တကျော့ပြန် စစ်ရေးပြင်းထန်လာတဲ့ နောင်ချို

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တကျော့ပြန် တိုက်ပွဲ ထပ်မံဖြစ်ပွားလာသည်မှာ သင်္ကြန်ကာလအတွင်းက စစ်တပ်မြို့ဟု ခေါ်ဆိုကြသည့် ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်များ တိုက်ခိုက်ခံရပြီးနောက် ပြန်လည်ပြင်းထန်လာသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်စဉ်ကလည်း ပြင်ဦးလွင်မြို့မှ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီ ထောက်ပို့စစ်ကြောင်းများကို ညီနောင်မဟာမိတ်နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့များက နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲတွင် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။

သျှမ်း-မန္တလေး နယ်စပ်ရှိ သံဘို၊ ကျောက်မဲလေး စသည့် ကျေးရွာများတွင် စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ်များကို မန္တလေး-PDF တပ်ဖွဲ့က ဇန်နဝါရီလအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ပြင်ဦးလွင်မြို့နှင့် ၈ မိုင်ခန့်သာ ကွာဝေးသော နောင်ချိုမြို့နယ် အစပ်ရှိ သရက်ကုန်းအခြေစိုက် စစ်ကောင်စီတပ်စခန်းကို မန္တလေး-PDF တပ်ဖွဲ့က ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဧပြီလ ၁၅ ရက်တွင် သိမ်းဆည်းနိုင်ခဲ့သည်။

နောင်ချိုမြို့နယ်အတွင်း တကျော့ပြန်ဖြစ်ပွားလာသည့် စစ်ကောင်စီတပ်နှင့် မန္တလေး-PDF တပ်ဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲအတွင်း စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ကျော် ထပ်မံထွက်ပြေး တိမ်းရှောင်နေရပြီး စစ်ဘေးရှောင်ပြည်သူတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ တိုက်ပွဲအခြေအနေများကို သျှမ်းသံတော်ဆင့်မှ စိုင်းခွမ်မိန်းက နောင်ချိုမြို့နယ် စစ်ဘေးရှောင်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ နောင်ချိုမြို့နယ်ထဲမှာ တိုက်ပွဲက ဘယ်လိုနဲ့ ပြန်ပြီးတော့ ဖြစ်လာတာလည်း၊ ဘယ်လောက်ထိ ပြင်းထန်နေလဲဆိုတာ ပြောပြပေးပါဦး။

ဖြေ။ ။ အခုက သတိနဲ့ နေရတာ၊ အခြေအနေက ပိုဆိုးလာတယ်။ မတ်လ ၂၇ ရက်ကတည်းက ပြန်ဖြစ်လာတဲ့ တိုက်ပွဲက နှစ်ဆန်းတစ်ရက် ဧပြီလ ၁၇ ရက်နေ့က စပြီး ဧပြီလ ၂၁ ရက်နေ့အထိက တိုက်လေယာဉ် တစ်စီးပြီးတစ်စီး လာပစ်တာ။ ဧပြီလ ၂၁ ရက်က လေယာဉ်ပျံ တစ်နေကုန်လာတယ်။ ဒီနားပတ်ဝန်းကျင် ၁၀ ရွာလောက်ကို ရမ်းပစ်တာ။ ပြင်ဦးလွင်နဲ့ နောင်ချို ခြားတဲ့နားမှာ တိုက်ပွဲကလည်း နေ့တိုင်းဖြစ်လာတာ။

ပြောရရင်တော့ နောင်ချိုမှာက ပြည်ထောင်စုလမ်းမကြီး အနောက်ခြမ်းမှာ တိုက်ပွဲဆက်ဖြစ်နေတာ။ အခုတိုက်ကြတာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီ တိုက်ကြတာ။ သျှမ်း-မန္တလေးနယ်စပ်က ခြေမြစ်ပင်မှာ ညီနောင်မဟာမိတ်နဲ့ PDF အဖွဲ့တွေက နေရာယူထားတယ်။ စစ်ကောင်စီက ပွဲကောက်နဲ့ ကျောက်မဲလေး အဲ့ဘက်တကြောမှာ နေရာယူထားတာ။ ဒီတစ်ပတ်အထဲမှာ နေ့တိုင်း တိုက်ပွဲဖြစ်တယ်။

ရွာထဲမှာဆိုရင် အိုးအိမ်တွေလည်း အများကြီး ထိခိုက်ပျက်စီးတယ်၊ လူထိမှန်ပြီး သေတာလည်းရှိတယ်။ တိုက်ပွဲကြားမှာ ဦးပဉ္ဇင်းနဲ့ ကိုရင်တွေပါမကျန် ပျံလွန်တာရှိတယ်၊ ကျွဲ နွားတွေကော သေတယ်။ သရက်ကုန်း၊ ပါဟက်ရွာက လူတွေက ဘန့်ဘွေး၊ ခြေမြစ်ပင်၊ ဝက်ဝံ၊ အင်းဝိုင်း၊ ကုံးလုံ၊ ကုံးသာ ဒီရွာတွေဘက်ကို စစ်ဘေးရှောင် ထောင်နဲ့ချီ ထွက်ပြေးရတယ်။

စစ်ကောင်စီက လေယာဉ်နဲ့ လာပစ်တော့ ရွာသားတွေလည်း ကြောက်ပြီး ထွက်ပြေးလာကြတာ။ ဧပြီလ ၂၁ ရက်နေ့မှာ ပါဟက်ရွာကို လူမှုကူညီရေးအသင်းတွေ လာခေါ်တော့ နေ့လယ် ၁ နာရီလောက် သူတို့ကားနဲ့ လိုက်လာကြတာ။ ထွက်လာပြီး မကြာဘူး ညနေ ၄ နာရီလောက်ကျတော့ ပါဟက်ရွာထဲကို လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ နောက်တစ်ရက် မနက် ၈ နာရီလောက်ကျတော့ နောက်ထပ်တစ်ခါ ဗုံးထပ်လာကြဲတယ်။

မေး။ ။ “၁၀၂၇ စစ်ဆင်ရေးကတည်းက နောင်ချိုမြို့နယ်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လာခဲ့တယ်။ အခုတခါ တကျော့ပြန် တိုက်ပွဲမှာဆိုရင်လည်း စစ်တပ်မြို့လို့ ခေါ်ကြတဲ့ ပြင်ဦးလွင် ကို ကာကွယ်ဖို့ဆိုပြီးတော့ နောင်ချိုမြို့နယ်ထဲကိုပဲ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေ ထပ်လုပ်လာတဲ့အခါ လူသေဆုံးမှုနဲ့ အိုးအိမ်ထိခိုက်ပျက်စီးမှုက ဘယ်‌လောက်အထိ ရှိနေလဲ။

ဖြေ။ ။ ဧပြီလ ၂၁ ရက်က ဆမ္မဆယ်ကနေ လှမ်းကြည့်တာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဆက်တိုက်ကို ဗုံးလာကြဲတာ ကိုယ့်မျက်စိရှေ့တင်ပဲ။ လက်နက်ကြီးလဲ အဆက်မပြတ် ပစ်နေတော့ မီးခိုးလုံးတွေ တလိပ်လိပ် တက်တယ်၊ လေယာဉ်ဗုံးကြဲတာက ၁၀ လုံးတွဲကျတာ။ ဧပြီလ ၂၀ ရက်ကစပြီး လေယာဉ်နဲ့ နေ့တိုင်းလာပစ်တာ နေ့ကော ညကော မနားဘူး။

ဒီတစ်ပတ်ထဲကို မော်တာ စက်သေနတ်နဲ့ ပစ်လိုက်၊ လေယာဉ်နဲ့ ထပ်လာပစ်လိုက် တစ်ရက်လုံးပဲ ၂၄ နာရီမှာ ၁ မိနစ်ကို ၁၅ လုံးလောက်ကို ကျနေတာ။ ပစ်မှတ်က တစ်ရွာထဲမဟုတ်ဘူး။ သရက်ကုန်း၊ ကံ့ကော်၊ ဆမ္မဆယ်၊ ဇာလီဖြူချောင် ဒီရွာတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက တော်တော်ဖျက်ချင်နေတာ။ ဧပြီလ ၂၀ ရက်က သရက်ကုန်းရွာနားက ညောင်ကုန်းကျေးရွာဆိုရင် အိမ်ခြေ ၇၀ ကျော်ရှိတာ လုံးဝ မကျန်တော့ဘူး၊ မီးလောင်ပြာကျသွားပြီ။

သရက်ကုန်းကတော့ အိမ်ခြေအများကြီး ပျက်စီးတယ်။ ဧပြီလ ၂၁ နေ့က သရက်ကုန်းမှာ ၁၀ နာရီလောက်မှာ လေယာဉ်နဲ့ဗုံးကြဲတာ ကျွဲနှစ်ကောင်သေတယ်၊ အမျိုးသမီးက အသက် ၃၀ အောက် ၂ ယောက်သေတယ်။ သပြေဝန်းရွာမှာ အသက် ၂၀ ကျော်အရွယ် ယောကျ်ားလေး ၁ ယောက်သေတယ်၊ ဒီထက်သေတာလည်း ရှိနိုင်သေးတယ်။ သရက်ကုန်း၊ ကံ့ကော်၊ ဇာလီ ဖြူချောင် ဒီနားလေး အရင်လာပစ်ပြီးတော့ ဆမ္မဆယ်၊ ပါဟက် ဒီရွာတွေကို ထပ်ပစ်တယ်။

သရက်ကုန်း၊ ဇာလီ ဒီရွာတွေက ဘုန်းကြီးကျောင်းလည်း ဗုံးမှန်တယ်။ ပါဟက်ဘုန်းကြီးကျောင်းလည်း တော်တော်လေး ပျက်စီးသွားပြီးတော့ ကပ္ပိယတစ်ပါးလည်း လေယာဉ်ဗုံးဆံ မှန်ပြီး ဒဏ်ရာရသွားတယ်။ သံဃာအိပ်ဆောင်နဲ့ ဆွမ်းစားကျောင်းဆောင်တွေ အများကြီး ပျက်စီးတယ်။

ဧပြီလ၂၀ ရက်ကလည်း သရက်ကုန်းဘုန်းကြီးကျောင်း မီးလောင်ပြီးတော့ ဦးပဉ္ဇင်းတစ်ပါး ပျံလွန်သွားတယ်။ အခုတော့ အဲ့က ရွာသားတွေအကုန်လုံး စစ်ဘေးရှောင်ဖို့ ပြည်ထောင်စုလမ်းမကြီး အရှေ့ဘက်ကို ထွက်ပြေးလာပြီ။ ဝက်ဝံ၊ ဘန့်ဘွေး၊ အင်းဝိုင်း သကြားစက်နဲ့ ကုန်းလုံ၊ ကုန်းသာ၊ ကျောင်းခမ်း၊ နားခေါ့ ဒီရွာတွေက အမျိုးတွေနဲ့ ဘုန်းကြီးကျောင်းတွေဆီကို စစ်ဘေးရှောင်လာကြတာ။

မေး။ ။ နောင်ချိုမြို့နယ်ထဲမှာ တကျော့ပြန် ဖြစ်လာတဲ့ တိုက်ပွဲအတွင်းမှာ ဘယ်ရွာတွေက စစ်ဘေးရှောင်နေကြရလဲ။ လူဦးရေအားဖြင့် ဘယ်လောက်စစ်ရှောင်နေကြရလဲ။

ဖြေ။ ။ စာရင်းသိရတာကတော့ ကျေးရွာ ၁၀ ရွာကျော်မှာ နားပျန်၊ ပါဟက်နဲ့ သံဘိုရွာဆိုရင်လည်း အရင်လ (မတ်လ) တိုက်ပွဲပြင်းထန်ကတည်းက ရှောင်ရတာ။ စစ်ဘေးရှောင်က တစ်ရွာကို အနည်းဆုံး ရွာသား ၅၀၀ ကျော် ရှိကြတော့ ပြောရရင် ထောင်ဂဏန်း ထွက်ပြေးနေရတာပေါ့။ နောက်ပြီးတော့ အခုက ကြံခုတ်ရာသီဆိုတော့ အောက်ပြည်လာတဲ့ အလုပ်သမားတွေလည်း ရှိတော့ သူတို့လည်း အိမ်ရှင်နဲ့ လိုက်ပြီး ထွက်ပြေးရတာပေါ့၊ အဲ့လို အခက်အခဲတွေလည်းရှိတယ်။

ပြင်ဦးလွင်-မိုးကုတ်လမ်းကို ဆက်သွားလို့ရတဲ့ အုမ္မသီးလမ်းခွဲမှာ “၁၀၂၇ စစ်ဆင်ရေး” စကတည်းက စစ်ကောင်စီက တပ်လာစွဲထားပြီး ဆမ္မဆယ်ဘက်ကို လက်နက်ကြီးနဲ့ နေ့တိုင်းပစ်နေတာဆိုရင် ၆ လကျော် ရှိပြီ၊ ဆမ္မဆယ်ရွာဆိုရင် အိမ်ခြေ ၆၀၀ ကျော်ရှိတာ အကုန်ထွက်ပြေးရတယ်၊ အိမ်မပြန်နိုင်ကြတော့ဘူး။

ပြင်ဦးလွင်မှာ မင်းအောင်လှိုင်ကို တိုက်တဲ့နေ့နောက်ပိုင်း ထွက်ပြေးရတာဆိုရင် ကံ့ကော်၊ သရက်ကုန်း၊ ဇာလီဖြူချောင်၊ ပန်ခံ၊ နားပျန်၊ ညောင်ကုန်း၊ ပါဟက်၊ ဆီဆုံ ဒီရွာတွေ ပြေးရတာ။
အခုဆိုရင် စစ်ဘေးရှောင်က ဘန့်ဘွေး ဘုန်းကြီးကျောင်းမှာ ၄၀၀ ကျော်နဲ့ ရွာထဲက ဆွေမျိုးတွေဆီမှာ ၄၀၀ ကျော်၊ အင်းဝိုင်းဘုန်းကြီးကျောင်းမှာ ၄၅၀ ကျော်နဲ့ တဲထိုးပြီး နေတာက ၂၅၀ ကျော်၊ နောက်ပြီး ကုန်းလုံဘုန်းကြီးကျောင်းမှာ ၂၀၀ ကျော်ရှိတယ်။ တခြားရွာတွေမှာ ရှောင်နေတာလည်း အများကြီး ရှိသေးတယ်၊ အားလုံးပေါင်းရင်တော့ စစ်ဘေးရှောင် ၃၀၀၀ ကျော် ရှိတယ်။

မေး။ ။ အခုလို တိုက်ပွဲကြားမှာ ရုတ်တရက် ထွက်ပြေးလာရတော့ ဘယ်လို အခက်အခဲတွေ ရှိနေလဲ။

ဖြေ။ ။ ရွာလုံးကျွတ် ထွက်ပြေးရတော့ အစားအသောက် ခက်ခဲတယ်။ တစ်ရွာလုံး ထွက်ပြေးရတော့ ကိုယ်လွတ်ရုန်းပြီး ထွက်လာရတယ်၊ တော်တော်ဒုက္ခရောက်တယ်။ ရုတ်တရက် ရွာကိုစွန့်ပြီး ထွက်လာရတယ်၊ တချို့ဆို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာရတာ။ နွေရာသီဆိုတော့ စောင်နဲ့ အိပ်ယာခင်းတွေ အဲ့လောက်ကြီး မလိုပေမယ့် လူဦးရေအများကြီး ဆိုတော့ စားရေးသောက်ရေး အဆင်မပြေဘူး။

တိုက်ပွဲကြားကနေ ထွက်ပြေးလာရတော့ စားစရာလည်း ဘာမှ မယူလိုက်ရဘူး၊ အဝတ်အစားလည်း မရခဲ့ဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပရဟိတကားတွေ ရွာကိုလာခေါ်တဲ့အချိန် ချက်ချင်းလိုက်လာရတာ။ သေနတ်သံကြားပြီးတော့ လေယာဉ်နဲ့ လာပစ်တာဆိုတော့ ကြောက်ကြောက်လှန့်လှန့်နဲ့ ထွက်လာခဲ့ရတာ။

ထွက်ပြေးလာတာလည်း တစ်သုတ်ပြီးတစ်သုတ် ပရဟိတကားတွေ သွားကြိုလာတာဆိုတော့ ကုန်းကမ်း၊ သရက်ကုန်း၊ ပါဟက်၊ ဇာလီ၊ ပန်ခံ ဒီရွာတွေ အကုန်ပြေးရတယ်။ တချို့လည်း ဘေးလွတ်မယ်ထင်တဲ့ အမျိုးတွေရှိရာနဲ့ ဘုန်းကြီးကျောင်းကို ရှောင်ရတယ်။ တချို့လည်း အဲ့မှာ တဲထိုးပြီးတော့ နေရတာမျိုး ရှိတယ်။ အများစုက အင်းဝိုင်း၊ ဘန့်ဘွေး၊ ခြေမြစ်ပင် ဒီဘက်ကို ရောက်နေတာ များတယ်။

သဲတိုက်ရွာမှာဆိုရင်လည်း အမျိုးအိမ်တွေမှာ လူ ၂၀၊ ၃၀ အဲ့လိုစုနေကြရတာ။ အခုတော့ တချို့ပိုက်ဆံပါလာတဲ့ လူတွေနား ချေးငှားပြီးတော့ စားသောက်နေကြရတာ။ ကူညီတဲ့ အဖွဲ့အစည်းတွေလည်း မရှိသေးဘူး။

မေး။ ။ နောင်ချိုမြို့နယ်မှာဆိုရင် အဓိကအားဖြင့် ကြံစိုက်ပျိုးကြတာဖြစ်တယ်၊ ကြံခုတ်ရာသီ အစကတည်းက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတော့ ဘယ်လိုမျိုး အခက်အခဲတွေ ကြုံတွေ့နေရလဲ။

ဖြေ။ ။ ကျနော်တို့ဆိုရင် ချောင်းဂွေ့ရွာကနေ အခုထွက်ပြေးလာရတဲ့ ပါဟက်ရွာကို စစ်ရှောင်လာရတယ်။ ချောင်းဂွေ့ရွာကနေ ထွက်ပြေးလာတာဆိုရင် ၄ လကျော် ရှိပြီ၊ အခု သရက်ကုန်းမှာ တိုက်ပွဲထပ်ဖြစ်တော့ ပါဟက်ရွာကနေ စစ်ဘေးလွတ်တဲ့ အင်းဝိုင်း သကြားစက်ဘက်ကို ထပ်ပြီးထွက်ပြေးရတယ်။ ပြောရရင်တော့ နှစ်ခါ ထွက်ပြေးရတာပေါ့။

တောင်သူတွေကတော့ ဘာမှ မရိတ်သိမ်းနိုင်ဘူး၊ ကြံဆိုလည်း မခုတ်ရဘူး။ ကျနော်လည်း ကြံ ၃ ဧကကျော် စိုက်ထားတာ အကုန်မီးလောင်ကုန်တယ်။ ထိခိုက်ပျက်စီးမှုကတော့ ရွာပြန်မကြည့်ရသေးတော့ မသိရသေးဘူး။ ကြံခင်းမီးလောင်တာတော့ နောက်ထပ်ပြေးလာတဲ့ အမျိုးတွေပြောလို့ သိရတာ။ အိမ်တွင်းပစ္စည်းတွေလည်း မရှိတော့ဘူး၊ စစ်တပ်က အကုန်ယူသွားပြီလို့ ‌ပြောတယ်။

ကြံခင်းမီးလောင်တော့ စားဖို့သောက်ဖို့ မရှိတော့ဘူး၊ ကလေးတွေ ပညာရေးလည်း ကျောင်းဆက်မထားပေးနိုင်ခဲ့ဘူးလေ။ ကြံခင်းမီလောင်ကုန်တော့ မျှော်လင့်ချက် မရှိတော့ဘူး။ ကြံစိုက်တုန်းကလည်း စက်ရုံကနေ စိုက်ပျိုးစရိတ်တွေ ယူထားတာရှိတော့ ကြံခင်းမီးလောင်ပြီး ကြံမပို့ရတော့ အကြွေးတင်သွားတာပေါ့။ ကြံတစ်ဧကကို စစိုက်တုန်းက အနည်းဆုံး သိန်း ၂၀ ကျော် အရင်းစိုက်ထားရတာလေ၊ အဲ့တာကို စက်ရုံကနေ ဓာတ်မြေဩဇာနဲ့ စိုက်ပျိုးစရိတ်ကို အကြွေးယူထားတာ။

စိတ်ပူတာကတော့ သကြားစက်ကနေ အကြွေးပြန်တောင်းရင်တော့ အကြွေးပူရမှာပေါ့၊ ဒါပေမယ့် အခုလောလောဆယ်တော့ စက်ရုံက ဘာမှ မပြောသေးဘူး။ အခုက ကြံတစ်တန်ကို ၁၃၂၀၀၀ ကျပ် ပေးတယ်။ ကြံတစ်ဧကဆိုရင် တန် ၃၀ ကျော် ထွက်တယ်လေ။ အခုလို ကြံခင်းမီးလောင်ကုန်တော့ ပိုက်ဆံတပြားမှ မရတော့တဲ့အပြင် အကြွေးတင်တာပေါ့။

အခုစိတ်ပူတာက ကြံရာသီဆိုတော့ ရက်အကန့်အသတ်ရှိတယ်၊ ကြံမပို့ရတော့ စိုက်ပျိုးစရိတ်တွေ မဆပ်နိုင်ဘူး။ ကြံတွေက မခုတ်ရရင် အတက်ထွက်တော့မှာ၊ စက်ရုံကလည်း ပိတ်ပြီဆိုရင် အလကား ခုတ်ပစ်ရမှာ။ တိုက်ပွဲကြား အသက်စွန့်ပြီး ကြံသွားခုတ်ရမှာ၊ မြေမြှုပ်မိုင်းစိုးရိမ်ရတာမျိုး ဖြစ်တယ်။ အခုဆို ၃ ပုံ ၁ ပုံ ပဲ ခုတ်ရသေးတယ်။ စိုက်ပျိုးရေးစရိတ်တွေ အကြွေးဆပ်ရမှာ ရှိတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...