“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။
ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅ ရက် နေ့လယ်ပိုင်းတွင် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ အောင်မြေသစ် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်မှာ Grade – 12 ကျောင်းသူ မဝတ်မှုန် (အမည်လွှဲ) သည် ဖျားနေပြီး နေမကောင်း ဖြစ်သောကြောင့် အဆောင်ပြန်၍ နားချင်သည့်အကြောင်း ဆရာမဖြစ်သူကို အသိပေး ပြောပြခဲ့သည်။
ယခင်က ကျောင်းသား/ကျောင်းသူ တစ်ဦးဦး နေမကောင်းဖြစ်လျှင် ကျောင်းဘက်မှ ဆရာမ တစ်ဦးပါ ထည့်ပေးပြီး ကျောင်းကားဖြင့် ဆေးခန်းလိုက်ပို့ပေးလေ့ ရှိသော်လည်း ထိုနေ့တွင် မဝတ်မှုန် အပါအဝင် နေမကောင်းဖြစ်နေသည့် နောက်ထပ် ကျောင်းသူ ၂ ဦးတို့ကို ကျောင်းအုပ်၏ သားလည်းဖြစ် ကျောင်းဆရာလည်းဖြစ်သူက ဆေးခန်းလိုက်ပို့ပေးခဲ့ကြောင်း သိရသည်။
အောင်မြေသစ် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းကို ဖွင့်လှစ်ထားသည့် ကျောင်းအုပ်ဆရာမကြီးနှင့် အဆောင်ပိုင်ရှင်၏ သားဖြစ်သူ အသက် ၂၉ နှစ်အရွယ် ဇာနည်သွေး ဆိုသူသည် ထိုကျောင်းရှိ အလယ်တန်းအတွက် မြန်မာစာ သင်ကြားပေးနေသည့် ဆရာတစ်ဦးလည်းဖြစ်ကြောင်း ကျောင်းသူအချို့က သျှမ်းသံတော်ဆင့်ကို ပြောသည်။
ဆေးခန်းအပြန်တွင် ကျောင်းဆရာဖြစ်သည့် ဇာနည်သွေး က မဝတ်မှုန်၏ အခန်းထဲအထိ ဝင်လာပြီး မဖွယ်မရာ စကားလုံးများ စတင်မေးမြန်းကာ မုဒိမ်းပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း မဝတ်မှုန်၏ သူငယ်ချင်းဖြစ်သူတစ်ဦးက ပြန်ပြောပြသည်။
ကျောင်းဆင်းချိန်တွင် သူငယ်ချင်းများ အဆောင်သို့ ပြန်ရောက်သောအခါ မဝတ်မှုန်သည် ကုတင်အောက်တွင် ပုန်းအောင်းကာ ငိုယိုနေပြီး “အိမ်ပြန်ချင်တယ်၊ အိမ်ပြန်ချင်တယ် … ကြောက်တယ်” ဟူ၍သာ အကြိမ်ကြိမ် ရေရွက်နေခဲ့သည်ဟု ၎င်းမြင်တွေ့ရသည့် အခြေအနေကို သူငယ်ချင်းဖြစ်သူက ပြန်ပြောပြသည်။
“သူငယ်ချင်းက အစကတည်းက နေလည်းမကောင်းတာမို့၊ ဒီလိုဖြစ်တဲ့အချိန်မှာ ဘယ်လောက်ထိ ခံစားနေရမယ်ဆိုတာ ပြောတောင် မပြောတတ်တော့ဘူး” ဟု မဝတ်မှုန်၏ သူငယ်ချင်းဖြစ်သူက ဝမ်းနည်းစွာ ပြောသည်။
မဝတ်မှုန်သည် မုဒိမ်းပြုကျင့်ခံခဲ့ရပုံနှင့် ခြိမ်းခြောက်ငွေညှစ်ခံခဲ့ရသည့် အခြေအနေ ဖြစ်စဉ်အသေးစိတ်ကို သူငယ်ချင်းများအား ဖွင့်ဟပြောပြခဲ့ကြောင်း ဆိုသည်။
“အိမ်ပြန်ချင်တယ်၊ အိမ်ပြန်ချင်တယ် … ကြောက်တယ် ဆိုပြီး တစ်ကိုယ်လုံး တုန်ပြီး အဲ့စကားတွေပဲ အထပ်ထပ် ပြောနေတာ။ သမီးတို့ဆို ဘာမှ မသိသေးတာတောင် သူ့ပုံစံကိုမြင်ပြီး သနားလို့ မျက်ရည်တွေ ကျတယ်” ဟု မဝတ်မှုန်၏ သူငယ်ချင်းဖြစ်သူတစ်ဦးက စိတ်အားငယ်လျက် ပြန်ပြောပြသည်။
ထို့နောက် မုဒိမ်းမှုကျူးလွန်သူ ကျောင်းဆရာ၏ မိခင်ဖြစ်သူ ကျောင်းအုပ်ဆရာမကြီးက ကြားသိသွားပြီး ဇန်နဝါရီလ ၁၆ ရက်တွင် မဝတ်မှုန်ကို ခေါ်ယူမေးမြန်းကာ သတင်းဖုံးဖိထားပေးရန် ညှိနှိုင်းပြောဆိုခဲ့ကြောင်း သိရသည်။

မဝတ်မှုန်၏ သူငယ်ချင်းအချို့ ပြောပြချက်အရ ကျောင်းအုပ်ဆရာမကြီးမှ “ဒီကိစ္စကို မိဘတွေကို မပြောနဲ့၊ လိုချင်တာ အကုန်ဝယ်ပေးမယ်” ဟု ချော့မော့ပြောဆိုကာ နှုတ်ဆိတ်နေပေးရန် ပြောဆိုခဲ့ကြောင်း ဆိုသည်။
ထို့အပြင် ကျောင်းအုပ်ဆရာမကြီးက “သူ့သားက လူလွတ်ဆိုရင် ပေးစားမယ်၊ အခုက လူလွတ် မဟုတ်တော့ ပေးစားမယ်ဆိုရင် သူ့မယားငယ်ပဲ ဖြစ်မှာ” ဟု ဆက်လက် ပြောကြားခဲ့သေးကြောင်း ဆိုသည်။
အဆိုပါ ပြောဆိုချက်များနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ရန် အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။
မဝတ်မှုန်သည် ကျောင်းအုပ်ဆရာမကြီးနှင့် တွေ့ရသည့်အချိန်တွင် ဖုန်းပေးသုံးရန် တောင်းဆိုခဲ့သော်လည်း “မိဘတွေကို မဆက်သွယ်ဘူး” ဆိုသည့် ကတိပေးမှသာ ဖုန်းပေးသုံးမည်ဟု ကျောင်းအုပ်ဆရာမကြီးဘက်က ပြောဆိုခဲ့ပြီး မဝတ်မှုန်က ထိုကတိပေးပြီးနောက်မှ ဖုန်းထုတ်ပေးခဲ့ကြောင်း သိရသည်။
အောင်မြေသစ် ကိုယ်ပိုင်ကျောင်း၏ ကျောင်းစည်းကမ်းအရ တစ်ပတ်လျှင် တနင်္ဂနွေနေ့ တစ်ရက်တည်းသာ ဖုန်းအသုံးပြုခွင့်ပေးပြီး ကျန်သည့် ရက်များတွင် ကျောင်းဘက်မှ ကျောင်းသားကျောင်းသူများ၏ ဖုန်းများကို သိမ်းယူထားကြောင်း မဝတ်မှုန်၏ သူငယ်ချင်းအချို့က ပြောသည်။
ဖုန်းရပြီးသည့်နောက် မဝတ်မှုန်သည် မိသားစုထံ ဖုန်းဆက်သွယ် အကြောင်းကြားခဲ့ပြီး အောင်မြေသစ်ကျောင်းတွင် ဆက်မနေချင်တော့ခြင်းကြောင့် ပြန်လာခေါ်ပေးရန် ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် ဇန်နဝါရီလ ၁၇ ရက်တွင် မဝတ်မှုန်၏ မိဘများမှ မဝတ်မှုန်ကို အောင်မြေသစ်ကိုယ်ပိုင်ကျောင်းတွင် ပြန်လာခေါ်ခဲ့ပြီး ထိုရက်၌ပင် တောင်ကြီးမြို့မရဲစခန်း၌ အမှုဖွင့်ခဲ့ကြောင်း သိရသည်။
အောင်မြေသစ်ကိုယ်ပိုင်ကျောင်းတွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို ဇန်နဝါရီလ ၁၈ ရက်ကတည်းက တောင်ကြီးမြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း စစ်ကော်မရှင်ဘက်က ဇန်နဝါရီလ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ကျောင်းဆရာတစ်ဦးမှ ကျောင်းသူတစ်ဦးကို မုဒိမ်းပြုကျင့်မှု ဖြစ်ပွားခဲ့သည့် အောင်မြေသစ် ပုဂ္ဂလိက အထက်တန်းကျောင်းကို ပုဂ္ဂလိကပညာရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု စစ်ကော်မရှင်ဘက်က ကြေညာထားသည်။
“အမှုက ဘယ်ရှေ့နေအပ်ထားလဲတော့ မသိသေးဘူး။ ဥပဒေအရ တော်တော်များများက ကြေအေးတာနဲ့ ပြီးသွားကြမှာပဲ” ဟု တောင်ကြီးမြို့မှ အမှုလိုက် ရှေ့နေ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အဲ့လိုကိစ္စတွေ များသောအားဖြင့် ဥပဒေ ပေးထားချက်အရ ပုဒ်မ ၃၇၆ ရဲ့ ပေးထားချက်အရရော၊ ကာယကံရှင်တွေရဲ့ သဘောထားပေါ် မူတည်တယ်။ စစ်ဆေးမေးမြန်းပြီးမှ ဘယ်လိုဖြစ်လဲ ဆိုတာ သိရမှာ။ လူတိုင်းက အသေးစိတ် မရနိုင်ပါဘူး၊ ရွာတွေဘက်လည်း ခဏခဏ ဖြစ်လာတယ်” ဟု အဆိုပါ ရှေ့နေက ရှင်းပြသည်။
လက်ရှိတွင် Grade – 12 စာမေးပွဲကာလ နီးကပ်နေခြင်းကြောင့် မုဒိမ်းပြုကျင့်ခံရသည့် မိန်းကလေးငယ်၏ သဘောဆန္ဒအလျောက် ပြင်ပဖြေအဖြစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စီစဉ်ဆောင်ရွက်ထားကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
သို့သော် မဝတ်မှုန်နှင့် နီးစပ်သူတစ်ဦးက မဝတ်မှုန် အနေဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နေဆဲဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ကလေးကတော့ ကြောက်နေတုန်းပဲ။ ဒီနေ့လည်း ဆေးသွားစစ်တယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
လတ်တလော ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုဖြစ်စဉ်ကြောင့် ကျောင်းသားမိဘ အများစုနှင့် မြို့ခံလူထုများကလည်း ကျောင်းသား/ကျောင်းသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် အောင်မြေသစ် ကိုယ်ပိုင်ကျောင်းတွင် ဆက်မထားကြရန် ဆော်သြနေကြသည်။
တောင်ကြီးမြို့တွင် အခြားပုဂ္ဂလိက စာသင်ကျောင်း ၅ ကျောင်းထက်မနည်း ရှိနေပြီး အောင်မြေသစ်ကျောင်းမှ ရွှေ့ပြောင်းလိုသည့် ကျောင်းသား/ကျောင်းသူများကို ပညာဒါန ပြုသည့်အနေဖြင့် လက်ခံပြီး လက်ရှိစာသင်နှစ် ပြီးသည်အထိ အခမဲ့ သင်ကြားပေးသွားမည်ဟု ကျောင်းအသီးသီးမှ စာထုတ်ကြေညာထားသည်။
ထို့အပြင် Grade – 12 ကျောင်းသား/ကျောင်းသူများကိုလည်း စာမေးပွဲဖြေဆိုနိုင်ရန် ကူညီပေးသွားမည်ဟု ကိုယ်ပိုင်ကျောင်းများဘက်က ကြေညာထားကြသည်။
“ကျောင်းသား/ကျောင်းသူတွေရဲ့ မိဘဆွေမျိုးတွေကတော့ ကိုယ့်ကလေးကို သွားကြိုကြတယ်လို့ သိရတယ်။ အဲ့ကျောင်းက အရင်တုန်းက သူတို့ အဆောင်ဖွင့်ထားတာ။ ကိုယ်ပိုင်ကျောင်းဖွင့်လာတာ ၇ နှစ်၊ ၈ နှစ် လောက်ပဲ ရှိဦးမယ်” ဟု တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာတစ်ဦးကိုယ်တိုင် သက်ငယ်မုဒိမ်းမှု ကျူးလွန်ခြင်းကြောင့် မိဘများသည် ကလေးငယ်များကို အဆောင်ထားရန် ကျောင်းပို့ရန်အတွက် အတော်ပင် စဉ်းစားနေရကြောင်း၊ ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာကြောင်းလည်း တောင်ကြီးမြို့ခံ ကလေးမိဘများက ပြောဆိုလိုက်သည်။
“အခုခေတ်ကာလမှာ ကလေးတွေ ပညာရေးအတွက် ခက်ခဲနေတဲ့ကြား ကျောင်းဆရာက သက်ငယ်မုဒိမ်း ကျူးလွန်တဲ့ သတင်းကြားတော့ ကျမရဲ့သမီးအတွက် အတော်စိတ်ပူတယ်။ ကျောင်းဆရာဖြစ်ပြီး ကိုယ်ကျင့်တရား ဆောက်တည်မှု မရှိတာတော့ ခံပြင်းတယ်။ အဲ့လိုလူကို ပြစ်ဒဏ်ပေးဖို့ လိုအပ်တယ်” ဟု တောင်ကြီးမြို့မှ ကျောင်းသားမိဘ တစ်ဉီးက ပြောသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ တစ်ဝှမ်း၌ မုဒိမ်းမှုပေါင်း (၇၀၅) မှုရှိခဲ့ပြီး ထိုထဲတွင် သက်ငယ်မုဒိမ်းမှုပေါင်း (၄၄၅) မှုရှိခဲ့ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇွန်လအထိ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားမှု ဖြစ်ရပ်ပေါင်း (၄၉၂) မှုအထိ ရှိခဲ့ကြောင်းလည်း မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် (WLB) က ထုတ်ပြန်ထားသည်။
ထိုထဲတွင် မုဒိမ်းကျင့် သတ်ဖြတ်ခံရသူ ၁၃ ဦးအထိ ရှိကြောင်း မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် (WLB) ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အလျင်အမြန် မြင့်တက်လာခြင်းကြောင့် အရေးတကြီး တားဆီးရန် လိုအပ်နေကြောင်း ဗြိတိန်သံရုံးအကြီးအကဲ Ken O’Flaherty က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့တွင် ပြောကြားခဲ့သည်။
“လူတွေက စားဝတ်နေရေးအတွက်ရော၊ တခြားအတွက်ရော တအားကြီး ခက်ခဲလာတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ ခက်ထန် ကြမ်းတမ်းလာတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ များလာတော့ ဒီလို ကျောင်းတွင်း အိမ်တွင်း အကြမ်းဖက်မှုတွေလည်း ရှိလာတယ်” ဟု အထက်တန်းရှေ့နေ တစ်ဦးဖြစ်သူ နန်းဝါနု သျှမ်းသံတော်ဆင့်ကို ပြောသည်။
မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးယန္တရားများ၊ တရားစီရင်ရေးယန္တရားများ အစစအရာရာ ချို့ယွင်းနေချိန် အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများက ပိုတိုးလာနေကြောင်း ၎င်းက ရှင်းပြသည်။
အထူးသဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများသည် အကြမ်းဖက်ခံရမှုကို အကာအကွယ်ပြုနိုင်ရန် ခေတ်စနစ် ကောင်းခဲ့သည်ဆိုသည့် အရပ်သားအစိုးရလက်ထက်တွင်လည်း မျှော်မှန်းသလောက် မဖြစ်ခဲ့ဘဲ ယခုလို နိုင်ငံရေး မတည်ငြိမ်မှုများကြားတွင် တိမ်မြှုပ်နေဆဲ အကြမ်းဖက်မှုများ များစွာရှိနေကြောင်း နန်းဝါနုက ပြောဆိုသည်။
ထို့သို့ အကြမ်းဖက်မှု ကြုံရလျှင် “အိမ်တွင်းရေးကိစ္စ”ဟု ခံယူပြီး မတိုင်ကြားခြင်း၊ ပတ်ဝန်းကျင်က မကာကွယ်ပေးခြင်းတို့ကြောင့် စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။
ထို့အပြင် ထိရောက်စွာ အကာအကွယ်ပြုပေးနိုင်သည့် ဥပဒေ၊ ရိုးရှင်းစွာ တရားရင်ဆိုင်နိုင်မည့် ဥပဒေရေးရာ လမ်းကြောင်းများ နည်းပါးနေခြင်းကြောင့်လည်း ယခုလို အကြမ်းဖက်မှုများ တိမ်မြှုပ်နေရင်း တစ်ဖြည်းဖြည်း ကွယ်ပျောက်သွားရသည်။
“ဒီနောက်ပိုင်း ဘယ်လောက်များလာလဲဆိုတာ အတိုင်းအတာနဲ့တော့ မပြောတတ်ဘူး။ ဒါပေမယ့် ရွာတွေဘက်မှာတော့ တော်တော် ဖြစ်နေတယ်။ အဲ့လိုအမှုတွေကလည်း လူမသိ၊ သူမသိ ပြီးသွားတာ များတယ်။ မိန်းကလေးတွေအတွက်လည်း လုံခြုံမှု မရှိတော့ဘူး” ဟု တောင်ကြီးမြို့နယ် ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။
လက်ရှိ နိုင်ငံရေး မတည်မငြိမ် ဖြစ်နေသည့်ကာလတွင် စစ်မက်ဘေးဒုက္ခများ၏ ရိုက်ခတ်မှုနှင့်အတူ အလုပ်အကိုင် ရှားပါးမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် မူးယစ်ဆေးဝါး သုံးစွဲမှု စသည့် လူမှုစီးပွား အကြပ်အတည်းများသည် အမျိုးသမီးများ၏ ဘဝလုံခြုံမှုကို များစွာ ခြိမ်းခြောက်လျက်ရှိသည်။
“အခုနောက်ပိုင်း အွန်လိုင်းပေါ်မှာလည်း တချို့ပိုစ့်တွေမြင်ရင် အရမ်းစိတ်တိုဖို့ ကောင်းတယ်။ လူတစ်ယောက်ပြီး တစ်ယောက်နဲ့ အိပ်နိုင်တာက သူတို့ရဲ့ skill တဲ့။ တခြား မသိနားမလည်တဲ့ သူတွေပါ အဲ့ဒါတွေကို အတုလိုက်ယူနေကြတာ။ အဲ့အတွေးမျိုးတွေ ခေါင်းထဲ မှတ်လိုက်ရင်တော့ သွားပြီပဲ” ဟု တောင်ကြီးမြို့တွင် တက္ကသိုလ်တက်နေသည့် ကျောင်းသူတစ်ဦးက ပြောဆိုလိုက်သည်။
စိုင်းဟန်လင်းနှင့် စိုင်းဆိုင်အိုက် ပူးပေါင်းရေးသားသည်။












Leave a Comments