သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏ ၂၆ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် ကွန်ဂရက်အစည်းအဝေးတို့တွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲနှင့် ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။
အဆိုပါအစည်းအဝေးမှ ဗိုလ်ချုပ်ကြီး ယွက်စစ်အား ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ပေးအပ်ခဲ့သလို အကြံပေးအဖွဲ့ဝင် (၂) ဦး၊ ပေါ်လစီ ကြီးကြပ်ရေးကော်မတီ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ဌာနအသီးသီးအတွက် ဌာနမှူးများကိုလည်း ရွေးချယ်အတည်ပြုခဲ့ကြောင်း ဆိုသည်။
လာမည့် (၄) နှစ်တာ ရှေ့လုပ်ငန်းစဉ်းများကိုလည်း ချမှတ်နိုင်ခဲ့ပြီး RCSS အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစုအဖွဲ့အသီးသီးနှင့် တွေ့ဆုံညှိနှိုင်းသည့် နည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းသွားမည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံရေးရည်မှန်းချက်အနေဖြင့် ပထမအကြိမ် သျှမ်းပြည်အမျိုးသားညီလာခံမှ အတည်ပြုထားသည့် “သျှမ်းပြည်ဖက်ဒရယ်အခြေခံမူ (၃၃) ချက်” နှင့် “အခြေခံအခွင့်အရေး (၃၈) ချက်” တို့ကို ထောက်ခံပြီး အကောင်အထည်ဖော်နိုင်ရန် တတ်နိုင်သမျှ ကြိုးပမ်းသွားမည်ဟု ဆိုသည်။
စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရသည့် စစ်ဘေးဒဏ်ခံပြည်သူများအတွက် နေထိုင်ရန် အိမ်ရာများကို RCSS မှ ကူညီဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် သျှမ်းပြည်အတွင်း အမြစ်တွယ်နေသည့် မူးယစ်ဆေးဝါးပြဿနာကိုလည်း ၎င်းတို့၏ မူဝါဒနှင့်အညီ ဆက်လက်တိုက်ဖျက်သွားမည်ဟု ဆိုသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) အများစုနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) များသည် စစ်ကောင်စီအား လက်နက်ကိုင် တော်လှန်နေ ကြသည်။
သို့သော် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် RCSS သည် တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို ဆက်လက်စွဲကိုင်ထားသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။













Leave a Comments