သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့( ဩဂုတ်လ ၁၂ )ရက်တွင်လည်း မိုးမိတ်-မဘိမ်းသွားလမ်း ၄ မိုင်ခန့်အကွာဘက်သို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
မိုးမိတ်မြို့အပြင်ဘက်တွင်ရှိသည့် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၄) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုများ ရှိကြောင်း မိုးမိတ်မြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ကချင်တပ်ရယ် PDFပူပေါင်းအဖွဲ့တွေ နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲခဲ့တာပါ။တိုက်ပွဲက ရွာထဲမှာ ဖြစ်တာတော့ မဟုတ်ဘူး။အခြေနေကတော့ တိုက်ပွဲဖြစ် ၂ ရက်ဖြစ်ခဲ့တာကြောင့် နှစ်ဖက် စစ်ရေးကတော့ တင်းမာနေပါတယ်။” ဟု မိုးမိတ်မြို့ခံ အမျိုးသာားတစ်ဦးက ပြောသည်။
တိုက်ပွဲမဖြစ်ပွားမီ ဩဂုတ်လ ၇ ရက်ဝန်းကျင်ကလည်း မိုးမိတ်မြို့အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)နေထိုင်သည်ဟု ယူဆရသည့် နေအိမ်များကို စစ်ကောင်စီတပ်သားများ ဝင်ရောက်ရှာဖွေဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။
“တိုက်ပွဲမဖြစ်ခင်ကတည်းက စစ်တပ်ဘက်က ရွာထဲ အသွားအလာတွေရှိတယ်။ SSPP နေတယ်ထင်တဲ့ အိမ်တွေကိုလည်း ဝင်ဖျက်တာတွေရှိတယ်။အဲ့ဒီနောက် ကချင်တပ်တွေနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲတွေ ပြန်စဖြစ်လာတာပါ။တိုက်ပွဲမဖြစ်တာလည်း ကြာပါပြီ” ဟု မိုးမိတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၂ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားနေသည့် မိုးမိတ်မြို့အပြင်ဘက်သို့ စစ်ကောင်စီက လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၎င်းက ဆက်ပြောသည်
“လေကြောင်းကနေ ဗုံးကြဲတာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးတာရှိတယ်။ထိခိုက်တာလည်း ရှိပါတယ်။ဒါပေမယ့် တိုက်ပွဲက ရွာထဲမှာဖြစ်တာ မဟုတ်တော့ စစ်ရှောင်ရတဲ့အဆင့်ထိတော့ မဟုတ်သေးဘူး။နှစ်ဖက် စစ်ရေးကတော့ တင်းမာနေတယ်” ဟု အဆိုပါဒေသခံက ပြောသည်။
လက်ရှိတွင် ဒေသခံများ အစုလိုက်အပြုံလိုက် စစ်ဘေးရှောင်ရသည့် အခြေအနေ မရှိသေးကြောင်း သိရသည်။
မိုးမိတ်မြို့သည် “၁၀၂၇” စစ်ဆင်ရေး ကာလအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက်ခဲ့သည့် မြို့ဖြစ်ပြီး မိုးကုတ်မြို့နှင့်အတူ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ၏ ဖိအားပေးမှုများအပြီး TNLA က စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။













Leave a Comments