သျှမ်းပြည် တန့်ယန်းမြို့နယ် နောင်ဟီးကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူ(၅၀)ဝန်းကျင်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် (ဒီဇင်ဘာလ ၂ ရက်) တန့်ယန်းမြို့နယ် နောင်ဟီးကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ အယောက် (၅၀)ဝန်းကျင်ထဲတွင် တရုတ်နိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား အယောက်(၃၀)ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီး၊ မည်သို့ အရေးယူဆောင်ရွက်သွားမည်ကို မသိရှိရသေးကြောင်း တန့်ယန်း ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“၂ ရက်နေ့တုန်းက ရဲနဲ့စစ်တပ်က သွားဖမ်းတာ။ အယောက် (၅၀ )ဝန်းကျင်ထိရှိတယ် အဲထဲမှာ တရုတ်တင်မကဘူး မြန်မာနိုင်ငံသား ၃၀ လောက်တောင်ပါတယ်။ အခုတော့ သူတို့ဖမ်းထားတယ် ဘယ်လို အရေးယူဆောင်ရွက်သွားမှာကို မသိရသေးဘူး။ ကွန်ျပျူတာတွေ လက်နက်ခဲယမ်းနဲ့ စတားလင့် (Starlink)စက် ပစ္စည်းတွေ တော်တော်များများ ဖမ်းမိထားတယ်”ဟု ၎င်းက ပြောသည်။

ယခုဖမ်းဆီးရမိသူများသည် နိုဝင်ဘာ ၁၉ရက် “ဝ”တပ်ဖွဲ့ UWSA ဖမ်းဆီးရမိသည့်သူ (၃၀၀)ကျော်မှ ပြန်လွှတ်ထားသည့်သူများလည်း ပါဝင်ကြောင်းသိရသည်။
“အခုဖမ်းမိတဲ့ ၅၀ကျော်က အရင် နိုဝင်ဘာ ၁၉ရက်နေ့က ဖမ်းရလို့ ပြန်လွှတ်လာတဲ့သူတွေ။ သူတို့က ပြန်လွှတ်လာပြီး ပြန်သွားလုပ်တဲ့သူတွေပါ” ဟု နောင်ဟီးဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
ပြီးခဲ့သည့် (နိုဝင်ဘာလ ၁၉)ရက်နေ့ တန့်ယန်းမြို့နယ်အတွင်း UWSA ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ (၁၀၀၀) ကျော်ထဲမှ ကျန် (၃၀၀) ကျော်မှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိရပြီး ၎င်းတို့ကို စစ်ဆေးမေးမြန်းပြီး ပြန်လည်လွှတ်ပေးထားသူ ဖြစ်နေကြောင်း နောင်ဟီး ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသားများကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် UWSA တပ်ဖွဲ့တို့က တရုတ်နိုင်ငံသို့ ချက်ချင်းလွှဲပြောင်းခဲ့သော်လည်း မြန်မာနိုင်ငံသားများကိုဖမ်းမိပါက ပိုက်ဆံကောက်ယူပြီး ပြန်လွှတ်ပေးလေ့ရှိကြောင်းလည်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။
“တရုတ်ဆိုရင် တရုတ်ကို လွှဲပေးလိုက်တယ်။ တကယ်တော့ ဟန်ပြဖမ်းတာပဲ။တကယ်တော့ အခွန်မဆောင်လို့ ဝင်ဖမ်းတာပါပဲ။ ဖမ်းတာပဲရှိတာပျောက်သွားတာမှမရှိတာ။ အခုလည်း စစ်တပ်ကို အခွန်မဆောင်လို့ ဝင်ဖမ်းတာပဲလေ” ဟု ၎င်းက ဆိုပြန်သည်။
တန့်ယန်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် UWSA တပ်ဖွဲ့တို့သည် ကျားဖြန့်လုပ်ငန်းလုပ်ဆောင်သူများကို ဝင်ရောက်ဖမ်းဆီးမှုပြုလုပ်နေသော်လည်း လက်ရှိမှာ ကျားဖြန့် ပပျောက်ခြင်းမရှိသကဲ့သို့ ကျားဖြန့်ဖမ်းဆီးခံရသူများလည်း ပြန်လွှတ်လာကာ ၎င်းလောကထဲသို့ ထပ်မံသွားလုပ်နေသေးကြောင်း တန့်ယန်းဒေသခံများက ပြောဆိုသည်။
“ အခုက အလုပ်အကိုင်ရှားပါးတော့ လူငယ်တွေက ငွေနောက်လိုက်သလို မိဘတွေကလည်း ငွေလိုတော့ ကျားဖြန့်လုပ်ကိုင်မှုက စွဲဆောင်မှုတခုပဲ။ လက်နက်ကိုင်တွေကလည်း ဟန်ပြဖမ်းနေတာပါ။ ဖမ်းပြီး ပပျောက်ဘူး ပိုတိုးလာတာပဲရှိတယ်”ဟု တန့်ယန်းမြို့ အသက် ၄၅နှစ်အရွယ်ရှိ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
ပြီးခဲ့သည့် (နိုဝင်ဘာလ ၁၉ ရက်)တွင် “ UWSA” ဝင်ရောက်တပ်စွဲထားသည့် တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းကျားဖြန့် လုပ်ကိုင်နေသူ (၁၀၀၀) ကျော်အထဲမှ တရုတ်နိုင်ငံသား (၇၆၂)ဦးကို ပန်ဝိုင်မြို့နယ်ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်မှတဆင့် တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း UWSA မှ သတင်းထုတ်ပြန်သည်။
အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။












Leave a Comments