နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာရန် နည်းလမ်းမရှိတော့ခြင်းကြောင့် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ရတော့မည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ခွန်ဆိုင်က ပြောဆိုလိုက်သည်။
ယနေ့ (မေလ ၃ ရက်) တွင် SSPP/SSA ဒုဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ခွန်ဆိုင်က
စစ်မှန်သည့် ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံတော် ရရှိရန်နှင့် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရန်အတွက် တော်လှန်ရေး တပ်ဖွဲ့များ အပါအဝင် ပြည်သူလူထုအားလုံး ကြိုးစားတိုက်ပွဲဝင်ကြရန် တိုက်တွန်းပြောဆိုလိုက်ကြောင်း SSPP Info က သတင်းထုတ်ပြန်သည်။
“စစ်ကောင်စီတွေ အာဏာသိမ်းပြီး နောက်မှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာ စားပွဲဝိုင်းပေါ် ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ နည်းလမ်းတွေ လုံးဝ မဖြစ်နိုင်တော့တဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။ အခြေအနေ လုံးဝ မပေးနိုင်တော့တဲ့အဆုံး လက်နက်ကိုင် တော်လှန်မယ့် လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်” ဟု SSPP/SSA ဒုဥက္ကဋ္ဌဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးခွန်ဆိုင်က SSPP Info တွင် ပြောဆိုထားသည်။
စစ်မှန်သည့် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရန် ချုပ်ဆိုခဲ့သည့် “ပင်လုံစာချုပ်”ကို မဟာလူမျိုးကြီးဝါဒ ကျင့်သုံးသည့် စစ်အုပ်စု အဆက်ဆက်က လျစ်လျူရှု ပစ်ပယ်ခဲ့ပြီး တစ်ပြည်ထောင်စနစ် တည်ဆောက်ခဲ့ခြင်းကြောင့် ယခုလို ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တွေဝေနေလို့ မဖြစ်တော့ပါဘူး ၊ အခု ကျနော်တို့ ဖြစ်ချင်တာက နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အဖြေရှာဖို့ လမ်းစဉ်ဟာ လုံးဝ မရှိတော့ပါဘူး၊ ဒါ့ကြောင့် တိုက်ပွဲ ဖြစ်ရပါတော့မယ်။ မနက်ဖန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖန် အခက်မကြုံဖို့အတွက် ဒီနေ့ ရုန်းကန်ရပါမယ်”ဟု SSPP/SSA ဒုဥက္ကဋ္ဌဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးခွန်ဆိုင်က ဆက်ပြောသည်။
SSPP/SSA ၏ ဒုဥက္ကဋ္ဌဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးခွန်ဆိုင် ၏ ယခုပြောဆိုချက်သည် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်က ဝမ်ဟိုင်းဌာနချုပ်တွင် သျှမ်းပြည်တပ်မတော် SSA ထူထောင်ခြင်း နှစ် (၆၀) ပြည့် အခမ်းအနားပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

၎င်းအခမ်းအနားသို့ ညီနောင်မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် ရခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) ၏ ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဒေါက်တာညိုထွန်းအောင်လည်း တက်ရောက်ခဲ့ပြီး ပြောင်းလဲလာသည့် နိုင်ငံရေး၊ စစ်ရေး ရေစီးကြောင်းတွင် ကိုယ့်လူမျိုး၊ ကိုယ့်ဒေသအတွက် အကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်ကြရန် ဂုဏ်ပြုအမှာစကားတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။
ထို့အပြင် SSPP/SSA တပ်ဖွဲ့အနေဖြင့် နယ်ချဲ့စနစ်၊ အာဏာရှင်စနစ်နှင့် အရင်းရှင်စနစ်တို့ကို တိုက်ဖျက်ပြီး မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော ကိုယ့်လူမျိုးရေးဝါဒတို့ကိုလည်း ဆန့်ကျင်ကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဆက်လက်လျှောက်လှမ်း သွားမည်ဖြစ်ကြောင်း အခမ်းအနားတွင် ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောဆိုသွားခဲ့သည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့်အနေဖြင့် SSPP ပြန်ကြားရေးဌာနကို သီးသန့်ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖြေကြားခြင်းမရှိပေ။
အလားတူ ဧပြီလ ၂၈ ရက်တွင် SSPP/SSA တပ်ဖွဲ့၏ ရွှေလီဒေသ ကွပ်ကဲရေးတပ်မ (၉၈၉) မှ မူဆယ်မြို့နယ်အတွင်း ပြန်ပေးဆွဲခြင်း၊ လူသတ်လုယက်မှုနှင့် ခိုးဆိုးလုနှိုက် ဓါးပြတိုက်မှု စသည့် မကောင်းမှု ဒုစရိုက်လုပ်ငန်း လုပ်ကိုင်နေသူများကို လူမျိုးဘာသာမရွေး ထိရောက်စွာ တားဆီးနှိမ်နှင်းသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။












Leave a Comments