Monday, May 6, 2024

RCSS အပေါ် ခြိမ်းခြောက်ခဲ့သည့် ဓနု PDF အဖွဲ့ကို RCSS ကထိရောက်စွာအရေးယူမည်ဟု သတင်းမှားဖြန့်

Must read

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်မတော် RCSS/SSA ကို ခြိမ်းခြောက်စာထုတ်ပြန်ခဲ့သည့် ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် DANU PDFကို RCSS ကပြန်ပြီး ထိရောက်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဟု ဖြန့်ချိနေသည်။

စစ်ကောင်စီဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် Mawshan Myay Media အကောင့်မှ “ဓနုဒေသအတွင်းရှိ ရပ်စောက်၊ အင်တောကျောက်ဂူဒေသတွင် RCSS/ SSA အနေဖြင့် တပ်သားသစ်များ အတင်းအဓမ္မ မစုဆောင်းရန် ဓနုလူမျိုးအမည်ခံ PDF အဖွဲ့က ခြိမ်းခြောက်စာထုတ်ပြန်၍ အသိပေးခဲ့၊ RCSS အပေါ်ခြိမ်းခြောက်ခဲ့တဲ့ ဓနု PDF အဖွဲ့ကိုထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ RCSS/ SSA တပ်မဟာ ၂၄၉ လက်အောက်ခံတပ်ရင်းမှ စိုင်းနာလိန်က MSM သို့ပြော” ဟုဆိုကာ လုပ်ကြံသတင်းများ ဖန်တီးပြီး ချဲ့ကားဝါဒဖြန့်ချိနေလျက်ရှိသည်။

အဆိုပါ စစ်ကောင်စီ ဝါဒဖြန့်ပိုစ့်ကို ကြည့်ရှု့သူပေါင်း ၁ ထောင်ကျော်ရှိသည်။

မူရင်လင်း- https://archive.ph/gSI9w

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးမှုပြုလုပ်ခဲ့သည်။

ဓနုလူမျိုးအများစုနေထိုင်သည့် ရွာငံမြို့နယ်၊ ကလောမြို့နယ်၊ ပင်းတယမြို့နယ်၊ ရပ်စောက်မြို့နယ်နှင့် နောင်ချို့မြို့နယ်တို့တွင် တိုင်းရင်းသားလက်နက်အဖွဲ့အစည်းများက အဓမ္မတပ်သားသစ်စုဆောင်းခြင်းအပေါ် DANU PDF က ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်ကြေညာခဲ့သည်မှာ မှန်ကန်သည်။

မူရင်းလင့်- https://shorturl.at/BHJR0

သို့သော် အဓမ္မတပ်သားသစ်စုဆောင်းသည့်နေရာတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ကဖြစ်ကြောင်း ထည့်သွင်းရေးသားဖော်ပြထားခြင်းမရှိပေ။

ထိုကဲ့သို့ ပြောဆိုခြင်းမရှိသည်ကို စစ်တပ်လော်ဘီများက တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား ပဋိက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် သတင်းလုပ်ကြံဖန်တီးပြီး ရေးသားကာ သွေးထိုးလှုံ့ဆော် နေခြင်းဖြစ်သည်။

ထို့အပြင် ခိုင်လုံသည့်သက်သေ အထောက်အထားများ ဖော်ပြထားခြင်းမရှိဘဲ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS “တပ်မဟာ ၂၄၉ လက်အောက်ခံ တပ်ရင်းမှ စိုင်းနာလိန်က MSM သို့ပြော”သည်ဟု လုပ်ကြံဖန်တီးရေးသားထားသည်။

ဝါဒဖြန့်ပိုစ့်အောက်တွင်ဖော်ပြထားသော RCSS ဥက္ကာဖြစ်တဲ့ ဗိုလ်ချုပ်ကြီးရွက်ဆစ် မိန့်ခွန်းစကားပြော ဓာတ်ပုံသည်လည်း ဧပြီလ ၂၁ ရက်က မိုးပန်မြို့နယ်မှာပြုလုပ်ခဲ့သည့် စစ်သင်တန်းဆင်းပွဲမှာ မှတ်တမ်းရိုက်ကူး ထားသည့် ဓာတ်ပုံဖြစ်သည်။

မူရင်းလင့်- https://shorturl.at/lASY5

ထို့ကြောင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကို ခြိမ်းခြောက်စာထုတ်ပြန်ခဲ့သည့် ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် DANU PDFကို RCSS ကပြန်လည်အရေးယူမည်ဟု သတင်းဟာ လုပ်ကြံသတင်းမှားဖြစ်သည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲစိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

- Advertisement -spot_img

Latest article