ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။

“အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။

စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏ မျက်နှာတွင် စိုးရိမ်သည့်အမူအရာ အလိုလို ပေါ်လွင်နေသည်။

ပုံမှန်အားဖြင့် မြန်မာနိုင်ငံတွင် ခရီးသွားချိန် လမ်းတလျှောက် ယူနီဖောင်းဝတ် စစ်သား/ရဲများနှင့် တွေ့လျှင် “စစ်တော့မလား၊ မေးတော့မလား၊ မြန်းတော့မလား” ဟူသော ကြောက်စိတ်ဖြင့် ရင်တထိတ်ထိတ် ဖြစ်ရစမြဲပင်။

သို့သော် ထင်ထားသလို မဟုတ်ဘဲ ထိုင်းစစ်တပ်၏ စစ်ဆေးရေးဂိတ် ရှေ့တွင် တန်းစီကာ အဖွဲ့လိုက် ဓာတ်ပုံရိုက် မှတ်တမ်းတင်ခံရရုံသာ ဖြစ်သည်။ ထို့နောက် စာရေးသူ အပါအဝင် ခရီးသည်အားလုံး၏ ပတ်စ်ပို့ (သို့မဟုတ်) သက်သေခံ အထောက်အထား တစ်ခုခုကို အဆိုပါ နောက်ဆုံးဂိတ်တွင် အပ်နှံထားခဲ့ရသည်။

“ထိုင်းနိုင်ငံထဲကို ပြန်ဝင်လာရင် ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံနိုင်ဖို့နဲ့ လုံခြုံရေးအတွက် လုပ်နေတာ” ဟု ကားသမားက ရှင်းပြသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅,၀၀၀ ကျော် မြင့်မားသည့် ထိုင်း-မြန်မာနယ်စပ်ဒေသ တောင်ကြောပေါ်တွင် ခံစစ်အခိုင်အမာဖြင့် တည်ဆောက်ထားသော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ ဗဟိုဌာနချုပ် လွိုင်တိုင်းလျန်းအတွင်းသို့ မဝင်ရောက်မီ ဖြတ်သန်းရသည့် လုံခြုံရေး အဆင့်ဆင့်ထဲမှ အတွေ့အကြုံတစ်ခု ဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ဗဟိုဌာနချုပ် အခြေစိုက်ရာ လွိုင်တိုင်းလျန်း ဌာနချုပ်ဆီသို့ ဖေဖော်ဝါရီလဆန်းပိုင်းတွင် စာရေးသူ ရောက်ရှိခဲ့သည်။

သျှမ်းဘာသာစကားအရ “လွိုင်”ဆိုသည်မှာ တောင်၊ “တိုင်း”ဆိုသည်မှာ သျှမ်း၊ “လျန်း”ဆိုသည်မှာ အလင်းရောင်ဟု အဓိပ္ပာယ်ရသည်။

ထိုင်းနိုင်ငံ ချင်းမိုင်-မယ်ဟောင်ဆောင်မှတစ်ဆင့် သျှမ်းပြည် လွိုင်တိုင်းလျန်းသို့ သွားရသည့် ခရီးစဉ်မှာ တောင်ကုန်းတောင်တန်း များစွာကို ဖြတ်ကျော်ရသည့် ခရီးဖြစ်သည်။

လမ်းခရီးတလျှောက် အကွေ့အကောက်နှင့် အတက်အဆင်း များပြားလွန်းလှသော်လည်း ထိုင်းနိုင်ငံဘက်ခြမ်းရှိ လမ်းအခြေအနေမှာ အံ့သြစရာဖွယ်ရာ ချောမွေ့ပြေပြစ်နေသည်။

လမ်းဘေးဝဲယာတွင် နက်ရှိုင်းသော လျှိုမြောင်တောအုပ်ကြီးများ၊ ဒေသခံတို့၏ တောင်ယာစိုက်ခင်းများနှင့် သာယာအေးချမ်းသော မြို့ရွာများကို တွေ့မြင်ခဲ့ရသည်။

အချို့သော လမ်းပိုင်းများတွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန် အဆင့်မြှင့်တင် ချဲ့ထွင်မှုများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

လွိုင်တိုင်းလျန်း ဌာနချုပ်အတွင်းသို့ မဝင်ရောက်မီ လမ်းတစ်လျှောက်တွင် ဖုန်တထောင်းထောင်း ထနေသည့် မြေသားလမ်းများကို ဖြတ်သန်းရသည်။

ထိုနေရာတွင် ထိုင်းစစ်တပ်၏ စစ်ဆေးရေးဂိတ်များကို ဖြတ်ကျော်ရပြီး လုံခြုံရေးကို စနစ်တကျ အထူး တင်းကြပ်ထားသည်ကို တွေ့ရသည်။

RCSS ဌာနချုပ် လွိုင်တိုင်းလျန်းသည် အလွန်မြင့်မားသော တောင်ကုန်းပေါ်တွင် တည်ရှိသဖြင့် တစ်နှစ်ပတ်လုံး အေးမြသော ရာသီဥတုရှိပြီး ဆောင်းရာသီတွင် အပူချိန်သည် အေးခဲမှတ်အထိ ကျဆင်းလေ့ရှိသည်။

ထို့အပြင် အလွန်မြင့်မားသော တည်နေရာကြောင့် ပတ်ဝန်းကျင်ကို အပေါ်စီးမှ ကြည့်ရှုနိုင်သည့် ဗျူဟာမြောက် အချက်အချာကျသည့် နေရာတစ်ခုလည်း ဖြစ်သည်။

လွိုင်တိုင်းလျန်း၏ ထူးခြားချက်မှာ နယ်စပ်အခြေစိုက် တပ်စခန်းတစ်ခု ဖြစ်သော်လည်း သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့သို့ တိုက်ရိုက် သွားလာနိုင်သည်။

“လွိုင်တိုင်းလျန်းကနေ မိုင်းပန်မြို့ကို သွားရင် ၄ နာရီ၊ ၅ နာရီ ဝန်းကျင်လောက်ပဲ ကြာတော့တယ်” ဟု ကားသမားက ပြောပြသည်။

အဆိုပါလမ်းကြောင်းသည် နယ်စပ်နှင့် ပြည်တွင်း ဆက်သွယ်ရေး လမ်းကြောင်းအတွက် အရေးပါသည့် လမ်းမကြီးတစ်ခု ဖြစ်လာခဲ့ကြောင်း ၎င်းကားသမားက ပြောသည်။

ယခုခရီးစဉ်အတွင်း သိသာထင်ရှားသည့် အပြောင်းအလဲမှာ လွိုင်တိုင်းလျန်းတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ လုံးဝမရှိတော့ပေ။

၂၀၂၅ ခုနှစ် ဇွန်လပိုင်းမှစ၍ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ကျားဖြန့် (အွန်လိုင်းငွေလိမ်ဂိုဏ်း လုပ်ငန်း) များကို နှိမ်နင်းရန်အတွက် နယ်စပ်တစ်ကြောရှိ ဖုန်းနှင့် အင်တာနက်လှိုင်းများကို ထိုင်းဘက်က အားလုံး ပိတ်လိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုကြောင့် ယခင်က အင်တာနက်ကောင်းမွန်စွာ ရရှိခဲ့သော အဆိုပါ လွိုင်တိုင်းလျန်းဌာနချုပ်တွင် ယခုအခါ Starlink စတားလင့်ခ် အင်တာနက်ကိုသာ အားထားအသုံးပြုနေရပြီး ရံဖန်ရံခါ လိုင်းမကောင်းသည့် အခါမျိုးတွင် ပြင်ပကမ္ဘာနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်နေသလို ဖြစ်နေသည်။

သျှမ်းပြည်အမျိုးသားနေ့

နှစ်စဉ် ဖေဖော်ဝါရီလ (၇) ရက်နေ့၌ ကျရောက်သော သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်းတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြီး ပြည်တွင်း၊ ပြည်ပမှ လူမျိုးပေါင်းစုံ တက်ရောက်လေ့ရှိသည်။

ယခုနှစ် ၂၀၂၆ ဖေဖော်ဝါရီလ (၇) ရက်တွင် ကျရောက်သည့် (၇၉) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ကို RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်းတွင် ကျင်းပပြုလုပ်ရာ စာရေးသူ အပါအဝင် သျှမ်းသံတော်ဆင့် အဖွဲ့သားနှစ်ဦးက အခွင့်အရေး ကြုံကြိုက်၍ သွားရောက် သတင်းယူခဲ့ရသည်။

ယမန်နှစ် ၂၀၂၅ ခုနှစ်တွင် ကျရောက်ခဲ့သည့် (၇၈) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကိုလည်း RCSS/SSA ဦးဆောင်ပြီး မိုင်းပန်မြို့နယ် နားဆာလေးကျေးရွာရှိ ငြိမ်းချမ်းရေးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

“သျှမ်းပြည်အမျိုးသားနေ့ဆိုတာ လူမျိုးတစ်မျိုးတည်းရဲ့ ပွဲမဟုတ်ပါဘူး။ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ အတူတကွ ရပ်တည်နိုင်ကြောင်း ပြသတဲ့ နေ့တစ်နေ့ ဖြစ်တယ်” ဟု အခမ်းအနားသို့ တက်ရောက်လာသော လီဆူတိုင်းရင်းသားတစ်ဦးဖြစ်သည့် စိုင်းဆမ် က ပြောသည်။

ယခုနှစ် လွိုင်တိုင်းလျန်းတွင် ကျင်းပပြုလုပ်ခဲ့သော အခမ်းအနား၌ RCSS/SSA တပ်ဖွဲ့ဝင် စစ်အင်အား ၁,၀၀၀ ကျော် စစ်ရေးပြခဲ့ကြပြီး တက်ရောက်လာသည့် အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများလည်း သျှမ်းပြည်အမျိုးသားနေ့အတွက် ဂုဏ်ပြုစကားများ ပြောကြားခဲ့သည်။

အခမ်းအနားသို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် သျှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် (SSNDF) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အလားတူ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC)၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (SNP) နှင့် အရပ်ဘက်အဖွဲ့အစည်းများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) မှ အထွေထွေအတွင်းရေးမှူး ကျာယာကုပ်က 7 EAO Alliance အဖွဲ့ကိုယ်စား မိန့်ခွန်းပြောကြားခဲ့သည်။

၎င်းက “လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း အစိုးရအဆက်ဆက်က ပင်လုံသဘောတူစာချုပ် အတိုင်း အကောင်အထည်ဖော်မှု ပျက်ကွက်ခဲ့လို့ ပြည်တွင်းစစ်ရေး တောက်လောင်ပြီး နှစ်ပေါင်းများစွာ တိုင်းပြည်ရဲ့ အခြေအနေ အရပ်ရပ်ဟာ ယိုယွင်းပျက်စီးနေတာ ဖြစ်ပါတယ်” ဟု ထောက်ပြပြောဆိုသည်။

လက်ရှိ တိုင်းပြည်၏ အခြေအနေ အနေအထားအရ မိမိတို့ 7 EAO Alliance အဖွဲ့အနေဖြင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ ငြိမ်းချမ်းသော နည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးရေးကို လက်ကိုင်စွဲထားသလို ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရန်အတွက်လည်း ကြိုးပမ်းဆောင်ရွက်နေကြောင်း LDU အထွေထွေအတွင်းရေးမှူး ကျာယာကုပ်က ပြောကြားခဲ့သည်။

သမိုင်းမှတ်တမ်းများအရ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပင်လုံညီလာခံအတွင်း သျှမ်းအမျိုးသားသီချင်းနှင့် ဝါ၊ စိမ်း၊ နီ သုံးရောင်ခြယ် အလယ်လပြည့်ဝန်းပါ သျှမ်းပြည်အမျိုးသားအလံတော်တို့ကို စတင်အသိအမှတ်ပြုခဲ့သည်။

RCSS ဌာနချုပ်

ထိုညီလာခံအတွင်း ဖေဖော်ဝါရီ ၇ ရက်ကို သျှမ်းပြည်အမျိုးသားနေ့အဖြစ် ထိုစဉ်က သျှမ်းပြည်စဝ်ဖလုံကောင်စီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်မှ ၁၉၄၇ ဖေဖော်ဝါရီလ (၁၁) ရက်တွင် သတ်မှတ်ပေးခဲ့ပြီး ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်တွင် သမိုင်းဝင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ပင်လုံစာချုပ်သည် ပြည်မနှင့်တောင်တန်း နိုင်ငံရေးယုံကြည်မှုကို ပထမဆုံး တည်ဆောက်ပေးနိုင်ခဲ့သည့် အခြေခံကျသော သဘောတူညီချက် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးသို့ သွားရာလမ်းကြောင်းအတွက် အရေးကြီးဆုံး အခြေခံအုတ်မြစ် တစ်ခု ဖြစ်ခဲ့သည်။

၁၉၄၇ ခုနှစ် ပင်လုံညီလာခံမှ သန္ဓေတည်ခဲ့သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှရေး ကတိကဝတ်များသည် ယနေ့တိုင် အပြည့်အဝ မရရှိသေးသော်လည်း သျှမ်းပြည်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံသည် အာဏာရှင်ကို လက်တွဲတော်လှန်ရင်း ဖက်ဒရယ် ပြည်ထောင်စုသစ်ဆီသို့ ဦးတည်နေကြသည်။

“တိုင်းပြည်လွတ်လပ်ရေး ရရှိခဲ့တာဟာ (၇၈) နှစ် ကြာခဲ့ပေမယ့် အိမ်နီးချင်း တိုင်းပြည်တွေလို မိမိတို့ တိုင်းပြည် မဖွံ့ဖြိုး မတိုးတက်တာဟာ တိုင်းပြည်ခေါင်းဆောင်တွေက အလယ်အလတ် လမ်းစဉ်တရားနဲ့ အဆက်ပြတ်လို့ပဲ ဖြစ်ပါတယ်” ဟု RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က မိန့်ခွန်းပြောကြားစဉ် ထောက်ပြဝေဖန်ခဲ့သည်။

ထို့အပြင် ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် အပါအဝင် အကြုံပြုချက် လေးချက်ကို သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနား မိန့်ခွန်း၌ ၎င်းက ထည့်သွင်းတိုက်တွန်းခဲ့သည်။

ခေတ်သစ်ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ အနေဖြင့် အတိတ်က အမှားကို သင်ခန်းစာယူပြီး အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်ရန်၊ တပါးသူ အမှားထက် ကိုယ့်အမှားကိုယ် မြင်တက်ရန်၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကြရန် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုခဲ့သည်။

၁၉၄၇ ပင်လုံစာချုပ်နှင့် ပင်လုံကတိကဝတ်များအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ တစ်ဘက်နှင့်တစ်ဘက် အနိုင်ယူ ဖိနှိပ်ချုပ်ချယ်ခြင်းထက် နှစ်ဦးနှစ်ဘက် ကောင်းကျိုးအတွက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း၊ တိုင်းပြည်လုံခြုံရေးအတွက် ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းတည်ဆောက်ခြင်း စသည့်ဖြင့် လုပ်ဆောင်ကြရန် ဗိုလ်ချုပ်ကြီး ယွက်စစ်က အကြုံပြု ပြောကြားခဲ့သည်။

နှစ်ဘက်စလုံး ရှုံးတယ်

စစ်တပ်အာဏာသိမ်းပြီး (၅) နှစ်ကျော်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အသီးသီးသည် မိမိတို့ ယုံကြည်ရာ လမ်းစဉ်ကိုယ်စီဖြင့် တော်လှန်ရေးခရီး ဆက်လက် လျှောက်လမ်းနေကြသည်။

ထိုအထဲတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ မကြာသေးမီက ပြောဆိုချက်များသည် RCSS တပ်ဖွဲ့၏ ထူးခြားသော နိုင်ငံရေးရပ်တည်ချက်ကို မီးမောင်းထိုး ပြနေသည်။

စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က “ကျနော်တို့နဲ့ မသက်ဆိုင်ပါဘူး” ဟု ပြတ်သားစွာ ပြောကြားခဲ့သည်။

“အခု ရွေးကောက်ပွဲက ကျနော်တို့ RCSS နဲ့ မသက်ဆိုင်ပါဘူး။ ကျနော်တို့က ဘယ်သူ့ဘက်မှ မပါဝင်ပါဘူး။ ကျနော်တို့ကတော့ ဒီအစိုးရက ဘယ်လို ဆောင်ရွက်သွားမလဲ ဆိုတာကိုပဲ စောင့်ကြည့်နေပါတယ်” ဟု လွိုင်တိုင်းလျန်းတွင် ကျင်းပခဲ့သော (၇၉) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနား စစ်ရေးပြပွဲအပြီးတွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် မှ ပြည်တွင်း၊ ပြည်ပ မီဒီယာများသို့ ပြောကြားသည်။

ထို့အပြင် အသစ်တက်လာမည့် အစိုးရသစ်၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ပြီးမှသာ လက်ခံ၊ မခံ ဆုံးဖြတ်မည် ဖြစ်ကြောင်း၊ အတိတ်က တိုက်ပွဲများကြောင့် နှစ်ဘက်စလုံး ဆုံးရှုံးခဲ့ရပြီး ပြည်သူများသာ ဒုက္ခရောက်ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ အရပ်သားများကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆိုးဆိုးရွားရွား ပြုလုပ်နေသော်လည်း ကမ္ဘာ့ခေါင်းဆောင်များက လျစ်လျူရှုထားကြောင်း ရိုက်တာသတင်းဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းစဉ် ဗိုလ်ချုပ်ကြီး ယွက်စစ်က ယင်းကဲ့သို့ ပြောကြားခဲ့သည်။

အရပ်သားပြည်သူများသည် နေ့စဉ်နှင့်အမျှ စစ်ဘေးဒဏ်ကို ခံစားနေရကြောင်း၊ မြန်မာစစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုများ တိုးမြင့်လုပ်ဆောင်လာသည့်အတွက် သေဆုံးသူ အရပ်သား ၁,၀၀၀ ကျော်ရှိခဲ့ကြောင်း၊ သို့သော် ကမ္ဘာ့နိုင်ငံအများအပြားက မြန်မာစစ်တပ်၏ လုပ်ဆောင်ချက်များ ရပ်တန့်ရန် ပျက်ကွက်နေပြီး မြန်မာနိုင်ငံသားများ အားကိုးရာမဲ့နေကြောင်း ၎င်းက ဆိုသည်။

ယနေ့ အခြေအနေတွင် မိမိတို့အနေဖြင့် မည်သူ့ကို အားကိုးယုံကြည်ရမည်နည်း ဆိုသည်မှာ မသိတော့ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ထပ်လောင်းပြောဆိုခဲ့သည်။

ပထမအကြိမ် သျှမ်းပြည်အမျိုးသား ညီလာခံ

သျှမ်းအမျိုးသားနေ့မတိုင်မီ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ RCSS ဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်း၌ ပထမအကြိမ် “သျှမ်းပြည်အမျိုးသားညီလာခံ” ကျင်းပခဲ့ကြောင်း သိရသည်။

ထိုညီလာခံမှတစ်ဆင့် သျှမ်းပြည်ဖက်ဒရယ် အခြေခံမူ (၃၃) ချက်ကို အတည်ပြုပြီးနောက် သျှမ်းပြည်ဖက်ဒရယ်ရေးရာ လမ်းညွှန်ကောင်စီကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) မှ လုပ်ဆောင်နေသည့် Federal Steering Council (FSC) နှင့် ပတ်သက်၍ မည်သို့ ကွာခြားမှုရှိကြောင်း သျှမ်းသံတော်ဆင့်မှ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို မေးမြန်းခဲ့ရသည်။

၎င်းက “NUCC က တစ်ပြည်ထောင်စုလုံးအတွက် ရည်ရွယ်တယ်။ ကျနော်တို့ကတော့ သျှမ်းပြည်အတွက် လုပ်နေတာ” ဟု ရှင်းလင်း ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ပြောဆိုချက်အရ RCSS ၏ မူဝါဒမှာ သျှမ်းပြည်အရေးသည် ပထမ ဦးစားပေး ဖြစ်ပြီး ပြည်ထောင်စုအဆင့်ထက် မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နယ်မြေကိုသာ ပိုမို အာရုံစိုက်နေကြောင်း ထင်ဟပ်စေသည်။

ထို့အပြင် အတိတ်ကာလ စစ်အုပ်ချုပ်ရေးနှင့် နိုင်ငံရေးပါတီများ၏ နည်းလမ်းများတွင် ပြည်သူလူထုအတွက် နေရာမရှိခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ဝေဖန်ခဲ့သည်။

ပြီးခဲ့သည့် သျှမ်းပြည်အမျိုးသားညီလာခံမှ တစ်ဆင့် ပြည်သူများ လွတ်လပ်စွာ စကားပြောဆို ဆွေးနွေးခွင့် ရရှိလာခြင်းကို ၎င်းက အောင်မြစ်မှုတစ်ခုဟု မီဒီယာများကို ပြောကြားခဲ့သည်။

ဖယ်ဒရယ်အခြေခံပုံစံများကို ပြည်သူနှင့်အတူ ဆွေးနွေးနိုင်ခြင်းသည် နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့် အခွင့်အရေးများကို ပြန်လည်တည်ဆောက်ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

သို့သော် အဆိုပါဆွေးနွေးမှုများမှာ လက်တွေ့မြေပြင်တွင် မည်မျှအထိ အသက်ဝင် အားကောင်းလာနိုင်မည်နည်း ဆိုသည်မှာ မေးခွန်းထုတ်စရာ ရှိနေဆဲ ဖြစ်သည်။

“သူပြောတဲ့ စေတနာက ကောင်းပါတယ်။ ဒါပေမယ့် တကယ်တမ်း လက်တွေ့ ကျင့်သုံးနိုင်၊ မကျင့်သုံးနိုင် ဆိုတာကတော့ အချက်အလက် အများကြီး အပေါ်မှာ မူတည်တယ်” ဟု သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အားလုံးပါဝင်နိုင်သော လူထုဆွေးနွေးပွဲ တစ်ခုဖြစ်မှသာ နေရာပေါင်းစုံ၊ အသံပေါင်းစုံ ထွက်လာမည် ဖြစ်ပြီး ပြည်သူလူထုများ၏ စိတ်နေသဘောထားကို ခြုံငုံသုံးသပ်နိုင်မည် ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် သွားချင်သည့် နိုင်ငံရေး လမ်းပြမြေပုံကို အတူတကွ ရေးဆွဲနိုင်မည် ဖြစ်ကြောင်း သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက သုံးသပ်ပြောဆိုသည်။

နိုင်ငံရေးစကားဝိုင်းများကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလိုသော်လည်း သျှမ်းပြည်အတွင်းရှိ သျှမ်းလက်နက်ကိုင်တပ် ၂ ဖွဲ့ဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား စစ်ရေးနှင့် နယ်မြေပဋိပက္ခများမှာ ယနေ့တိုင် အဖြေတစ်ခု မထွက်သေးပေ။

သျှမ်းလက်နက်ကိုင်တပ် အချင်းချင်းကြား တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှု အခြေအနေနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီး ယွက်စစ်က “အခု လောလောဆယ်တော့ ကျနော်တို့ ဆွေးနွေးနေတဲ့ အဆင့်ထိပဲ ရှိပါသေးတယ်” ဟု ဖေဖော်ဝါရီလ ၇ ရက်တွင် ပြုလုပ်ခဲ့သည့် (၇၉) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနား စစ်ရေးပြပွဲအပြီး သျှမ်းသံတော်ဆင့်ကို ပြောကြားခဲ့သည်။

သို့သော် RCSS/SSA တပ်ဖွဲ့ အနေဖြင့် စစ်ကော်မရှင်နှင့် လည်းကောင်း၊ အခြားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များနှင့် လည်းကောင်း ဆက်သွယ်ပြောဆိုမှုများလည်း ရှိနေသည်ဟု ဆိုသည်။

ဆွေးနွေးရေးလမ်းစဉ်ကိုသာ ဆက်လက်စွဲကိုင်

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EROs) အများစုနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) များသည် စစ်ကော်မရှင်တပ်ကို လက်နက်စွဲကိုင် တော်လှန်နေကြသည်။

သို့သော် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA မှာ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို ဆက်လက်စွဲကိုင်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ် ရပ်တည်လျက် ရှိသည်။

ယခုနှစ် ၂၀၂၆ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏ ၂၆ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် ကွန်ဂရက် အစည်းအဝေးတို့တွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲနှင့် ရှေ့လုပ်ငန်းစဉ်းများကို အတည်ပြုခဲ့သည်။

အဆိုပါ အစည်းအဝေးမှ ဗိုလ်ချုပ်ကြီး ယွက်စစ်အား RCSS ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ပေးအပ်ခဲ့သလို အကြံပေး အဖွဲ့ဝင် (၂) ဦး၊ ပေါ်လစီ ကြီးကြပ်ရေးကော်မတီ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ဌာနအသီးသီးအတွက် ဌာနမှူးများကိုလည်း ရွေးချယ်အတည်ပြုခဲ့ကြောင်း RCSS က ဖေဖော်ဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်သည်။

လာမည့် (၄) နှစ်တာ ရှေ့လုပ်ငန်းစဉ်များကိုလည်း ချမှတ်နိုင်ခဲ့ကြောင်း သိရပြီး အဓိကအားဖြင့် RCSS အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဆက်လက်ရပ်တည်သွားမည် ဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစုအဖွဲ့အသီးသီးနှင့် တွေ့ဆုံညှိနှိုင်းသည့် နည်းလမ်းဖြင့်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းသွားမည်ဟု အတိအလင်း ကြေညာခဲ့သည်။

ထိုအထဲတွင် နိုင်ငံရေးရည်မှန်းချက် အနေဖြင့် ပထမအကြိမ် သျှမ်းပြည်အမျိုးသားညီလာခံမှ အတည်ပြုထားသည့် “သျှမ်းပြည်ဖက်ဒရယ်အခြေခံ (၃၃) ချက်နှင့် အခြေခံအခွင့်အရေး (၃၈) ချက်” တို့ကို ထောက်ခံ အကောင်အထည်ဖော်နိုင်ရန် တတ်နိုင်သမျှ ကြိုးပမ်းသွားမည်ဟု ဆိုသည်။

ထို့အပြင် စစ်ရေးပဋိက္ခများကြောင့် နေရပ်စွန့်ခွာရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် အိမ်ရာများ ကူညီဆောက်လုပ် ပေးသွားမည် ဖြစ်ပြီး သျှမ်းပြည်အတွင်း အမြစ်တွယ်နေသည့် မူးယစ်ဆေးဝါး ပြဿနာကိုလည်း RCSS မူဝါဒနှင့်အညီ ဆက်လက်တိုက်ဖျက်သွားမည်ဟု အသိပေးထားသည်။

စစ်ရေး၊ နိုင်ငံရေး အပြောင်းအလဲများ

ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော RCSS/SSA တပ်ဖွဲ့သည် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတပိုင်း အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။

၂၀၁၁ ဒီဇင်ဘာလတွင် ပြည်နယ်အဆင့်၊ ၂၀၁၂ ဇန်နဝါရီလတွင် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အခြားသော တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးခဲ့သည်။

NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း သျှမ်းပြည်တောင်ပိုင်းတွင် အဓိက အခြေစိုက် လှုပ်ရှားသော အင်အား ၃,၀၀၀ ကျော်ရှိသည့် RCSS တပ်ဖွဲ့ဝင်များသည် သျှမ်းပြည်မြောက်ပိုင်းရှိ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံနှင့် မူဆယ် မြို့နယ်များအထိ ၎င်းတို့၏ တပ်ဖြန့်ကျက်မှုကို သိသာစွာ တိုးချဲ့ခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ့ (ISP- Myanmar) မှ ပြုစုထားသော တိုင်ရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း (၂၀၂၅ ခုနှစ် သြဂုတ် ၂၀ ရက်) စာရင်းများအရ သိရသည်။

အဆိုပါ နယ်မြေများသည် တရုတ်နိုင်ငံက ဖော်ဆောင်လိုသည့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း (BRI) နှင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် အနာဂတ်တွင် အရေးပါလာမည့် နေရာများဖြစ်သည်။ ထိုဒေသများတွင် ယခင်ကတည်းက အခြေစိုက်လှုပ်ရှားနေသော မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် နယ်မြေပြဿနာ စစ်ရေးပဋိပက္ခများ စတင်ဖြစ်ပေါ်လာခဲ့ကြောင်း ဆိုသည်။

ထို့ကြောင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသလို ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့်လည်း စစ်ရေးပဋိပက္ခများ ကြီးထွားလာခဲ့ကြောင်း (ISP- Myanmar) က ဖော်ပြထားသည်။

၂၀၁၈ မှ ၂၀၂၁ ခုနှစ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ၏ အပြင်းအထန် ထိုးစစ်ဆင်မှုများကြောင့် RCSS/SSA သည် သျှမ်းပြည်မြောက်ပိုင်းရှိ ထိန်းချုပ်နယ်မြေ အားလုံးနီးပါးကို ဆုံးရှုံးခဲ့ရပြီး ၂၀၂၁ နောက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းသို့ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဆိုသည်။

လက်ရှိ RCSS ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် ယခင်က နာမည်ကျော် ခွန်ဆာ၏ Mong Tai Army (MTA) မှ တပ်မှူးတစ်ဦးလည်း ဖြစ်သည်။

MTA တပ်ဖွဲ့သည် နဝတ စစ်အစိုးရတပ်များကို နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့တွင် ခွန်ဆာ လက်နက်ချရာမှ ပြိုကွဲသွားခဲ့သည်။

ခွန်ဆာ လက်နက်ချချိန်တွင် အဆိုပါအရှုံးကို လက်မခံဘဲ ထိုစဉ်က MTA တပ်မှူး ယွက်စစ်နှင့် ၎င်း၏တပ်များက ခွဲထွက်ကာ ၁၉၉၆ ခုနှစ် ဇန်နဝါရီလတွင် သျှမ်းပြည်တပ်မတော် (SSA) ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထို့နောက် MTA မှ ခွဲထွက်လာသည့် သျှမ်းပြည်အမျိုးသားတပ်မတော် (SSNA) သည် ၎င်းတို့နှင့် ပူးပေါင်းခဲ့ပြီး ၂၀၀၀ ပြည့်နှစ် မေလတွင် နိုင်ငံရေးအဖွဲ့အစည်းအဖြစ် “သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)” ကို ဖွဲ့စည်းနိုင်ခဲ့သည်။

တိမ်စိုင်ထက်က မျှော်လင့်ချက်

နေလုံးကြီးက သျှမ်းရိုးမ တောင်တန်းကြီးများ၏ နောက်ကွယ်သို့ တဖြည်းဖြည်း ငုပ်လျှိုးသွားသည့်အခါ လွိုင်တိုင်းလျန်း တစ်ခွင်လုံး ရွှေအိုရောင် အလင်းတန်းများ လွှမ်းခြုံသွားသည်။

တောင်စောင်းတစ်လျှောက်ရှိ ဝါးအိမ်ကလေးများ၏ အမိုးအပေါ်တွင်လည်းကောင်း၊ စစ်သည်တော်များ၏ ယူနီဖောင်းများပေါ်တွင် လည်းကောင်း ဆည်းဆာရောင်ခြည်က ပန်းချီဆွဲထားသလို ရှိနေသည်။ ရွှေဝါရောင် သန်းနေသော ညနေဆည်းဆာကို ကြည့်ရင်း လွမ်းမိသလိုလိုတော့ ရှိသည်။

အဝေးက သျှမ်းပြည်ဘက်ခြမ်းကို လှမ်းကြည့်လျှင် မှိုင်းပြပြ တောင်တန်းများက ဆိတ်ငြိမ်နေသော်လည်း ထိုဆည်းဆာအောက်မှာ လူပေါင်းများစွာသည် စစ်မီးဒဏ်ကြောင့် အိမ်ပြန်လမ်း ပျောက်နေကြရရှာသည်။

လွိုင်တိုင်းလျန်း၏ အေးမြသော လေညင်းက စာရေးသူ၏ ပါးပြင်ကို လာရောက်ထိတွေ့ချိန်တွင် ဆည်းဆာရောင်က ပို၍ ရင့်လာသလို ခံစားရသည်။ ညနေခင်း၏ အလှတရားသည် ခဏတာသာ ဖြစ်သော်လည်း ထိုအလှတရား နောက်ကွယ်က အလွမ်းဓာတ်က ကျနော်ရင်ထဲတွင် ကြာရှည်စွာ ကိန်းအောင်းနေတော့သည်။

ထိုအချိန်တွင် လီဆူတိုင်းရင်းသားတစ်ဦးဖြစ်သည့် စိုင်းဆမ်၏ စကားသံမှာ ကျနော်၏ နားထဲတွင် ပဲ့တင်သံ ထပ်နေတော့သည်။

“ရန်သူတွေ ဘယ်လောက်ပဲ သွေးခွဲဖို့ ကြိုးစားပါစေ၊ စည်းလုံးညီညွတ်မှု ရှိနေသရွေ့ ကျနော်တို့ကို ခွဲခွာနိုင်မှာ မဟုတ်ဘူး”

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

သျှမ်းပြည်အက်ကွဲရေးမှ ပြည်ထောင်စုကြီးပြိုကွဲရေးသို့ …. သတိမူဖို့

0
လွန်ခဲ့တဲ့ ၇၉ နှစ်က သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ တောင်တန်းနဲ့ မြေပြန့် စုစည်းပြီး ပြည်ထောင်စု အိပ်မက်ကို အတူတူ အစပျိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ မေ့ထားလို့မရတာက အဲဒီအိပ်မက်ရဲ့ မိခင်ရင်းဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက သန္ဓေတည်ခဲ့တဲ့ "သျှမ်းအမျိုးသားနေ့" ရဲ့ စည်းလုံး ညီညွတ်မှုပဲ...

သျှမ်းအမျိုးသားနေ့ (သို့မဟုတ်) သျှမ်းပြည်နယ်နေ့

0
ဖေဖော်ဝါရီ ၇ ရက်သည် မြန်မာ့လွတ်လပ်ရေးသမိုင်းအတွင်း မေ့လျော့လို့မရသည့် အရေးပါသောနေ့တစ်နေ့ဖြစ်သည်။ ယနေ့ကို မူလအားဖြင့် “သျှမ်းအမျိုးသားနေ့” ဟု သတ်မှတ်ခဲ့ပြီး နောက်ပိုင်းတွင် “သျှမ်းပြည်နယ်နေ့” ဟု အမည်ပြောင်းလဲ ခေါ်ဝေါ်လာကြသော်လည်း အခြေခံအနှစ်သာရမှာတော့ သျှမ်းကုန်းပြင်မြင့်၏ လွတ်လပ်ရေး၊ တန်းတူရေးနှင့် စည်းလုံးညီညွတ်မှု စိတ်ဓာတ် ကို သင်္ကေတပြုထားခြင်းပင် ဖြစ်သည်။ သမိုင်းအရ...

“အတိတ်က အမှားကို သင်ခန်းစာယူပြီး အနာဂတ် အတွက် ပြင်ဆင်ရန်” RCSS ဥက္ကဌ ပြော

0
ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်ရန် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က က အကြံပြုပြောဆိုလိုက်သည်။ အဆိုပါပြောဆိုချက်သည် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းပြည် တပ်မတော် ( RCSS/SSA) ၏ ဌာနချုပ် လွိုင်တိုင်းလျန်းတွင် ကျင်းပသည့်...