မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။
လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး လိမ်လည်မှုများကြောင့် ငွေကြေးဆုံးရှုံးရုံသာမက ဥပဒေကြောင်းအရပါ တရားစွဲဆိုခံနေရကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရသည်။
ဘန်ကောက်မြို့ရှိ စားသောက်ဆိုင်တခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားတဉီး၏ ဘဏ်အကောင့်ထဲသို့ အမည်မသိသူများက ငွေလွှဲခိုင်းခဲ့ခြင်းကြောင့် လက်ရှိတွင် ထိုင်းရဲစခန်း၌ အမှုတွဲ ၄ ခုဖြင့် တရားစွဲဆိုခံထားရကြောင်း သိရသည်။
၎င်း၏ ဘဏ်အကောင့်ထဲရှိ ဘတ် ၂ သိန်းခန့်မှာလည်း ပိတ်သိမ်းခံထားရသည်ဟု ဆိုသည်။
“ကျနော်က ဘာမှမလုပ်ဘဲ တရားခံလို စွပ်စွဲခံနေရတာ။ ပိုက်ဆံတွေက ဘဏ်ထဲမှာ သိမ်းထားတော့ ထုတ်မရ၊ သုံးမရနဲ့ ကျနော့်ဘဝက သုညကနေ ပြန်စနေရသလိုပဲ” ဟု ၎င်းအမျိုးသားက ဆိုသည်။
လိမ်လည်သူများသည် အခြားသူတဉီးကို လိမ်လည်ကာ ရရှိလာသော ငွေများအနက် ထိုင်းဘတ်ငွေ ၇ သောင်းကို အဆိုပါအမျိုးသား၏ အကောင့်ထဲသို့ လွှဲခိုင်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၎င်းသည် အလုပ်အကိုင်နှင့် နေထိုင်ခွင့်ပါ ထိခိုက်လာနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း ၎င်းက ဆိုသည်။
အလားတူ ဖြစ်စဉ်မျိုးကို သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့တွင် ဆေးပေးခန်းဖွင့်လှစ်ထားပြီး ငွေလွှဲဝန်ဆောင်မှုပါ တွဲဖက်လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးလည်း ကြုံတွေ့ခဲ့ရသည်။
လိမ်လည်သူများသည် ဆိုရှယ်မီဒီယာပေါ်တွင် သျှမ်းအမည်များနှင့် ရုပ်ပုံများကို အသုံးပြုကာ အကောင့်တုများဖြင့် လူများကို လိမ်လည်နေကြခြင်း ဖြစ်သည်။
“သူတို့က AI နဲ့ လုပ်ထားတဲ့ ဘေလ်အတုတွေ ပို့တယ်။ ကျမတို့ဆီက ကျပ်ငွေ လာယူသွားကြတယ်။ ပစ္စည်းမရတဲ့သူတွေက တိုင်တဲ့အခါ ကျမတို့ဘဏ်တွေ ကျားဖြန့်နဲ့ ပတ်သက်တယ်ဆိုပြီး အပိတ်ခံရတာ” ဟု သူမက ဆိုသည်။
လိမ်လည်သူများသည် တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုကို အလွဲသုံးစားလုပ်ကာ အပြစ်မဲ့သူများကို အသုံးချနေခြင်း ဖြစ်ကြောင်း ၎င်း ဆိုသည်။
ထို့အပြင် ယခုရက်ပိုင်းအတွင်း Viber မှတစ်ဆင့် “ပြောစရာတစ်ခုရှိလို့” သို့မဟုတ် “ငွေအများကြီးရလိုက်တယ်” ဆိုသည့် မက်လုံးပေးစာများ ပေးပို့ကာ လင့်ခ် (Link) များ နှိပ်ခိုင်းသည့် နည်းလမ်းဖြင့် KPay နှင့် Wave Pay အကောင့်များကို ဖောက်ထွင်းခိုးယူသည့် ဖြစ်စဉ်များလည်း များပြားလာသည်။
ကျောင်းသားလူငယ်များကိုလည်း ပညာသင်ဆု (Scholarship) နှင့် ချေးငွေအတုများဖြင့် ပစ်မှတ်ထားကာ အချက်အလက်ခိုးယူခြင်းနှင့် ဝန်ဆောင်ခ အဆင့်ဆင့် တောင်းယူခြင်းများ လုပ်ဆောင်နေကြသည်။
“အခုက သူငယ်ချင်းအချင်းချင်းတောင် သိပ်ယုံလို့မရတော့ဘူး။ ကိုယ်နဲ့ အရမ်းမရင်းနှီးရင် အယုံမလွယ်ဖို့ လိုတယ်” ဟု လူငယ်တစ်ဦးက သတိပေးသည်။
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတဆင့် သျှမ်းပြည်အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း သိရသည်။
အထူးသဖြင့် သျှမ်းပြည်တောင်ပိုင်းရှိ ကွန်ဟိန်း၊ လဲချားနှင့် နမ့်စန်မြို့နယ်များအပြင် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့သည်လည်း ကျားဖြန့်ဂိုဏ်းများ၏ ခိုလှုံရာ ဗဟိုချက်သစ်တခု ဖြစ်လာသည်။
စစ်ကော်မရှင်၏ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇ ရက်အထိ (၈) လခန့်ကာလအတွင်း သျှမ်းပြည်တခွင်တွင် ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်၍ ဖမ်းဆီးရမိမှုပေါင်း (၄၆) မှုရှိခဲ့ပြီး၊ ဖမ်းဆီးရမိသူ ၂,၄၀၀ ကျော်အထိ ရှိလာခဲ့သည်။
ယင်းတို့အနက် တရုတ်နိုင်ငံသား ၂,၀၀၀ ကျော်အပြင် မြန်မာ၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်ဝမ်နိုင်ငံသားများလည်း ပါဝင်နေသည်။
အွန်လိုင်းလိမ်လည်မှုများသည် ပိုမိုနက်ရှိုင်းပြီး ရှုပ်ထွေးသော နည်းလမ်းများကို အသုံးပြုလာနေသဖြင့် ပြည်သူများအနေဖြင့် မည်သည့်အကြောင်းပြချက်ဖြင့်မဆို မိမိ၏ ဘဏ်အကောင့်နံပါတ်ကို သူစိမ်းများအား မပေးရန်၊ Viber နှင့် ဆိုရှယ်မီဒီယာမှ မသင်္ကာဖွယ် လင့်ခ်များကို လုံးဝ (လုံးဝ) မနှိပ်ရန်၊ ငွေလွဲလက်ခံရာတွင် လွဲလာသူ၏ အမည်နှင့် လူကိုယ်တိုင် လာယူသူ၏ အမည်ကို သေသေချာချာ တိုက်စစ်ရန် လိုအပ်သည်။
ထို့အပြင် ဘဏ် Slip စာရွက်ကိုသာမက Bank App ထဲတွင် ငွေတကယ်ဝင်မဝင်ကို အမြဲစစ်ဆေးရန်နှင့် အွန်လိုင်းပေါ်မှ ပညာသင်ဆုနှင့် အလုပ်အကိုင် ကမ်းလှမ်းချက်များကိုလည်း သေသေချာချာ စုံစမ်းစိစစ်ပြီးမှသာ လုပ်ဆောင်ကြပါရန် နည်းပညာကျွမ်းကျင်သူများက တိုက်တွန်းထားသည်။













Leave a Comments