သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။
သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက ခရီးသည်များထံသို့ ချည်းကပ်ပြီး ဘဏ်အကောင့်အခမဲ့ ဖွင့်ပေးမည်ဆိုကာ မှတ်ပုံတင်များ ပုံရိုက်ယူကာ ဘဏ်အကောင့် ခိုးဖွင့်ခံရမှုများ ကြုံနေရသည်။
အဆိုပါ ပုံရိုက်ခံရသော အမျိုးသားတစ်ဦးသည် ဘဏ်အကောင့်သွားဖွင့်စဉ် သုံးစွဲသူရှိနေသောကြောင့် ပြန်လည် ဖွင့်လို့ မရတော့သည်နှင့် ကြုံခဲ့ရကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“အောင်ပန်း ကုန်သွားရောင်းရင်းနဲ့ ဘဏ်ဖွင့်ပေးမယ် ဖွင့်လို့ရမရ လုပ်ကြည့်ပေးမယ်ဆိုလို့ ကျနော်လည်း မှတ်ပုံတင် ပေးလိုက်တယ်၊ ကျနော်ရဲ့မျက်နှာလည်း ပုံရိုက်သွားတယ်၊ဖွင့်လို့ မရသေးဘူးလို့ ပြောသွားတယ်၊ ကျနော်လည်း တစ်ခါမှ ဘဏ်အကောင့်မဖွင့်ဖူးဘူး၊ ဟိုရက်က KPZ pay center မှာ အကောင့်ဖွင့်တာ ဖွင့်ပြီးသားလို့ ပြောတယ်။”ဟု အဆိုပါ အမျိုးသားတစ်ဦးက ပြောသည်။
ထို မှတ်ပုံတင်ဖြင့် ဘဏ်အကောင့်ခိုးဖွင့်ခံရသောကြောင့် ပြဿနာတစ်စုံတရာ ဖြစ်လာမည်ကို စိုးရိမ်ကြောင့် မည်သို့ ဖြေရှင်းရမည်ကို မသိရှိသေးကြောင်း ၎င်းအမျိုးသားက ပြောသည်။
ထို့အပြင် ရွာငံ-အောင်ပန်းသွားလမ်းဘက်တွင်လည်း စစ်ကော်မရှင်တပ် ယူနီဖောင်းဖြင့် ခရီးသွားများ၏ မှတ်ပုံတင်နှင့် ပုံများ ရိုက်ယူသွားကြောင်း ခရီးသွားများထံမှသိရသည်။
ဘဏ်အကောင့်များ ခိုးဖွင့်ခံထားရလျှင် နောက်ဆက်တွဲ အနေဖြင့် မိမိနာမည်ဖြင့် တရားမဝင် ချေးငွေရယူခြင်းများ၊ ငွေမဲများကို မိမိနာမည် ဘဏ်အကောင့်ဖြင့် ထုတ်ယူမှုများကြောင့် အရေးယူခံရသူမှာ မှတ်ပုံတင် ပိုင်ရှင်များသာ ဖြစ်သည်ဟု လူငယ်အမျိုးသားတစ်ဦးက အသိပေးထားသည်။
“ကျားဖြန့်တွေကို လိမ်နည်းမျိုးစုံနဲ့ကို လိမ်လည်နေကြတာ၊ ပြည်သူတွေ အသိသတိနဲ့ သွားလာကြဖို့ လိုတယ်၊ ကိုယ်ရေးကိုယ် အချက်လက်တွေကို မမျှဝေတာ ပုံရိုက်မခံတာ အကောင်းဆုံးပဲ၊ တစ်ခုခုဆို ကိုယ်ပဲ ခြိမ်းခြောက်ခံရမှာ တကယ်လို့ ဘဏ်အကောင့်ဖွင့်ပေးမယ် ပြောရင် သူတို့ရဲ့ အထောက်ထားတွေ သေချာတောင်းကြည့်သင့်တယ် အလွယ်မယုံကြည်သင့်ဘူး။”ဟု တောင်ကြီးမြို့ခံ လူငယ် အမျိုးသားတစ်ဦးက ပြောသည်။
ကျားဖြန့်အဖွဲ့ဝင်များသည့် ဘဏ်အကောင့်နှင့် မှတ်ပုံတင်များကို သိန်းရာချီပေး၍ လိုက်လံဝယ်ယူနေကြပြီး ကျားဖြန့်အကွက်ထဲသို့ မဝင်ရောက်မိရန် သတိထားဆင်ခြင် စေလိုသည်ဟု အဆိုပါ အမျိုးသားက ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေနေမတည်ငြိမ်မှုကြောင့် ခရီးသွားလျှင် မှတ်ပုံတင်များကို ကိုယ်နှင့်မကွာဆောင်ယူရသည်ကို အခွင့်ကောင်းယူ၍ လိမ်လည်ကာ မှတ်ပုံတင် ပုံရိုက်သူများရှိလာသည်။
ယခုလက်ရှိViber app နှင့်Telegram app သုံးစွဲသူများထံ “ပြောစရာတစ်ခုရှိလို့”ဟူသော စာသားများပို့ပေးကာ အွန်လိုင်းဂိမ်းဝက်ဆိုဒ်များ ကြော်ငြာခြင်း၊ ပေးထားသည့် လင့်ခ်များကို နှိပ်မိလျှင် မိမိအကောင့်များ ဟတ်ခံရနိုင်သောကြောင့် သတိထားကြရန် လိုအပ်သည်။













Leave a Comments