မြန်မာနိုင်ငံအတွင်း အခြေစိုက်သည့် “တိုင်းချန်” (Tai Chang) အွန်လိုင်းငွေလိမ်စင်တာများနှင့် ဆက်နွှယ်နေသော ငွေကြေးခဝါချမှုများကို ဖော်ထုတ်နိုင်ရန် သတင်းပေးနိုင်သူအား အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးပေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံတကာ မူးယစ်ဆေးဝါးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ ဗျူရို (INL) က ထုတ်ပြန်ကြေညာသည်။
ယနေ့ (ဧပြီလ ၂၄ ရက်) အမေရိကန် နိုင်ငံတကာ မူးယစ်ဆေးဝါးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ ဗျူရို (INL) က နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုခင်းများ တိုက်ဖျက်ရေး ဆုကြေးအစီအစဉ် (TOCRP) အရ ဤဆုကြေး ကမ်းလှမ်းချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
၎င်းထုတ်ပြန်ချက်အရ အဆိုပါ ငွေလိမ်ဂိုဏ်းများသည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်း တည်ရှိပြီး အောက်ပါနေရာများတွင် အခြေစိုက်ကြောင်း သိရသည်။
- Tai Chang 1.0, aka Kyuakhat Casino or Ko Sai – GPS Coordinates 16.467242N, 98.648357E and 16.472469N, 98.645868E
- Tai Chang 2.0, aka Taih or Qingsong – GPS Coordinates 16.425472, 98.635806
- Tai Chang 3.0 – GPS Coordinates 16.491389, 98.589722
၎င်းစင်တာများသည် အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုများ၊ အထူးသဖြင့် Cryptocurrency ခေါ် ဒစ်ဂျစ်တယ်ငွေကြေး ရင်းနှီးမြှုပ်နှံမှု အတုအယောင်များဖြင့် အမေရိကန်နိုင်ငံသားများကို အဓိက ပစ်မှတ်ထား လိမ်လည်နေခြင်းဖြစ်သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်အတွင်း အရှေ့တောင်အာရှအခြေစိုက် ငွေလိမ်ဂိုဏ်းများကြောင့် အမေရိကန်နိုင်ငံသားများသည် ဒေါ်လာ ၇.၂ ဘီလီယံကျော် ဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် ရာဇဝတ်ဂိုဏ်းများသည် လိမ်လည်ရရှိသည့် ငွေကြေးများအား ဒစ်ဂျစ်တယ်ငွေကြေးဖြင့် ပြောင်းလဲသိမ်းဆည်းလာတတ်သဖြင့် ၎င်းတို့ကို ထိန်းချုပ်နိုင်ခြင်းသည် ရာဇဝတ်မှုလုပ်ငန်းစုများကို ဖြိုခွင်းရန် အထိရောက်ဆုံးနည်းလမ်း ဖြစ်လာသည် ဟုဖော်ပြသည်။
လက်ရှိတွင်အမေရိကန်အစိုးရသည် မြန်မာနိုင်ငံအတွင်းရှိ ငွေလိမ်ဂိုဏ်းတွင် ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား နှစ်ဦးကို တရားစွဲဆိုခြင်း၊ ကမ္ဘောဒီးယားရှိ လူကုန်ကူးမှုအတွက် အသုံးပြုသော Telegram channel တစ်ခုနှင့် ငွေလိမ်လည်ရန် အသုံးပြုသော ဝက်ဘ်ဆိုဒ်ပေါင်း ၅၀၃ ခုကို ပိတ်သိမ်းခြင်း၊ ကမ္ဘောဒီးယားတစ်ဝန်းရှိ ငွေလိမ်စင်တာများကို ထိန်းချုပ်ထားသည့် အထက်လွှတ်တော်အမတ် Kok An နှင့် ၎င်း၏ကွန်ရက်အတွင်းမှ လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်း ၂၈ ခုကို ပိတ်ဆို့အရေးယူ (Sanctions) ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။
သတင်းအချက်အလက်ရှိသူများအနေဖြင့် အမေရိကန် ပြည်ထောင်စုပြင်ပတွင် ရှိပါက နီးစပ်ရာ အမေရိကန်သံရုံးသို့လည်းကောင်း၊ အီးမေးလ် [email protected] သို့လည်းကောင်း ဆက်သွယ်နိုင်ကြောင်းဖော်ပြထားပြီး သတင်းပေးသူ၏ အချက်အလက်များကိုလည်း အထူးလျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းပေးမည်ဟု အမေရိကန်အစိုးရက ကတိပြုထားသည်။













Leave a Comments