ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။
ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက ထိန်းချုပ်ထားနိုင်သည်ဟု ပုံဖော်လိုသည့် နိုင်ငံတော်အဆင့် ဝါဒဖြန့်ချိမှု သက်သက်လားဆိုသည့် မေးခွန်းများကို ထွက်ပေါ်လာစေသည်။
နယ်စပ်ခြံစည်းရိုးများမှ မြို့တွင်း သရဲဟိုတယ်များသို့
အာဏာသိမ်း စစ်အစိုးရ၏ ပြောဆိုချက်များအရ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို နှစ်ပေါင်းများစွာ တွန်းလှန်နေရသယောင် ပုံဖော်ထားသည်။
၂၀၂၃ ခုနှစ်နောက်ပိုင်း အရေးကြီးသော စစ်ဆင်ရေးကြီးများ၏ နောက်ဆက်တွဲ “၁၀၂၇ စစ်ဆင်ရေး” ပြီးသွားသည့်နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးမှ အောင်ပွဲဟု ကြွေးကြော်ခဲ့ပြီး နယ်စပ်ဒေသများတွင်ရှိသော နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ကျားဖြန့်ဝင်းများကို ဖျက်ဆီးရှင်းလင်းနိုင်ခဲ့ပြီ ဟူ၍ ကြေညာခဲ့သည်။
သို့သော် ၂၀၂၆ ခုနှစ် ဩဂုတ်လ၏ လောလောလတ်လတ် အစီရင်ခံစာများမှာ လုံးဝခြားနားသော အမှန်တရားကို ဖော်ပြနေသည်။
ကျားဖြန့်ကပ်ဘေးသည် အမြစ်ပြတ်သွားခြင်းမဟုတ်ဘဲ ပုံစံပြောင်း (မျိုးရိုးဗီဇပြောင်း) လာခြင်းဖြစ်သည်။
အကာအကွယ်မရှိတော့သည့် နယ်စပ်က ခြံဝင်းများကို စွန့်ပစ်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ မြို့ပြဗဟိုချက် နေရာများသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်လာနေခဲ့ပြီဖြစ်သည်။

ထိုကပ်ဘေးသည် နယ်စပ်ဒေသက ပြဿနာတစ်ခုပင်မဟုတ်တော့ပေ။
နိုင်ငံတခု၏ စီးပွားရေး၊ လုံခြုံရေး ယန္တရားတစ်ခုလုံးထဲသို့ တဖြည်းဖြည်းစိမ့်ဝင်လာနေသော ဗဟိုချုပ်ကိုင်မှု ကင်းမဲ့နေသည့် မြေအောက်နိုင်ငံတော်တခု သို့မဟုတ် အရိပ်အယောင် နိုင်ငံတော်တခုအဖြစ် ပြောင်းလဲလာနေခြင်းဖြစ်သည်။
သျှမ်းပြည်နှင့် ကရင်ပြည်တို့၏ မြေလွတ်မြေရိုင်းများတွင် နေထိုင်ကျင်လည်ခဲ့သော ကျားဖြန့်တို့၏ နေရပ်စွန့်ခွာရွှေ့ပြောင်းခံရခြင်းဆိုသည်မှာ တောတောင်စခန်းများမှတဆင့် ရန်ကုန်၏ သပ်ရပ်လှပသော လမ်းမများပေါ်သို့ ပြောင်းလာခြင်းပင်ဖြစ်သည်။
၎င်းသည် လိပ်စာပြောင်းရုံသက်သက်ပင်မဟုတ် နည်းဗျူဟာကျကျ အသွင်ပြောင်းလဲလာခြင်းပင်ဖြစ်သည်။
နယ်စပ်ဒေသများတွင် လူကုန်ကူးခံရသူ ထောင်ပေါင်းများစွာကို ပိတ်လှောင်ထားသည့် ကြီးမားသော အုတ်တံတိုင်းကာ ခြံဝန်းများ၏ မူလပုံစံတို့သည် လေကြောင်းတိုက်ခိုက်မှုနှင့်် မြေပြင် စစ်ဆင်ရေးများအတွက် ထင်ရှားသော ပစ်မှတ်တစ်ခုဖြစ်ခဲ့သည်။
သို့သော် ယနေ့တွင် ကျားဖြန့်တို့သည် ပုန်းအောင်းရလွယ်ကူသော “ရုပ်ဖျက်စနစ်” (Camouflage) ကို သုံးလာကြပြီဖြစ်သည်။
ဒေသတွင်း အာဏာရှိသူတို့၏ ကူညီစောင့်ရှောက်မှုတို့ဖြင့် တရုတ်ကျားဖြန့်ဂိုဏ်းတို့သည် ရန်ကုန်၏ လှိုင်သာယာ၊ ဗဟန်း နှင့် တာမွေ အစရှိသော မြို့နယ်များတွင် အဆင့်မြင့်ဟိုတယ်များကို ဝယ်ယူကြကာ “Ghost Compounds” “ တစ္ဆေ ခြံဝင်းများ” ဟု တင်စားကြသော အသွင်ပြောင်း မြို့ပြကျားဖြန့်စခန်းများ အဖြစ် အသွင်ပြောင်းလာ ကြပြီ ဖြစ်သည်။
တရားဝင် ဧည့်ဝန်ဆောင်မှုလုပ်ငန်းများ IT သင်တန်းကျောင်းများအဖြစ် ရှေ့တွင် အမည်ခံထားကြသော်လည်း အဆောက်အဦး၏ အပေါ်ထပ်တို့သည် လိမ်လည်မှုလုပ်ငန်းများ စိတ်ချလက်ချ လည်ပတ်လုပ်ကိုင်နိုင်သည့် ပြတင်းပေါက်ပင်မရှိသော လုပ်ငန်းများဖြစ်လာနေကြသည်။
နစ်နာသူတို့သည် တောအုပ်များထဲတွင် ဆူးကြိုးများဖြင့် ပိတ်လှောင်မခံရတော့သော်လည်း အဆင့်မြင့် တိုက်ခန်းများ အတွင်း နည်းပညာ၊ စက်ပစ္စည်းများဖြင့် စောင့်ကြည့်ပိတ်လောင်ခံထားရသည်။
ထိုလုပ်ငန်းများမှ ရရှိလာသော ငွေကြေးတို့သည် အိမ်ခြံမြေနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်း လိုင်စင်များ ဝယ်ယူခြင်းဖြင့် တရားမဝင် မှ တရားဝင်အဖြစ်သို့၊ ငွေမည်းမှ ငွေဖြူအဖြစ်သို့ ငွေကြေးခဝါချ ပြောင်းလဲ နိုင်နေကြပြီ ဖြစ်သည်။
စစ်တပ်၏ ဟန်ပြလှည့်ကွက်နှင့် စနစ်တကျ ပါဝင်ပတ်သက်နေမှု
ကျားဖြန့်တို့၏ အသွင်ပြောင်းလာမှုသည် မြန်မာ့ လက်နက်ကိုင် ဂေဟ စနစ်တခုလုံး၏ တက်တက်ကြွကြွ တိုက်ရိုက်ပါဝင်မှုမရှိဘဲ လုံးဝဖြစ်နိုင်မည် မဟုတ်ပေ။
ဒုစရိုက်လုပ်ငန်းတို့သည် နိုင်ငံတော်၏ ထိန်းချုပ်မှု သို့မဟုတ် ဒေသတွင်း အဖွဲ့အစည်းများ၏ ထိန်းချုပ်မှု ပြင်ပတွင် သီးခြားလွတ်လပ်စွာ လုပ်ရှားနေကြသည်ဆိုသည့် အယူအဆသည် အန္တရာယ်အလွန်များသော အမှားတခုဖြစ်သည်။
လက်တွေ့ပကတိအခြေအနေတွင် ကျားဖြန့်စီးပွားရေးသည် ပြိုလဲနေသော စစ်ရေးပြိုင်ဆိုင်မှုတို့အတွက် အသက်သွေးကြောပမာဖြစ်လာပြီး စစ်အစိုးရ၊ တိုင်းရင်းသားလက််နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူ့စစ်အဖွဲ့များကို အပြန်အလှန် အကျိုးအမြတ်နှင့် ပူးပေါင်း ကြံရာပါများအဖြစ် ကွန်ယက်တစ်ခုတည်းတွင် ချည်နှောင်ထားလိုက်ပြီဖြစ်သည်။
ဗမာစစ်တပ် နှင့် ၎င်း၏ လက်အောက်ခံပြည်သူ့စစ်အဖွဲ့တို့သည် လက်ရှိအကျပ်အတည်းတွင် ဘေးမှရပ်ကြည့် နေသူများ မဟုတ်ပေ၊ ကိုယ်တိုင်ဖန်တီးပြီး အကျိုးအမြတ်ရယူနေသူများသာဖြစ်သည်။
ဒုစရိုက်များကို တိုက်ဖျက်နေသည်ဆိုသည့် တခုတည်းသော ကာကွယ်ပေးသူများအဖြစ် ပုံဖော်နေသော်လည်း ၎င်းတို့ ဟန်ပြနေမှုသည် စက်ဆုပ်ဖွယ် လှည့်ကွက်သာဖြစ်သည်။
စစ်တပ်၏ အုပ်ချုပ်မှုအဆင့်ဆင့်တို့သည့် ၎င်းတို့ တိုက်ဖျက် နေပါသည်ဆိုသော ကွန်ယက်များနှင့် နက်နက်နဲနဲ ငြိတွယ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
နယ်စပ်ဒေသတို့တွင် စစ်တပ်သည် ကျားဖြန့်တို့ ဖြစ်ထွန်းအောင်မြင်လာရေးအတွက် “အကာအကွယ်” များကို သမိုင်းအစဉ်အဆက်ပေးလာခဲ့ပြီး၊ အပေးအယူအဖြစ် ကြီးမာသောအကျိုးအမြတ်တို့ကို ဝေစုအဖြစ် သိသာထင်ရှားစွာ လဲလှယ်ရယူခဲ့ကြသည်။
စစ်အစိုးရက နိုင်ငံတကာ ဖိအားများကို သက်သာနေစေရန် နေရာအချို့အား ဝင်ရောက်စီးနင်းပြသခဲ့သော်လည်း စစ်တပ်ထိပ်ပိုင်းများမှာ ပိုမိုကျယ်ပြန့်သော ကွန်ယက်များမှ တဆင့် အကျိုးအမြတ်များဖြစ်ထွန်းနေဆဲပင်ဖြစ်သည်။
ရှစ်လတာ ကာလအတွင်း စတားလင့်ခ် (Starlink) အင်တာနက်စက် အလုံး ၁၄၀ ကျော် ဖမ်းဆီးရမိခြင်းက ကျားဖြန့်တို့၏ ကြံ့ကြံ့ခံနိုင်စွမ်းကို သက်သေပြနေသည်သာမက စစ်တပ်က ၎င်းတို့အတွက် အခွန်မပေးဆောင်သည့် သို့မဟုတ် စစ်အစိုးရ၏ သံတမန်ရေးဆိုင်ရာ ရပ်တည်ချက်များကို ခြိမ်းခြောက်သည့် လုပ်ငန်းများကိုသာ သီးသန့် ပစ်မှတ်ထား ရွေးချယ်အရေးယူမှုကိုလည်း ပေါ်လွင်စေသည်။
ပြည်သူ့စစ်များနှင့် ဆက်နွယ်မှု – လုံခြုံရေး၊ နေရေးထိုင်ရေးနှင့် အကျိုးအမြတ်ခွဲဝေမှု
ယခုကဲ့သို့ ကြံရာပါအဖြစ် ပူးပေါင်းပါဝင်မှုသည် စစ်အစိုးရ၏ ပုံမှန်တပ်ဖွဲ့များတွင်သာမက အခြား အဓိကလက်နက်ကိုင် အစုအဖွဲ့များအထိပါ ကျယ်ကျယ်ပြန့်ပြန့်ကူးစက် ပျံ့နှံ့လျက်ရှိသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် အမျိုးမျိုးသော တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ (EROs) တို့သည့် ရှုပ်ထွေးပြီး မကြာခဏ ဆန့်ကျင်ဘက်အနေအထားသို့ ရောက်နေသည်။
တော်လှန်ရေးအဖွဲ့အစည်းအချို့သည် ကျားဖြန့်လုပ်ငန်းများကို ပြည်သူ့ရှေ့တွင် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သော်လည်း မြေပြင်စီးပွားရေးအခြေအနေများက တိုက်ရိုက်မပါဝင်သည့်တိုင် အရှိတရားအတိုင်း လက်ခံဆောင်ရွက်ရန် ဖိအားပေးခဲ့သည်။
အငြင်းပွားဖွယ် နယ်စပ်ဒေသများတွင် EAO များသည် ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန် လိုအပ်သော လုံခြုံရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး နေရာများကို ပံ့ပိုးပေးထားသည်။
ထိုအဖွဲ့များ၏ နှုတ်ပိတ်သဘောတူညီမှု သို့မဟုတ် တိုက်ရိုက်အကာအကွယ်မပါဘဲ ကြီးမားပျံ့နှံ့နေသော လူကုန်ကူးမှုနှင့် အတင်းအကြပ်ပိတ်လှောင် ချုပ်နှောင်ထားမှုများသည် မဖြစ်နိုင်ပေ။
ကျားဖြန့်မှ ရသော ဝင်ငွေတို့သည့် ဖြစ်ပွားနေသည့် မြန်မာ့ပြည်တွင်းစစ်အတွက် အရေးပါသော ထောက်ပံ့ငွေတခုဖြစ်လာခဲ့သည်။
ထိုအခြေအနေသည် ပြဿနာဆိုးများကို ပိုမိုကြီးထွားအောင် တွန်းအားပေးသည့်အခြေအနေ (စက်ဆုပ်ဖွယ်ရာ မက်လုံး) တစ်ခုအဖြစ် ဖြစ်လာပြီး ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေခြင်းက ကျားဖြန့် ရာဇဝတ်လုပ်ငန်းများ ဆက်လက် အသက်ရှင်နိုင်စေရန် သေချာစေသည်။
အထူးစိုးရိမ်ရသည့် အကြောင်းတခုမှ စစ်အစိုးရထံ သစ္စာခံထားသော သို့မဟုတ် မဟာမိတ်ဖြစ်နေသော ပြည့်သူ့စစ်များ၏ အခန်းကဏ္ဍဖြစ်သည်။
ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော် (DKBA)၊ နယ်ခြားစောင့်တပ် (BGF) နှင့် အငြင်းပွားဖွယ် စောချစ်သူ ဦးဆောင်သော ကရင်အမျိုးသားတပ်မတော် (KNA) ကဲ့သို့သော အဖွဲ့များသည် လက်ရှိ မြို့ပြစနစ်များသို့ ကျားဖြန့်များစိမ့်ဝင်လာမှုတွင် အဓိက ကူညီဆောင်ရွက်ပေးသူများအဖြစ် ဖော်ထုတ်ခြင်းခံထားရသည်။
အစိုးရနှင့် တော်လှန်ရေး နယ်မြေများအကြား ကြားခံဇုန်များတွင် လှုပ်ရှားကြသည့် ပြည်သူ့စစ်များသည် ဒေသတွင်း ဩဇာအာဏာများကို အသုံးချကာ ကျားဖြန့်ဂိုဏ်းများအတွက် လုံခြုံရေး၊ နေရေးထိုင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အထိ အကာအကွယ်များပေးထားခဲ့ကြသည်။
အချို့ဖြစ်စဉ်များတွင် ရိုးရိုးသာမန် ဆက်ကြေးကောက် အကာအကွယ်ပြုပေးခြင်းထက်ကျော်လွန်ကာ တိုက်ရိုက်အကျိုးအမြတ် ခွဲဝေသည့် မိတ်ဖက်များပါဖြစ်လာခဲ့သည်။
ဥပမာအားဖြင့် DKBA နှင့် BGF တို့သည် ကျားဖြန့်လုပ်ငန်းများမှ အလုပ်သမားများရွှေ့ပြောင်းပေးခြင်း၊ ငွေမဲများကို ခဝါချဖြုန်းပေးခြင်းတို့တွင် အဓိကပါဝင်ခဲ့ကြသည်။
ထို့အပြင် စစ်ဆေးရေးဂိတ်များနှင့် အုပ်ချုပ်ရေးဇုန်များအပေါ် ထိန်းချုပ်ထားနိုင်မှုတို့အပေါ် အသုံးချပြီး ကျားဖြန့်များ စိစစ်ခံရမှုမရှိစေရန် အကာအကွယ်ပေးခဲ့ကြသည်။
နိုင်ငံတော်၏ လုံခြုံရေး ယန္တရားတွင် အမည်ခံအားဖြင့် ပါဝင်နေသော အဆိုပါအဖွဲ့များ၏ ပါဝင်ပတ်သက်မှုသည် ယနေ့ မြန်မာ့ပဋိပက္ခကို လာဘ်ပေး လာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုတို့ဖြင့် သေသေချာချာ သက်သေပြလျက်ရှိသည်။
မြို့ပြအတွင်းစိမ့်ဝင်မှု – တရားဥပဒေမဲ့နယ်စပ်များမှ ရန်ကုန်၏အထက်တန်းလွှာ ရပ်ကွက်များသို့
နိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်သို့ ကျားဖြန့်လုပ်ငန်းများ ပြောင်းရွှေ့လာနိုင်ခြင်းသည် အန္တရာယ်များသော အခြေအနေတစ်ခုကို ဖော်ပြနေသည်။
ဒုစရိုက်ဂိုဏ်းများသည် တရားဥပဒေမရှိသော နယ်စပ်ဒေသများအား အားရကျေနပ်မှုမရှိတော့ဘဲ နိုင်ငံ၏ အချမ်းသာဆုံးသော ရပ်ကွက်များ၏ ဗဟိုချက်သို့ စိမ့်ဝင်လာသည်။
အဆင့်မြင့် ဇိမ်ခံကွန်ဒိုများဝယ်ယူခြင်း၊ မျက်နှာစာပြရန် အမည်ခံကုမ္ပဏီများ ထူထောင်ခြင်း၊ ဒေသတွင်း ရပ်ကွက်ခေါင်းဆောင်များမှအစ ရဲ၊ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများအထိ လာဘ်ထိုးကာ မျက်စိမှိတ်ပေးထားကြရန် ပြုလုပ်ကြသည်။
တရုတ်နိုင်ငံသားများက ဒေသတွင်း စီးပွားရေးလုပ်ငန်းလိုင်စင်များအတွက် ဒေါ်လာသိန်းချီအထိ ပေးဆောင်ကြသည်ဆိုသည့် အစီရင်ခံစာများနှင့် ရန်ကုန်ဟိုတယ်များ၏ အပေါ်ထပ်များတွင် တရားမဝင်သော ကာစီနိုလောင်းကစားဝိုင်းများရှိနေကြခြင်းက သီးခြားဖြစ်စဉ်များ မဟုတ်ကြပေ။

၎င်းတို့သည် တရားဝင် စီးပွားရေးနှင့် ဒုစရိုက်မှုများအကြား ခြားနားထားသည့် စည်းကြောင်း လုံးဝပျောက်ကွယ်သွားသည့် စနစ်တစ်ခု၏ လက္ခဏာများသာဖြစ်သည်။
ရန်ကုန်အခြေစိုက် စီးပွားရေးအစုအဖွဲ့တခု၏ ပြောကြားချက်အရ တရုတ်နိုင်ငံသားအချို့သည် ယခင်က ကရင်ပြည်မှတ်ပုံတင်အမှတ် (၃/) နှင့် သျှမ်းပြည်မှတ်ပုံတင်အမှတ် (၁၃/) များဖြင့် ကိုင်ဆောင်ကြသော်လည်း ယခုအခါ ငွေကြေးပမာဏများစွာ ပေး၍ ရန်ကုန်တိုင်းအခြေစိုက် (၁၂/) မှတ်ပုံတင်များနှင့် သန်းခေါင်စာရင်းများကို လဲလှယ်ရယူနေကြသည်။
မြန်မာစကားပင် မပြောတတ်ကြသည့် ၎င်းလူပုဂ္ဂိုလ်အများအပြားသည် ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြပြီး ရန်ကုန်မြို့ပြင်ပရှိ ထန်းတပင်၊ ရွှေပြည်သာ၊ လှိုင်သာယာနှင့် ဒဂုံမြို့သစ်တို့မှ (၁၂/) မှတ်ပုံတင်များနှင့် သန်းခေါင်စာရင်းများကို ရရှိထားကြကြောင်း ခေတ်သစ်မီဒီယာက မကြာသေးမီက ဖော်ပြခဲ့သည်။
၎င်းတို့သည် (၁၂/) မှတ်ပုံတင်များဖြင့် ဟိုတယ်ပိုင်ရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအဖြစ် မှတ်ပုံတင်ထားကြပြီ ဖြစ်သည်။
လက်နက်ကိုင် အုပ်စုများက နက်နက်နဲနဲပါဝင်နေမှုကြောင့် ကျားဖြန့်လုပ်ငန်းကို အမြစ်ပြတ်ချေမှုန်းနိုင်ရန် လုံးဝနီးပါးမဖြစ်နိုင်တော့မည့် ဆန့်ကျင်ဘက် အခြေအနေတစ်ခုကို ဖန်တီးလာနေသည်။
တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်ရှိ အဖွဲ့အစည်းများအားလုံးမှာ တရားဥပဒေချိုးဖောက်ရင်းဖြင့်် အကျိုးအမြတ်ရရှိနေကြသည်။
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်အစိုးရသည် တရားဝင်မှုကို ဟန်ပြထိန်းသိမ်းနိုင်ရန် အသည်းအသန် ကြိုးပမ်းနေရာတွင် ၎င်းကျားဖြန့်ကွန်ယက်များ၏ အပေါ်ယံ သို့မဟုတ် ၎င်းတို့ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိသော အစိတ်အပိုင်းများကိုသာ ပစ်မှတ်ထား ဟန်ပြစီးနင်းမှုများကိုသာပြုလုပ်ခဲ့သည်။
၎င်းတို့မှာ ပြင်ပမှစောင့်ကြည့်သူများကို ကျေနပ်စေရန် လေပူအနည်းငယ်ကို ဖိအားလျှော့စေရန် ထုတ်ပေးသကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပြီး ပင်မလုပ်ငန်းစဉ်တစ်ခုလုံးမှ အကောင်းအတိုင်းသာရှိနေသည်။
အစိုးရအနေဖြင့် စစ်ပွဲစရိတ်နှင့် ပြိုလဲနေသော စီးပွားရေးကို ထိန်းသိမ်းရန် အဆိုပါ တရားမဝင် ငွေကြေးလုပ်ငန်းများ မှ ရရှိသော ဝင်ငွေအပေါ်မှီခိုနေရခြင်းသည် ထိုဒုစရိုက်စနစ်ကြီးတစ်ခုလုံးကို ဖျက်သိမ်းရန် အမှန်တကယ် စိတ်ဆန္ဒမရှိကြောင်း အဓိပ္ပါယ်ဖော်ပြနေသည်။
မူးယစ်-ကျားဖြန့် နိုင်ငံတော်
မြန်မာနိုင်ငံတော်၏ ရှေ့ခရီးလမ်းကြောင်းသည် မျှော်လင့်ချက် မှေးမှိန်နေသည်။ ကျားဖြန့်သည် ယာယီ ချွတ်ယွင်းချက်တစ်ခုမဟုတ်တော့ပေ။
နိုင်ငံ၏ နိုင်ငံရေးဆိုင်ရာစီးပွားရေး စနစ်တစ်ခု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖြစ်လာခဲ့ပြီဖြစ်သည်။
မကြာမီကာလအတွင်း၌ပင် ထိုလုပ်ငန်းစဉ်များသည် ယခုထက်ပို၍ စုံစမ်းစစ်ဆေးမှုများကို ပို၍ရှောင်ရှားနိုင်၊ ပို၍ ပုန်းအောင်းလာနိုင်မည့် အဆင့်မြင့်နည်းပညာများနှင့် ပိုမိုနက်ရှိုင်းလာသော ဒေသတွင်းချိတ်ဆက်မှုတို့ဖြင့် ပို၍ပင် ဆန်းသစ်လာနိုင်သည်ဟု ခန့်မှန်းရသည်။
“သရဲ ဟိုတယ်များ” သို့မဟုတ် “အသွင်ပြောင်း မြို့ပြကျားဖြန့်စခန်းများ” သည် ပွားများလာမည်ဖြစ်ပြီး မြို့ပြ၏ ဗဟိုချက် လူမှုအသိုက်အဝန်းများကို ပိုမိုပျက်စီးလာစေမည်ဖြစ်သည်။

ရေရှည်တွင် နိုင်ငံသည် စီးပွားရေးအရ ဒုစရိုက်လုပ်ငန်းများနှင့် ဆက်နွှယ်ပြီး အစိုးရနှင့် အစိုးရမဟုတ်သော လက်နက်ကိုင်တပ်ဖွဲ့များအားလုံးသည် တရားမဝင်လမ်းကြောင်းမှ ရရှိလာသော အကျိုးအမြတ်များဖြင့် တွန်းအားပေးထားသည့် “မူးယစ်-ကျားဖြန့်(Narco-Scam)” နိုင်ငံတစ်ခုအဖြစ် အကြမ်းဖက် သံသရာထဲတွင် ပိတ်မိသွားမည့် အန္တရာယ်ရှိနေသည်။
ဖြေရှင်းရန်နည်းလမ်းသည် စစ်ရေးဖြင့် ဝင်ရောက်စီးနင်းခြင်း သို့မဟုတ် နိုင်ငံတကာ ဖိအားများထက် ပို၍ပင်လိုအပ်နေသည်။
နိုင်ငံ၏ တရားမဝင် စီးပွားရေးတွင် လက်နက်ကိုင်ထားသည့် အဖွဲ့အစည်းအားလုံး၏ ပါဝင်နေမှု အခန်းကဏ္ဍကို မူလအစမှနေ၍ ပြန်လည်စိစစ်ရန် လိုအပ်နေသည်။
စစ်တပ်၊ ပြည်သူ့စစ် နှင့် တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်များအားလုံးသည် “ကျားဖြန့်” ဆိုသည့်အရာအား အရေးပါသော ဝင်ငွေတစ်ခုအဖြစ် ဆက်လက်ရှုမြင်နေသမျှသည် ပြဿနာအား သက်ဆိုးရှည်နေစေမည်ဖြစ်သည်။
“အမြစ်ပြတ် ရှင်းလင်းနိုင်ပြီ” ဟူသော ဒဏ္ဍာရီလာယုံတမ်းစကားကို ဒုစရိုက်မှုများတွင် နက်နက်နဲနဲ ပူးပေါင်း ပါဝင်နေပြီး တိုက်ဖျက်နေပါသည်ဟု ပြောနေသော အစိုးရတစ်ရပ်၏ စကားများကို လိမ်ညာမှုသာဖြစ်ကြောင်း ဖော်ထုတ်ရပေမည်။
မြေအောက်နိုင်ငံတော် သို့မဟုတ် အရိပ်အယောင်နိုင်ငံတော်ကြီးတခု ဖြစ်လာစေရန် တွန်းအားပေးနေသည့် နိုင်ငံရေးနှင့် စီးပွားရေး မက်လုံးများကို မဖြေရှင်းနိုင်သရွေ့ မြန်မာနိုင်ငံသည် ဆိုက်ဘာရာဇဝတ်သား ဒုစရိုက်သမားများအတွက် အေးအေးချမ်းချမ်းဖြင့် ခိုလှုံနိုင်ရာ နေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး မြန်မာပြည်သူများမှာ ခေါင်းဆောင်ဆိုသူများ၏ လောဘအတွက် ဆက်လက်ပေးဆပ်နေကြရဦးမည် ဖြစ်သည်။
ဤဆောင်းပါးပါ အကြောင်းအရာများသည် စာရေးသူစိုင်းဝမ်းဆိုင်၏ အတွေးအမြင်နှင့် အာဘော်သာဖြစ်သည်။
ဤဆောင်းပါးအား စာရေးသူ စိုင်းဝမ်းဆိုင်၏ THE MYTH OF THE CLEAN SWEEP: How Myanmar’s Scam Empire Evolved Into a National Shadow State အင်္ဂလိပ်ဘာသာဆောင်းပါးအား ယူဂျင်းမှ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။













Leave a Comments