်ပြတ်မယ့်ပုံ မမြင်ရသေးကြောင်း ISP-Myanmar က ပြောပါတယ်။

“ကျားဖြန့်က မြို့ရွာနဲ့ ခပ်ဝေးဝေးမှာ ရုံဆောက်ပြီး လုပ်ကြတာဆိုတော့၊ အကုန်ပျောက်ဖို့တော့ မလွယ်ဘူး ပြန့်နေပြီ။ ဖမ်းပြီးတော့ တရုတ်ဆီကမျက်နှာသာ လိုချင်လို့လားပေါ့၊ ဖမ်းပြတာမျိုး ပူးပေါင်းပါတယ် ဆိုတာမျိုး လုပ်ပြတာပေါ့၊ စစ်သားတွေက ဒီမှာ ငွေလာရှာပြီး လာဘ်စားနေကြတာပဲ”လို့ ကျားဖြန့်လုပ်ငန်း ဆက်လက်ရှင်သန်နေသည့် အကြောင်းရင်းကို စိုင်းထွန်းက ပြတ်ပြတ်သားသား ဆိုပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများ ဘာကြောင့် ကန့်သတ်ခံနေရလဲ

0
ယခုလ ဒီဇင်ဘာအစောပိုင်းမှ စတင်ပြီး ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သည့် သျှမ်းပြည်သားများကို စစ်ကော်မရှင်ဘက်မှ ခရီးသွားလာခွင့်၊ ဟိုတယ်၊ တည်းခိုခန်းတို့တွင် တည်းခိုခွင့် ကန့်သတ်ချက်များ ဖြစ်ပေါ်နေသည်။ သို့သော်လည်း ၁၃ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူများအား မည်သည့်ကိစ္စကြောင့် ကန့်သတ်ကြောင်းကို သေသေချာချာ ဂဃနဏ မသိရှိရဘဲ ထင်မြင်ချက်...

ကျားဖြန့်ကိစ္စကြောင့် မြန်မာပုဂ္ဂလိကဘဏ် အကောင့်လုံခြုံရေးအတွက် ပြည်သူများ စိုးရိမ်နေကြ

0
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ် အသုံးပြုသူများ၏ အကောင့်လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ယခု ၂၀၂၅ နှစ်လယ်ပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံအတွင်းမှ ပြည်ပသို့ ငွေလဲလှယ်ခြင်း၊ ငွေလွှဲ လုပ်ငန်း လုပ်ကိုင်နေသူများသည် ကျားဖြန့် အွန်လိုင်း ငွေလိမ်လည်မှုကိစ္စများကြောင့် အလုပ်လုပ်ကိုင်နေသည့်...

တရုတ်- အမေရိကန် ကျားဖြန့်အားပြိုင်မှုကြား ရုန်းထွက်ရန် ကြိုးစားနေသည့် စစ်အုပ်စုနှင့် EAOs များ

0
ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် မြန်မာနယ်စပ်မှ ကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ဆောင်လာနေပြီး အဆိုပါနိုင်ငံကြီးနှစ်ခု အားပြိုင်မှုတွင် ကြားမညှပ်ရေး စစ်အုပ်စုနှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့က ရုန်းထွက်ရန် ကြိုးစားနေကြကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။ တရုတ် - မြန်မာ နယ်စပ်တစ်လျှောက် အပါအဝင် ထိုင်း...

၁၃ မျဉ်းစောင်းမှတ်ပုံတင် ကိုင်ဆောင်သူများ ဘားအံတွင် ဖမ်းဆီးစစ်ဆေးခံရ

0
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်များတွင် သျှမ်းပြည်မှတ်ပုံတင် ၁၃ မျဉ်းစောင်း ကိုင်ဆောင်ထားသူများကို ဖမ်းဆီးစစ်ဆေးမှုများ တင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ မြဝတီမြို့တွင် အွန်လိုင်းကျားဖြန့် လုပ်ငန်းလုပ်ကိုင်သည့် နေရာများကို စစ်ကောင်မရှင်တပ်နှင့် နယ်ခြားစောင့်တပ် BGF များ ဝင်ရောက်စီးနင်းပြီးနောက် နိုဝင်ဘာလ တတိယပတ်မှ စတင်ပြီး စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင်...

တနှစ်ကျော် ဖမ်းဆီးခံထားရသည့် မူဆယ် ကျားဖြန့်သမား (၆၀၀) ကျော် ပြန်လွှတ်လာ

0
သျှမ်းပြည် မူဆယ်မြို့တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံရဲတပ်ဖွဲ့တို့ တစ်နှစ်ကျော်ကာလအတွင်း ဖမ်းဆီးထားသည့် ကျားဖြန်လုပ်ကိုင်သူ (၆၀၀)ကျော်ကို ယနေ့ (အောက်တိုဘာ ၁၆)ရက်တွင် ပြန်လွှတ်ပေးကြောင်းသတင်းရရှိသည်။ ထိုပြန်လွှတ်လာသည့် ကျားဖြန်သမားများသည် ပြီးခဲ့သည့် ၂၀၂၄ နှစ်အစပိုင်း နှင့် နှစ် လယ်ပိုင်းတွင် စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့တို့က ဖမ်းဆီးထားသူများဖြစ်သည်။ “အခုပြန်လွှတ်လာတဲ့သူတွေက မြန်မာနိုင်ငံသားတွေပါပဲ။ တခါလွှတ်ရင်...